Article
ခါးသက်နာကျင်စွာသော
လွန်ခဲ့သော ၂ နှစ် က
“သမီးရဲ့ အဖြေက ပေါ့စတစ်ပါ”
ဆရာ၀န်က အင်္ဂလိပ် ဘာသာစကားနဲ့ပြောပြီး ဆေးစစ် ချက် စာရွက်ကို စားပွဲပေါ်ကနေ ကိုယ်ရှိတဲ့ ဘက်ကို လက် နဲ့ တွန်းပေးလိုက်တယ်။ အခန်းထဲမှာ နိုင်ငံခြားသား ဆရာ၀န်ရယ်၊ သူနာပြုရယ်၊ ကျွန်မရယ်ပဲ ရှိနေခဲ့တယ်။
သက်တမ်းဘယ်လောက်ရှိနေပြီလဲလို့ကျွန်မ တုန်တုန်ရီရီနဲ့ ဆရာဝန်ကို ပြန်မေးမိတယ်။ တစ်ကိုယ်လုံး ထူပူပြီး ခေါင်းတစ်ခုလုံးလည်း ရှုပ်ထွေးနေမိတယ်။
“ငါးပတ် နဲ့ နှစ်ရက်”
အမှန်တကယ်တော့ ဆေးရုံဆီ မလာမီ နေ့လယ်ပိုင်းက တည်းက ကျွန်မမှာ ကိုယ်၀န်ရှိနေပြီဆိုတဲ့ အဖြေကို သိခဲ့ပြီးသားပါ။ ဒါပေမယ့် ပိုသေချာသွားအောင် ဆေးရုံကိုလာပြီး စနစ်တကျ စစ်ဆေးမှု ခံခဲ့တာပါ။ ဆေးရုံးရဲ့ စစ် ဆေးမှုရ လဒ်အဖြေကလည်း ကျွန်မ မျှော်လင့်ထားသလိုဖြစ်လာခဲ့တယ်။
ဆရာ၀န်ကတော့ ကိုယ်၀န်ဆောင် ကာလမှာ ဖြစ်တတ်တဲ့ အကြောင်းအရာတွေကို သေချာ ရှင်းပြပြီး ဘာမေးချင်တာ ရှိသေးလဲလို့ ထပ်မေးတယ်။ ဒီနေရာမှာ ဆရာ၀န်ကို မေးမိတဲ့ မေးခွန်းအကြောင်း မပြောခင် ကျွန်မကိုယ် ကျွန် မ မိတ်ဆက်ချင်ပါတယ်။
၂၀၂၀ ခုနှစ်မတိုင်မီပေါ့။ ကျွန်မက ပညာအသင့်အတင့် တတ်မြောက်ပြီး လုပ်ခလစာ ကောင်းမွန်တဲ့ အသက်သုံး ဆယ်အရွယ် အမျိုးသမီးတစ်ယောက်ပါ။ ကျွန်မမှာ ထူးချွန်ထက်မြက်ပြီး လူချစ်လူခင် များတဲ့ ကျွန်မထက် အသက်အနည်းငယ်ကြီးတဲ့ ချစ်သူရှိပါတယ်။
အခြားသော သက်တူရွယ်တူ လူငယ်တွေလိုပဲ ကျွန်မတို့တွေ ပညာတွေရှာမှီးကြတယ်။ လုပ်ခလစာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ရရှိအောင် ကြိုးစားကြတယ်။ နေထိုင်စရာ အိမ်အပါအဝင် လူနေမှုအဆင့် အတန်း အသုံးအဆောင်ပစ္စည်းတွေ ပြည့်စုံဖူလုံစေဖို့ ငွေကြေးရှာဖွေ စုဆောင်းကြတယ်။
ခမ်းနားတဲ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ချစ်သူနဲ့အတူ ဆင်နွှဲပြီး ပြည်ပနိုင်ငံတစ်ခုဆီ ပျားရည်ဆမ်းခရီး ထွက်ကြဖို့ အိပ်မက်ခဲ့ကြတယ်။ သားသမီးတွေကို နိုင်ငံ တကာအဆင့်မီ ပညာတွေ သင်ပေးနိုင်တဲ့၊ လိုအပ်ချက် တွေဖြည့်ဆည်းပေးနိုင်တဲ့ မိဘနှစ်ပါးဖြစ်ဖို့ ရည်မှန်းခဲ့ကြတယ်။
ကံဆိုးစွာပဲ ကိုဗစ်ရောဂါကပ်ဆိုးကြီး မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ချိန် ကျွန်မတို့ရဲ့ အိပ်မက်တွေကို နောက် ဆုတ် ရွှေ့ဆိုင်းခဲ့ရတယ်။ နောက်တစ်နှစ်ပေါ့လို့ စိတ်ကူးဆုံးဖြတ်ခဲ့ပေမဲ့ အဲဒီနောက်တစ်နှစ်မှာ ကျွန်မတို့ရဲ့ စိတ်ကူး အစီအစဉ်ထဲ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ အာဏာသိမ်းခံရခြင်း အဖြစ်အပျက်ဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။
အာဏာသိမ်းခံရမှု ၊တိုင်းပြည်ဖျက်ဆီးခြေမွခံရမှု နောက် ဆက်တွဲအဖြစ် ကျွန်မတို့ရဲ့ ပုံမှန်လည်ပတ်နေမှု ဘဝဟာ တော်လှန်အံ့တုသူများအဖြစ် ပြောင်းလဲခဲ့ရတယ်။
လက်နက်နဲ့ အာဏာကို သုံးပြီး ရက်စက်ယုတ်မာမှုတွေ တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာတာနဲ့ အမျှ ခုခံကာ ကွယ်မှု၊ နာကျည်းတွန်းလှန်မှုဟာလည်း ကျွဲကူးရေပါဆိုသလိုဖြစ်လာခဲ့တယ်။ ကျွန်မအပါအဝင် ပြည်သူအား လုံး ရဲ့ ဘဝဟာ တကယ့်ကို ကသောင်းကနင်း ဖြစ်နေကြရတဲ့ နေ့စွဲတွေပါပဲ။
အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ရမ်းကားမှု အရှိန်မြင့်တက်လာတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု တွေကလည်း လက်နက်ကိုင် ခုခံစစ်ဆီ ပြောင်းလဲသွားခဲ့တယ်။ ကျွန်မချစ်သူလည်း ရာထူး၊ ပိုင်ဆိုင်မှု၊ ကျွန်မ နဲ့ သူ့ဘ၀ ကို အပြီး စွန့်လွှန်ပြီး တွန်းလှန်ခုခံခြင်း အသိုက်အ၀န်းဆီ ထွက်ခွာသွားခဲ့တယ်။
ဒီနိုင်ငံမှာ သေကွဲ၊ ဒါမှမဟုတ် ရှင်ကွဲ မခွဲရတဲ့ အိမ်က မုန် ညင်းစေ့ဆိုတာ ဘယ်တော့မှ မရနိုင်ဘူးဆိုတာ သေ ချာတဲ့ အထိကို ကျွန်မတို့ တစ်နိုင်ငံလုံး အိမ်နဲ့ဝေးကြ၊ အိမ်ကိုစွန့်ခွာပြေးကြရသူတွေ ဒုနဲ့ဒေး ရှိလာခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း အိမ်ကိုစွန့်ခွာပြေးရသူတစ်ယောက် ဖြစ်လာခဲ့တယ်။
ကံကောင်းတယ်ပဲ ပြောရမယ်ထင်တယ်။ အဆင်ပြေချောမွေ့စွာနဲ့ပဲ ရေခြားမြေခြား နိုင်ငံတစ်ခုဆီ ကျွန်မရောက် ခဲ့တယ်။ အဲဒီနေရာမှာ တော်လှန်ရေးအတွက် နိုင်ရာအားလုံး ကူရင်းထမ်းရင်း ထောက်ပို့ရင်း ‘ ငါတို့နိုင်မှာ’ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှင်သန်ခဲ့တယ်။
ကျွန်မနဲ့ ကျွန်မချစ်သူကြားမှာလည်း မင်္ဂလာပွဲဆိုတာဟာ မေ့ဖျောက်ထားမိတဲ့ အရာတွေထဲက တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်မတို့ ညတိုင်းလိုလို ဖုန်းတွေပြောဖြစ်ကြတယ်။ video callတွေ ခေါ်ဖြစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အရင်ကထက် ပိုချစ်လာကြတယ်လို့ ထင်ရပေမယ့် မမြင်နိုင်လောက်တဲ့ အကွာဝေးကြီးတစ်ခုက ကျွန်မ တို့ ကြားမှာ ကာရံတားဆီးနေခဲ့တယ်။ ရက်တွေ ၊ လတွေ ပိုမိုကြာရှည် လာခဲ့တယ်။
ဒီလိုရှည်ကြာလာတဲ့ ကာလတစ်ခုကနေ မိုင်ပေါင်းများစွာ အကွာအဝေးကို ကျွန်မက ကားစီး၊ သူက လည်း မြစ်တစ်စင်းကို ရင်တထိတ်ထိတ်နဲ့ ဖြတ်ကျော်ပြီး ကျွန်မနဲ့ ကျွန်မချစ်သူတို့ ရက်ပိုင်းလေး ပြန်လည်တွေ့ဆုံနိုင်တဲ့ အခိုက်အတန့်အခွင့်အရေးကို ကျွန်မတို့ရဖြစ်ခဲ့တယ်။ ဒီတွေ့မှုဟာ ကျွန်မတို့နှစ်ဦးလုံးအတွက် ၀မ်းနည်းစရာ ကောင်းသလို အခက်ခဲဆုံး တွေ့ကြရတဲ့ ဆုံတွေ့ခြင်း တစ်ခုပါပဲ။
အဲဒီခရီးစဉ် ပြန်လာခဲ့ပြီး သုံးပတ်လောက် အကြာမှာတော့ ကျွန်မခန္ဓာကိုယ်က မအီမသာ ဖြစ်သလိုခံစားလာရ တယ်။ ဓမ္မတာလာရမယ့်ရက်ထက် တစ်ရက်ပြီး တစ်ရက် နောက်ကျလာခဲ့တယ်။ စိုးရိမ်ပူပန်မှုနဲ့အတူ ဆီးစစ် ကြည့်တဲ့အခါ ကျွန်မမှာ ကိုယ်၀န်ရှိနေပြီဆိုတဲ့ အဖြေ ထွက်လာခဲ့တာ ဖြစ်တယ်။
ခက်ခဲကြမ်းတမ်းပြီး တစ်ယောက်တစ်နေရာစီ ဝေးနေကြရတဲ့ဘဝမို့ အတူဆုံတွေ့ချိန်အခိုက်အခန့် လိုအပ်တဲ့ အကာအကွယ်အတားအဆီးတွေ ကျွန်မတို့ သေချာလုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ကမ္ဘာပေါ်မှာ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းလောက်သာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကာအကွယ်သုံးပေမဲ့ ကိုယ်ဝန်ရတဲ့ လူသားတွေမှာပဲ ကျွန်မတို့ နှစ်ယောက် ပါဝင်ခဲ့ကြတယ်။ ရလဒ်အဖြေက ကျွန်မတို့ အတွက် ရုပ်ရှင်တွေထဲကလို ပျော်စရာကောင်းတဲ့ အဖြစ်မျိုး ဖြစ်မနေခဲ့ပါဘူး။
ကျွန်မ နာနာကျင်ကျင် ငိုကြွေးမိတယ်။ တကိုယ်လုံးမှာ ခံစားရတဲ့ နာကျင်ကြေမွ ပူလောင်နေမှုနဲ့ အဲဒီအခိုက် အ တန့်ဟာ အသက်ရှင်နေသရွေ့ အမြဲအမှတ်ရနေမယ့် စိတ်ဒဏ်ရာပါပဲ။ နှလုံးသားတွေ ပဲ့ကြွေသွား တဲ့အခါ အဲဒီလို ခံစားရတယ် ထင်တယ်။စိတ်ရှုပ်ထွေးမှုတွေကလည်း အများကြီးပဲ။
ကျွန်မတို့ လျှောက်လှမ်းနေကြတဲ့ ဖီဆန်အံတုမှုလမ်းကို သွေဖြည်ပြီး ပုံမှန်ဘ၀နဲ့ ကျွန်မတို့ ပြန်နေကြမလား။ ဒါက ကျွန်မချစ်သူအတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အကြောင်းတရားပါပဲ။ သတင်းတွေမှာ၊ အင်တာ ဗျူးတွေမှာ သူ့ယုံကြည်ချက် သူ့ စိတ်ပိုင်းဖြတ်မှုနဲ့ စစ်မိစ္ဆာကို သူစစ်ကြေညာ နှင့်ခဲ့ပြီးပြီ။ စစ်အာဏာရှင် ကလည်း သူ့ဆိုရင် အသေရရ၊ အရှင်ရရဖြစ်နေခဲ့ပြီ။
ဒီလိုဆို မိသားစုဘ၀ကို ရွေးချယ်ပြီး သူရှိရာ ဗုံးဆံတွေကြား ကိုယ်၀န်ဆောင် ဘ၀ကို ကျွန်မ ဖြတ်ကျော်နိုင်ပါ့ မလား။ ဗုံးကြဲလေယာဉ်သံတွေကြား တိတ်တိတ်လေး နေကိုနေရမယ့် အချိန်ကာလမှာ ကျွန်မရဲ့ ကလေးငိုသံ ထွက် ပေါ်မလာအောင် ကျွန်မချော့မြူထားနိုင်ပါ့မလား။ ချစ်သူ အနားမှာ မရှိဘဲ တစ်ယောက်တည်းသော မိခင်ဘ၀နဲ့ဆို ရင် ရော၊ ကျွန်မဖြတ်သန်းနိုင်ပါ့မလား။
ရေခြားမြေခြားမှာ ကျွန်မအတွက် လစဉ်ပုံမှန်၀င်ငွေရနေတဲ့ အလုပ်ကိုင်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိ။ တစ်ဖက်မှာ ကိုယ့်ရေကိုယ့်မြေမဟုတ်တဲ့ အရပ်ဒေသမှာ နေထိုင်ခွင့်ဆိုတာကလည်း အကန့်အသတ် အပိုင်းအခြားနှင့် ။ စိုးတထိတ်ထိတ်အခြေအနေနှင့်။
တကယ့်ကို ခရီးလမ်းက အရှည်ကြီးပါပဲ။
ကလေးရဲ့ အဖေ နေရာမှာ ကျွန်မချစ်သူ နာမည်ကို ဖြည့် စွက်လိုက်တာနဲ့ ကလေးအပေါ် သက်ရောက်လာနိုင်မယ့် နောက်ဆက်တွဲကိစ္စတွေနဲ့ လူသားတယောက်ရဲ့ အခွင့်အရေးဆုံးရှုံးရမှု ဖြစ်လာနိုင်ခြေတွေ။ ကလေးရဲ့ အနာ ဂတ်မှာ ထမ်းပိုးထားရမယ့် စိတ်ဒဏ်ရာတွေ။ ကျွန်မတို့နဲ့ ထပ်ကြပ်မကွာရှိရင်း ကျွန်မတို့ဆီကို ရောက်လာမယ့် စိုးရိမ်ထိတ်လန့်စရာတွေ၊ နာကျည်းမုန်းတီး စရာတွေ၊ သေနတ်သံတွေ၊ ဗုံးသံတွေ၊ မသေချာမရေရာတဲ့ ရွှေ့ပြောင်းပုန်းခို ရမှုတွေကို နေ့စဥ်ဘဝမှာ သူ ထပ်တူမြင်နေရ၊ ကြားနေရတော့မယ့် ကလေးလေး။
တွေးကြည့်ရင် ခရီးက တကယ့်ကို ကြမ်းတမ်းခက်ထန်တဲ့ ရှည်လျားခြင်းပါပဲ။
ဇာတ်လမ်းအစက ဆရာ၀န်ရဲ့ စမ်းသပ်ခန်းကို ပြန်သွားရရင် မေးချင်တာ၊ သိချင်တာ ဘာများ ရှိသေးလဲလို့ မေးလာတဲ့ ဆရာဝန်ကို ကျွန်မ ပြန်မေးမိပါတယ်။ အဲဒါက ကျွန်မရဲ့ ငြင်းဆန်မှုပြီးမြောက်ဖို့ ကူညီပေးနိုင်မလား ဆိုတာပါပဲ။
ဆေးရုံကို မလာမီ နာရီပိုင်းအလိုမှာ ကျွန်မ အင်တာနက်ကနေ သုတေသန နည်းနည်း ရှာဖတ်ဖြစ်ခဲ့တယ်။ မိခင်က ကလေးကို ငြင်းဆန်လိုက်တာကို ဥပဒေကြောင်းအရ ပြစ်မှုမမြောက်တော့ဘူးလို့ ပြဌာန်းထား တာကို ကျွန်မရှာ တွေ့ခဲ့တယ်။
ကျွန်မချစ်သူက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ တော်လှန်ပုန်ကန်သူ၊ ကျွန်မကနိုင်ငံကို စွန့်ခွာထွက် ပြေးနေရသူ။ ဒီတော့ ကျွန်မ ငြင်းဆန်လိုက်တာဟာ ဒီကလေးလေးရဲ့ ဘ၀အတွက် အကောင်းဆုံးသော အဖြေလို့ ကျွန်မယူဆမိတယ်။
ဆရာ၀န်ကတော့ ကျင့်၀တ်အရ ကျွန်မရဲ့ မေးခွန်းကို “မဖြစ်နိုင်ပါဘူး။ သူလည်း စိတ်မကောင်းပါဘူး” လို့ ပြန်ဖြေ ပါတယ်။
ရင်းနှီးတဲ့ မိတ်တွေ အမျိုးသမီးတွေဆီ ဒီကိစ္စကို တိုင်ပင်ကြည့်တဲ့အခါမှာလည်း အိမ်ထောင်သည် တွေမှာတောင် ကျွန်မလို ကြုံကြရတဲ့အခါမှာ ခေတ်စနစ်ရဲ့ အခြေအနေနဲ့ အနာဂတ်ရဲ့ မရေရာမှုတွေ ကြောင့် ကလေးယူဖို့ စိုးရွံ နေကြရတာကို အများစုက မျှဝေကြပါတယ်။
ကျွန်မ ဖွင့်ပြောမိတဲ့ တချို့သော မိတ်ဆွေတွေမှာလည်း ကျွန်မတို့ မသိလိုက်ရပေမဲ့ ကျွန်မလိုပဲ ဆုံးဖြတ်ခဲ့ရတာတွေ၊ လက်လွှတ်အဆုံးရှုံးခံလိုက်ရသူတွေ ပါ၀င်နေခဲ့တာ ပြန်ကြားသိခဲ့ရတယ်။ ဒီလို ဆုံးဖြတ်ချက်ဆိုးတွေကို ဖြတ်ကျော်နေရတာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘဲ ကျွန်မတို့လို ရုန်းကန်နေကြရတဲ့ အမျိုးသမီး အများစုပဲဆိုတာသိခဲ့ရတယ်။
နောက်ဆုံးတော့ မလွှဲသာတဲ့အဆုံး “My body, My Choice” လို့ ရေးထားတဲ့ အမျိုးသမီးတွေကို ကူညီစောင့် ရှောက်နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ဆေးခန်းကို ကျွန်မသွားခဲ့တယ်။
မိဘဘ၀ကို ရွေးချယ်တဲ့အခါ သာယာပျော်ရွှင်စရာကောင်းတဲ့ အနာဂတ်ကိုပဲ ကျွန်မတို့ရဲ့ ရင်သွေးတွေကို ပေးချင်တယ်။ ပြီးပြည့်စုံတဲ့ လူမှုဘ၀နဲ့ လူ့အသိုက်၀န်း တစ်ခုကိုပဲ ကျွန်မတို့ရဲ့ ကလေးတွေကို ပေးချင်တယ်။ ဒီလို စိတ်ဆန္ဒတွေကြောင့်လည်း ဆုံးရှုံးသွားရတဲ့ ခေတ်စနစ်တစ်ခုကို ပြန်ရယူဖို့ ကျွန်မတို့တတွေ ကြိုးစားနေခဲ့ကြတာ ဖြစ်တယ်။
အာဏာရှင် လူ့မိစ္ဆာတွေကို တစ်နေ့နေ့ ကျွန်မတို့ အပြီးသတ် အမြစ်ဖြတ် အဆုံးသတ်နိုင်မှာပါ။ နေခြည်ဖြာသလို လှပတဲ့ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ ခေတ်စနစ် တစ်ခုလည်း ပေါ်ထွန်းကောင်း ပေါ်ထွန်းလာမှာပါ။
နောက်မျိုးဆက်အတွက် ၊ ဒီမိုကရေစီနဲ့တန်းတူညီမျှတဲ့ ခေတ်စနစ်တစ်ခုအတွက် မျိုးဆက်တွေဟာ ရင်းနှီးပေး ဆပ်နေကြတာပါ။ အရာအားလုံးကို အဆုံးရှုံးခံ၊ အသက်ကို လောင်းကြေးထပ်ပြီး ခုခံတိုက်ပွဲကို ဆင်နွှဲ နေကြတာပါ။
ခေတ်ဆိုး စနစ်ဆိုးအောက်မှာ စီစဉ်ထင်မှတ်မထားစွာဘဲ မျိုးဆက်ဟာ ကျွန်မတို့ဆီ စောစီးစွာ ရောက်လာပြီး နိုင်ငံရဲ့ အစစ်အမှန်ဖြစ်တည်ထည်ဝါမှုက အရောက်နောက်ကျနေခဲ့တဲ့အခါ ရွေးချယ်ရမှု ဟာ ခါးသက် နာကျင်စွာသော နှလုံးကွဲကြေရခြင်းပါပဲ။ ကိုယ်ပိုင်ရွေးချယ်မှု မဟုတ်ခဲ့တဲ့ ခေတ်ဆိုး၊ စနစ်ဆိုးရဲ့ ရွေးချယ်မှု ဖြစ်ခဲ့ခြင်းပါပဲ။