Politics
ကမ္ဘောဒီးယား အတိုက်အခံ အမတ်ဟောင်း ဘန်ကောက်တွင် ပစ်ခတ်ခံရပြီး သေဆုံးဟု ထိုင်းသတင်းများ ဖော်ပြ
လွန်ခဲ့သော တစ်ရက် က
BAP၊ ဘာသာပြန်။
ဘန်ကောက်မြို့တွင် ကမ္ဘောဒီးယား အတိုက်အခံ အမတ်ဟောင်း ပြင်သစ်နိုင်ငံသားခံယူထားသူလည်း ဖြစ်သူကို မော်တော်ဆိုင်ကယ်ပေါ်မှ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ထိုင်းမီဒီယာများက တင်ပြထားသည်။
“Lim Kimya သည် နေရာတွင်ပင် သေဆုံးခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲဌာနမှ လိုက်လံရှာဖွေနေသည်။” ဟု Bangkok Post က တင်ပြခဲ့သည်။
ကွယ်လွန်သူသည် ကမ္ဘောဒီးယား-ပြင်သစ် နိုင်ငံနှစ်ခု၏ နိုင်ငံသားအဖြစ် ခံယူထားသူဟုလည်း ဖော်ပြထားသည်။
ထိုင်းရဲတပ်ဖွဲ့က ကမ္ဘောဒီးယားလူမျိုးတစ်ဦးသေဆုံးသည်ကို AFP သို့ အတည်ပြုသော်လည်း Lim Kimya ဟု ဖော်ပြခြင်း မရှိခဲ့ပေ။ "ကျွန်တော်တို့ လက်ရှိမှာ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ နောက်ပိုင်းမှ အချက်အလက်တွေ ထပ်ပေးပါမယ်။” ဟု ပြောသည်။
Lim Kimya သည် ၎င်း၏ ပြင်သစ်လူမျိုး ဇနီး၊ ကမ္ဘောဒီးယားလူမျိုး ဦးလေးတို့နှင့် ကမ္ဘောဒီးယားမြို့တော် ဆီရမ်ရိမှ ထိုင်းနိုင်ငံမြို့တော်သို့ ဘတ်စ်ကားဖြင့် ရောက်ရှိလာစဉ် မော်တော်ဆိုင်ကယ်ပေါ်မှ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာ အများအပြားက တင်ပြကြသည်။
ဘန်ကောက်မြို့ရှိ လူသိများသော ခေါက်ဆန်လမ်းအနီး အခင်းဖြစ်ရာနေရာတွင် AFP ဓာတ်ပုံသတင်းထောက်က သွေးများ တွေ့မြင်ခဲ့ရသည်။
“ဘန်ကောက်မြို့ရဲ့ လမ်းပေါ်မှာ CNRP အမတ်ဟောင်းတစ်ယောက်ကို ပြောင်ပြောင်တင်းတင်း ပစ်ခတ်ခြင်းဟာ နိုင်ငံရေးလုပ်ကြံမှုရဲ့ အမှတ်လက္ခဏာတွေ အားလုံး ပါဝင်နေပါတယ်။ နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုကို လုပ်ကိုင်အသုံးပြုမှု သိသိသာသာ မြင့်တက်လာနေတယ်လို့ ထင်မြင်ရပါတယ်။” ဟု Asia Human Rights Labour Advocates မှ ညွှန်ကြားရေးမှူး Phil Robertson က ပြောသည်။
“ပြင်သစ်အစိုးရက သူတို့ရဲ့ နိုင်ငံသား Lim Kimya အတွက် တရားမျှတမှု ရဖို့ ပြင်းပြင်းထန်ထန် ရှာဖွေလုပ်ဆောင်ရပါမယ်။ ဒီလုပ်ကြံမှုကို စုံစမ်းစစ်ဆေးရာမှာ ဘယ်ကို ဦးတည်သည်ဖြစ်စေ ထိထိရောက်ရောက်၊ စေ့စေ့စပ်စပ် စစ်ဆေးဖို့ ထိုင်းနိုင်ငံအစိုးရကို ဖိအားပေးရာမှာ ဖြစ်နိုင်သမျှ အားထုတ်ကြိုးပမ်းသွားရပါမယ်။”
- အတိုက်အခံများကို ဖြိုခွင်းခြင်း
Lim Kimya သည် ၂၀၁၃ ခုနှစ် အထွေထွေ ရွေးကောက် ပွဲပြီးနောက် ကမ္ဘောဒီးယားလွှတ်တော်၏ အတိုက်အခံ အမတ်တစ်ဦးအဖြစ် ရွေးကောက်ခံခဲ့ရသည်။
ခေါင်းဆောင်ဟောင်း ဟွန်ဆန်လက်အောက်ရှိ အာဏာရပါတီသည် ထိုအချိန်က ပြိုင်ဘက် Cambodia National Rescue Party (CNRP) ကို ရှုံးနိမ့်လုနီးပါးဖြစ်ခဲ့ရသည်။
CNRP ကို အတိုက်အခံခေါင်းဆောင်များဖြစ်သော Sam Rainsy နှင့် Kem Sokha တို့က ၂၀၁၂ တွင် တည်ထောင်ခဲ့ပြီး အာဏာရ Cambodian People's Party အတွက် တစ်ခုတည်းသော အလားအလာရှိသည့် ပြိုင်ဘက်အဖြစ် ယူဆခဲ့ကြပြီး ၂၀၁၇ ခုနှစ်တွင် တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခဲ့ရသည်။
Lim Kimya အပါအဝင် အတိုက်အခံ နိုင်ငံရေးသမား၊ လွှတ်တော်အမတ် အများအပြားမှာ ပါတီဖျက်သိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုများမှ ကန့်သတ်ပိတ်ဆို့ခံခဲ့ရသည်။
ဆယ်စုနှစ် လေးခုနီးပါး အုပ်ချုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အကြီးဆုံးသားဖြစ်သူ ဟွန်မနေ့ကို အာဏာလက်လွှဲခဲ့သည့် ဟွန်ဆန်အား တရားရေးစနစ်ကို အသုံးပြု၍ ၎င်း၏ အုပ်စိုးမှုအား အတိုက်အခံလုပ်သူမှန်သမျှကို ချေမှုန်းသည်ဟု အခွင့်အရေးလှုပ်ရှားသူ အဖွဲ့များက စွပ်စွဲခဲ့ကြသည်။
၎င်းအာဏာရယူထားစဉ်အတွင်း အတိုက်အခံ နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူအများအပြား အပြစ်ပေးအရေးယူ၊ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ အတိုက်အခံပြုသူများကို အတင်းအကျပ် ထွက်ပြေးစေခဲ့ပြီး လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ကန့်သတ်ချုပ်ချယ်ခံခဲ့ရသည်။
Kem Sokha ကို ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၎င်းက အကြိမ်ကြိမ် ငြင်းဆိုခဲ့သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပြီးနောက် ချက်ချင်း နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။
Sam Rainsy သည် ပြင်သစ်တွင် အဝေးရောက်အဖြစ် နေထိုင်နေသည်။
ပြင်သစ်နိုင်ငံသားအဖြစ် ခံယူထားသော်လည်း Lim Kimya သည် Kem Sokha ဖမ်းဆီးခံရပြီးနောက် အမတ် ဒါဇင်ပေါင်းများစွာကဲ့သို့ နိုင်ငံခြားသို့ ထွက်ပြေးခြင်း မပြုခဲ့ပေ။
ဖနွမ်းပင်တွင် Lim Kimya ရှိခဲ့စဉ်က "ကျွန်တော် နိုင်ငံရေးကို ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး။” ဟု AFP ကို ပြောခဲ့သည်။
ဩဇာကျန်ရှိနေသေးသည့် ဟွန်ဆန်က ၎င်း၏ သားဖြစ်သူ ဟွန်မနေ့၏ အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသူမှန်သမျှ “အကြမ်းဖက်သမားများ” ဟု သတ်မှတ်နိုင်မည့် ဥပဒေသစ်တစ်ရပ် ပြဌာန်းရန် တောင်းဆိုသည့် နေ့တွင်ပင် Lim Kimya ကို ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
ကိုးကား - AFP
ပုံစာ - ၂၀၁၇ ခုနှစ်တွင် တွေ့မြင်ရသည့် ကမ္ဘောဒီးယားအတိုက်အခံ အမတ်ဟောင်း Lim Kimya။ PHOTO: TANG CHHIN Sothy/AFP/AFP