bap-logo
Politics

ကုလ၏ စိုးရိမ်ကြောင်း ပြောဆိုပြီးနောက် တောင်ကိုးရီးယားက မြန်မာသို့ လက်နက်တင်ပို့မှု ပိတ်ပင်ထားဆဲဟုဆို

QuXTTbCIrmUohfyVnjvp1-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၁၀။

လက်နက်အရောင်းမြှင့်တင်သည့် အခမ်းအနားတစ်ခုသို့ မြန်မာစစ်တပ်က ခန့်အပ်ထားသော ကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့သော်လည်း မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

 

မြန်မာသံအမတ် သန့်စင်သည် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မေလက ကျင်းပသောအခမ်း အနားတစ်ခုသို့ တက်ရောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews က "အလွန်အမင်းစိုးရိမ်ကြောင်း” ဖော်ပြခဲ့ပြီး စစ်အာဏာပိုင်များကို တရားဝင်ရာရောက်စေကြောင်းနှင့် တောင်ကိုးရီးယား၏ ပိတ်ပင်မှုကို သံသယဖြစ်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။

 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံအစိုးရအများစုက ဗိုလ်ချုပ်များကို အဆက်အဆံဖြတ်တောက်ခဲ့ပြီး လက်နက်ရောင်းချမှုများ ရပ်တန့်ခဲ့သော်လည်း ရုရှားနှင့် တရုတ်အပါအဝင် အချို့နိုင်ငံများက အနီးကပ်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကြသည်။

 

ကျွန်ုပ်တို့၏ အစိုးရသည် မြန်မာနိုင်ငံနှင့် ပတ်သတ်၍ အကျပ်အတည်းဖြစ်ပေါ်ခဲ့သည်ကာလ မကြာမီမှာ ထုတ်ပြန် ကြေညာခဲ့သည့်အတိုင်း စစ်သုံးပစ္စည်းများ တင်ပို့မှု ပိတ်ပင်ခြင်းအပါအဝင် တန်ပြန်ဆောင်ရွက်မှုများ တင်းကျပ်စွာ အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၎င်းရပ်တည်ချက်အတိုင်း ပြောင်းမှုမရှိပါကြောင်း။ တောင်ကိုးရီးယားဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

 

Andrews က ဂျီနီဗာမှ တောင်ကိုးရီးယားသံတမန်အဖွဲ့ကို စာတစ်စောင်ပေးအပ်၍ သံတမန်အဖွဲ့ ၏ "အခမ်းအနားတွင် ပူးပေါင်းပါဝင်ခြင်းသည် တရားမဝင်၊ ရက်စက်ကြမ်းကြုပ်သော စစ်အာဏာရှင်ကို တရားဝင် အသိအမှတ်ပြုရာရောက်စေသည် ဟု ဖော်ပြထားသည်။

 

သန့်စင်ကို ဖိတ်ကြားခြင်းသည် တောင်ကိုးရီးယား၏ မြန်မာသို့ လက်နက်တင်ပို့မှုပိတ်ပင်ထားခြင်းအပေါ်  "သံသယများ တိုးပွားစေပြီး” စစ်အာဏာရှင်တို့၏ အရပ်သားများအပေါ် တိုက်ခိုက်မှုများအတွက် တာဝန်ယူမှုရှိရမည့်အစား ရောင်းချခွင့်ပေးရန် ရည်ရွယ်သည့် အဓိပ္ပါယ်သက်ရောက်နိုင်ကြောင်း Andrews က ဖော်ပြထားသည်။

 

တောင်ကိုးရီးယား၏ ဂျီနီဗာအခြေစိုက် သံတမန်အဖွဲ့က ဖိတ်ကြားမှုကို "ပုံမှန်လုပ်ဆောင်လေ့ရှိသည့်အလေ့ အထ အတိုင်းအာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာစစ်တပ်နှင့်ပတ်သတ်သည့် ၎င်းတို့၏ မူဝါဒနှင့် "လုံးဝမသက်ဆိုင်ကြောင်း” ပြီးခဲ့သည့်လတွင် ပြောကြားသည်။

 

အမေရိကန်၏ နီးကပ်သော မဟာမိတ် တောင်ကိုးရီးယားက ၂၀၁၉ ခုနှစ်က စတင်၍ မြန်မာနှင့် လက်နက်ရောင်းဝယ်မှု မပြုလုပ်ခဲ့သော်လည်း အဓိက ဖွံ့ဖြိုးမှုစီမံကိန်းများ လုပ်ဆောင်ခဲ့သည်။

 

Andrews တောင်ကိုးရီးယားသို့ နိုဝင်ဘာတွင် သွားရောက်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်အာဏာပိုင်တို့ကို ငြင်းပယ်သည့် ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန်နှင့် အကျပ်အတည်းကို နောက်ပြန်လှည့်စေရန် တောင်းဆိုတိုက်တွန်းခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ မတ်လ ၁၂ ရက် ၂၀၂၁ ခုနှစ် ဆိုးလ်မြို့ မြန်မာသံရုံးရှေ့တွင် တောင်ကိုးရီးယား ဗုဒ္ဓဘာသာရဟန်းများနှင့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြစဉ်။ (Photo: AFP)

 

Burma Associated Press

တောင်ကိုးရီးယား
မြန်မာ
လက်နက်

Share With
bap-logo