bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ-၁၀၀

Mk9ui16xXjTQZHV66edy5-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ

 

အိမ်စောင့်အစိုးရဆိုတဲ့အဖွဲ့ကြီးလက်ထက်မှာ အင်မတန်မှကို မီးခိုးနံ့ထွက်တဲ့ တိုင်းပြည်ကို အလည်အပတ် မကြာခဏ လာရောက်တာဆိုလို့ ကမ္ဘာရပ်ရပ်နဲ့ စကြဝဠာအန္တနက နဂါးတွေပဲရှိမယ်ထင်ပါရဲ့။

 

နဂါးတို့လာရာလမ်းမှာ နဂါးဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်က ငမူးတွေ ရစ်တာလည်းမခံရ၊ လက်ဖက်ရည် ဖိုးဆိုပြီးလည်း ပေးဖို့မလိုတာကြောင့်လည်း ဆိုက်ရောက်ဗီဇာနဲ့ မကြာမကြာ လာကြတယ် ထင်ပါတယ်။

 

သို့သော်လည်း မြန်မာပြည်ကိုလာတဲ့နေရာမှာ နဂါးအဖိုတွေဟာ နဂါးမတွေထက် နိုင်ငံကူးလက်မှတ်ရဖို့ လွယ်ကူပုံပါပဲ။ လာသမျှ နဂါးတွေဟာ အမျိုးသမီးတွေဆီမှာပဲ ဝင်တည်းနေတာကိုကြည့်ပြီး လာသမျှ နဂါးဟာ အဖိုတွေဖြစ်ရမယ်လို့ ကျနော် မောင်စက မဖြစ်ညစ်ကျယ်နဲ့ ကောက်ချက်ချ ကြည့်တာပါ။ လိင်စိတ်ကွဲပြားတဲ့ နဂါးတွေ ပါလာခဲ့ရင်လည်း ဝန္ဒာမိပေါ့ခင်ဗျာ။

 

မြန်မာပြည်ကို နဂါးတွေ မျက်စိကျပြီးမကြာမကြာလာလည်ကြတာက ဟိုအန်တီကြီးတစ်ယောက် ဟိုတယ်ခရီးကို ရောက်သွားလို့ထင်ရဲ့။ ဗဲဒီး ဂွတ်တမောနင်း မင်္ဂလာပါပေါ့။

 

တပြည်လုံး သွားချင်သလို စုန်ဆန်သွားနေတဲ့ နဂါးတွေလည်း မာရဝိဇယ ကျောက်တုံးကိုယ်တော်ကြီးနဲ့ တွေ့ရင်တော့ ဝင်ကြေး ပေးနိုင်မှ ဝင်လို့ရမယ့်သဘောရှိပါတယ်။

 

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌလောက် စီးပွားရေးအမြင်ရှိမယ်ဆိုရင် လက်ဝဲ လက်ယာရံ ကိုယ်တော်တွေကို ဦးစီးခိုင်းပြီး ဘုရားဆီလာတဲ့ တရားနာပရိတ်တွေဆီက အခွန်အသပြာတွေ ကောက်မယ်ထင်ပါရဲ့။

 

တတိုင်းပြည်လုံးကို နေ့စဉ် နေ့စဉ် ဘုရား ဘုရား ဆိုပြီး ဘုရားတနေရအောင် စောင်မကြည့်ရှုထားတဲ့ ဘုရားဒကာကြီးလက်ထက်မှာ ပိုက်ဆံပေးပြီးမှရတဲ့ ကုသိုလ်ဆိုတော့လည်း နည်းတဲ့ အကုသိုလ်လားပေါ့ခင်ဗျာ။

 

ပိုက်ဆံဆိုလို့ ကျနော် မောင်စကတော့ ဒီရက်ပိုင်း ငွေယားလေးရှိလာရင် တခြားဘယ်မှာမသွားတော့ဘဲ သတင်းစာထဲပတ်ပြီး ဈေးဝယ်နေလိုက်တာပဲ။ သတင်းစာတွေထဲက ကုန်ဈေးနှုန်းဟာ စိတ်ချမ်းသာစရာတွေ ချည်းပဲ မဟုတ်လားလို့ပြောရင်းစာကို အဆုံးသတ်လိုက်ပါတယ်။

 

ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

 

Burma Associated Press

အာဏာသိမ်းမှု
စစ်ကောင်စီ

Share With
bap-logo