bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံ ပေးစာ (၉၈)

BL77KYgt_vTv3m9Rq49Ik-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှုးကြီးဥက္ကဌခင်ဗျာ

 

ကျမ်းဂန်တွေထဲမှာတော့ ဘုရားတစ်ဆူပွင့်တိုင်းမှာ လူ၊ နတ်၊ သတ္တဝါတွေ အင်္သေချေကျွတ်တန်းဝင်ကြသတဲ့။

 

မောင်စကတို့တော့ ဂင်္ဂါဝါဠုသဲစုမက ပွင့်ခဲ့တဲ့ ဘုရားအဆက်ဆက်မှာ ကျွတ်တန်းမဝင်ခဲ့တာကြောင့် အခုလို နေချင်စဖွယ်တိုင်းပြည်မှာ လူလာဖြစ်ရပါတယ်။ နည်းတဲ့ အကုသိုလ်လားပေါ့။

 

အဲဒီလို လူလာဖြစ်တဲ့အချိန်မှာပဲ စကျင်ကျောက်ကနေ ပွင့်တဲ့ ကမ္ဘာ့အကြီးဆုံး ဆိုလား ဘုရားပွင့်တာကို ဖူးခွင့်ကြုံရပြန်ပေါ့။

 

ဗိုလ်ချုပ်မှူးကြီးဥက္ကဌတို့ခေတ်မှာတော့ သတ္တဝါတွေ ကျွတ်တမ်းဝင်ဖို့ထက် ဘုရားတစ်ဆူပေါ်တဲ့အခါ ငွေစက္ကူတစ်မျိုးထွက်တယ်ဆိုတော့ မောင်စက သာဓုများတောင် ခေါ်မိပါတယ်။

 

ပွင့်တော်မမူခင်ကာလထဲက စစ်ဗိုလ်တွေ ခရိုနီ ခရိုနက် ခရိုပြာတွေရဲ့ ငွေတွေ ဝင်လာမစဲခဲ့တဲ့အပြင် ပွင့်လာတဲ့အခိုက်မှာလည်း ပိုက်ဆံထုတ်တဲ့ ဘုရားမို့လို့ မာရဝိဇယ အစား ATM ဆင်းတုတော်ကြီးလို့ ဘွဲ့ဆက်ကပ်မယ်ဆို ပိုပြီးသင့်တော်ပါလိမ့်မယ်။

 

အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုး ဂျက်မပါ ပိုကာ တက်မှ ဒေါင်း ဆိုသလို လက်က ကားယား ကားယားနဲ့ ဘုရားဒကာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌတစ်ယောက် ခေါင်းခဲနေရပြီပေါ့။

 

ကုသိုလ်တော်ဘုရားကို နမူနာယူကာမှ ကုသိုလ်တော်ဘုရား ဖြစ်မှန်းမသိ ဖြစ်နေပြီမဟုတ်လားခင်ဗျာ။

 

ဘုန်းကြီးအမှု သာဝန်ပတ်ရုံတင်မက ဘုရားအမှု ဂြိုလ်တုပတ် နေရပြီဆိုတော့ ကိုယ်တည်တဲ့ဘုရား တည့် မတည့်ကို မကြာမကြာထစစ်နေရတာနဲ့ အိပ်ရေးတွေပျက်ပြီး နိဗ္ဗာန်ကို ချက်ခြင်း မျက်မှောက် ပြုသွားပါဦးမယ်။

 

မူပိုင်ခွင့်မပေးရတိုင်း ဗိုလ်ချုပ်မှူးကြီးဥက္ကဌ Copy paste အလုပ်ကောင်းလို့ လွန်ခဲ့တဲ့ဆယ်နှစ်က ကမ္ဘာ့အမွေဖြစ်ခဲ့တဲ့ မန္တလေး ကုသိုလ်တော်ဘုရားက ကျောက်စာတွေကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပါပဲ။

 

ကမ္ဘာမှာ ငါ့ဘုရားသာလျှင် အကြီးမြတ်ဆုံးဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌ ဖြစ်တော့သကိုး။

 

မတော်လို့များ ငါ့ကျောက်စာတွေမညီတာ ညီနေတဲ့ဟာတွေရှိနေတာကြောင့်လို့ မျက်မာန်တော်ရှမှဖြင့် မင်းတုန်း ဘုရင်ရဲ့ ကျောက်စာတွေဟာလည်း လိုက်ကွေးပေးရတော့မယ်မဟုတ်လား။

 

အစိုးရအဖွဲ့ကို ပြင်လိုက် ဟိုဟာပြင်လိုက် ဒီဟာ ပြင်လိုက် ဥပဒေနဲ့မညီရင် ဥပဒေကို ပြင်လိုက် လုပ်တတ်တဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌပေမို့ ကုသိုလ်တော်က ကျောက်စာတွေလိုက်ကွေးဖို့လည်း မဖြစ်နိုင်စရာ မရှိပါဘူးလို့ ပြောရင်း စာကို အဆုံးသတ်လိုက်ပါတယ်။

 

ပြည်သူထောင်စုသမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

 

Burma Associated Press

မင်းအောင်လှိုင်
အာဏာသိမ်းမှု

Share With
bap-logo