Articles
၂၀၁၀ ခုနှစ်က စစ်မှုထမ်းဥပဒေကို ယခုအချိန်မှ အသက်သွင်းရခြင်း အကြောင်းရင်း
လွန်ခဲ့သော ၉ လ က
လွန်ခဲ့သည့် ၁၄ နှစ်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်သည့် မြန်မာစစ်အာဏာရှင်တို့၏ ဆုံးဖြတ်ချက်သည် နိုင်ငံမှ လူငယ်များကို "ရူးသွပ်စွာ ဖြေရှင်းရန် ကြေငြာခြင်း"ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး မရည်ရွယ်သည့် အကျိုးဆက်များ ကြုံတွေ့ရဖွယ်ရှိသည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။
စစ်ကောင်စီက ကြေငြာချက်ကို နိုင်ငံပိုင်မီဒီယာမှ စနေနေ့တွင် ကြေငြာခြင်းဖြစ်သည်။
နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးအတွက် တာဝန်ကို စစ်သားများသာမက နိုင်ငံသားအားလုံးထံသို့ တိုးချဲ့သတ်မှတ်လိုက်ပါတယ်
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားအားလုံး၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးအားလုံး နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကာ အသက် ၄၅ အထိ ဆရာဝန်များကဲ့သို့သော ပညာရှင်များမှာ သုံးနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
၎င်းတာဝန်ထမ်းဆောင်မှုမှာ နိုင်ငံတော်အရေးပေါ်အခြေအနေတွင် စုစုပေါင်း ငါးနှစ်အထိ တိုးချဲ့တာဝန်ထမ်းဆောင်ရနိုင်သည်။
“နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးအတွက် တာဝန်ကို စစ်သားများသာမက နိုင်ငံသားအားလုံးထံသို့ တိုးချဲ့သတ်မှတ်လိုက်ပါတယ်။” ဟု စစ်အုပ်ချုပ်ရေး ပြောခွင့်ရ ဇော်မင်းထွန်းက ပြောသည်။
“အဲဒီတော့ ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်နာဖို့ အားလုံးကို ပြောလိုပါတယ်။”
လိုက်နာရန် ပျက်ကွက်သူများကို ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
‘အတင်းအကျပ်လုပ်လာရင်တော့ ပြေးမှာပဲ။’
စစ်တပ်တွင် တာဝန်ထမ်းဆောင်မည့်အစား မြန်မာမှ ထွက်ခွာသွားမည်ဟု ရန်ကုန်မြို့မှ အသက် ၃၁ နှစ်အရွယ်ရှိ ဆရာဝန်တစ်ဦးက Reuters ကို ပြောသည်။
“ကျွန်တော် တိုင်းပြည်မှာ ဆက်မနေနိုင်တော့ဘူး။ သူတို့က အချိန်မရွေး လာခေါ်နိုင်တယ်လေ။” ဟု ၎င်းက ပြောသည်။
“အတင်းအကျပ်လုပ်လာရင်တော့ ကျွန်တော် ပြေးမှာပဲ။ ကျွန်တော့်ဘဝကို သူတို့အတွက် စတေးဖို့ ဘာအကြောင်းမှ မရှိဘူး။” ဟု လုံခြုံရေးအရ အမည်မဖော်သည့် ၎င်းဆရာဝန်က ပြောသည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးကလည်း စစ်အာဏာရှင်ဘက်မှ သူမကို "ကျွမ်းကျင်သူ” အဖြစ် သတ်မှတ်ပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းမည်ကိုစိုးရိမ်နေသည်။
“သူတို့အတွက် တာဝန်ထမ်းဆောင်ရမယ့်အစား နိုင်ငံက ပြေးရင် ပြေးမယ်။ ဒါမှမဟုတ် တော်လှန်ရေးအဖွဲ့တွေနဲ့ သွားပေါင်းမယ်။” ဟု အမည်မဖော်ဘဲ သူမက ပြောသည်။
‘ခြိမ်းခြောက်မှုကြောင့် ခံစစ်ကစားနေရသည့်’ စစ်အာဏာရှင်
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည်ဖရိုဖရဲဖြစ်နေခဲ့သည်။ တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်အဖွဲ့များနှင့် ဒီမိုကရေစီလိုလားသည့် တိုက်ခိုက်ရေးသမားများ မဟာမိတ်ဖွဲ့ထားသည့် ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ကာ နယ်မြေများ သိမ်းပိုက်ခဲ့သည်။
ထိုအချိန်မှစ၍ နိုင်ငံအခြားဒေသများတွင်ပါ စစ်တပ်သည် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားသော စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ၏ ထိုးနှက်မှုများ ကြောင့် ရှုံးနိမ့်မှုများ ဆက်တိုက်ခံစားခဲ့ရသည်။
စစ်တပ်သည် နိုင်ငံနေရာအနှံ့အပြားတွင် "ခြိမ်းခြောက်မှုကြောင့် ခံစစ်ကစားနေရသည်
စစ်တပ်အတွက် ၁၉၆၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်။
Crisis Group ၏ နိုင်ငံရေးလေ့လာဆန်းစစ်သူနှင့် မြန်မာ အကြံပေးဖြစ်သူ Richard Horsey က စစ်တပ်သည် နိုင်ငံနေရာအနှံ့အပြားတွင် "ခြိမ်းခြောက်မှုကြောင့် ခံစစ်ကစားနေရသည်။"ဟု ပြောသည်။
“စစ်တပ်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ရှမ်းပြည်နယ်မှာ သမိုင်းဝင် ရှုံးနိမ့်မှုကို ခံစားခဲ့ရတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာလည်း အလားတူ ဆုံးရှုံးမှုတွေ ဖြစ်လာနေတယ်။” ဟု ၎င်းက ပြောသည်။
စစ်တပ်အရာရှိများအကြား စိတ်ဓာတ်ရေးရာ နိမ့်ကျနေကြောင်း၊ တပ်ဖွဲ့များမှာ အလွန်အမင်း ဖြန့်ကျက်ထားရကြောင်း၊ ၎င်းတို့သည် အရှိန်ရနေသည့် ဆုံဖြတ်ချက်ထားသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။
စစ်အုပ်ချုပ်ရေးဘက်မှ တပ်ဖွဲ့အများအပြား ရှိနေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ ယုတ်လျော့သွားပြီဖြစ်သည်။
“စစ်တပ်မှာ စစ်သားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အများအပြားကို အရေးကြီးနေရာနဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ ပုံသေတပ်စွဲထားဖို့ လိုအပ်ပါတယ်။” ဟု ၎င်းက ပြောသည်။
“စစ်တပ်မှာ အားနည်းနေတာက လုံလောက်တဲ့ အတွေ့အကြုံ၊ တိုက်ခိုက်ခံရတဲ့အခါ လိုအပ်တဲ့ တပ်ကူပေးဖို့၊ ဒါမှမဟုတ် တန်ပြန်ထိုးစစ်လုပ်ဖို့ လျင်လျင်မြန်မြန် ပြောင်းရွှေ့နိုင်တဲ့ ရွေ့လျားတပ်ဖွဲ့တွေ ဖြစ်ပါတယ်။”
အဘယ်ကြောင့် ၁၄ နှစ်အကြာက ဥပဒေကို ယခုအချိန်တွင်မှ အသက်သွင်းရသနည်း။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ်တွင် ပြဌာန်းခဲ့သော်လည်း အသက်မဝင်ခဲ့ပေ။
တရားမဝင် စစ်အာဏာရှင်ကို အခြေခံကျကျ ကျားကန်ပေးဖို့ ဆန္ဒအလျောက် စာရင်းပေးသူတွေ အရှည်ကြီး တန်းစီနေကြမှာ မဟုတ်ဘူး။ ဒီတော့ ကံဆိုးတဲ့သူတွေကို အခြားအဆင့်တွေမှာ စစ်မှုမထမ်းမနေရနည်းနဲ့ ဖြေရှင်းဖို့ ရှိပါတယ်
လွတ်လပ်သော မြန်မာ့အရေးလေ့လာဆန်းစစ်သူ David Mathieson က မြန်မာစစ်အာဏာရှင်အနေဖြင့် အင်အားလျော့နည်းနေပြီဖြစ်ကြောင်း ရှင်းလင်းသည့်အထောက်အထားဖြစ်သည်ဟု ပြောသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ 'အသွင်ကူးပြောင်းရေး' လို့ ပြောကြတဲ့အချိန်မှာ စစ်တပ်ရဲ့ အာမခံချက်မူဝါဒတွေထဲက တစ်ခုအနေနဲ့ ထုတ်ပြန်ထားတာပဲ” ဟု နိုင်ငံ၏ တစိတ်တပိုင်း ယာယီဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ရည်ညွှန်း၍ ၎င်းက ပြောသည်။
“ဒါပေမယ့် အဲဒါက ပဋိပက္ခကြောင့် ဒဏ်ရာရသေဆုံးသွားသူတွေနေရာမှာ အရာရှိတွေနဲ့ အခြားအဆင့်တွေ ပြန်လည်ဖြည့်တင်းဖို့ အဆင့်ရောက်တဲ့အထိ လိုအပ်ခဲ့တာတော့ မဟုတ်ပါဘူး။
စစ်အာဏာရှင်ဟာ သူတို့ အဆုံးသတ်ဖို့ နီးကပ်လာပြီဆိုတာ သိလာပြီး သူတို့ရဲ့ အခြေစိုက်ရာ စစ်တပ်အပါအဝင် အများထောက်ခံမှုလည်း ကျဆင်းနေတယ်။ ပိုပြီးကျယ်ပြန့်တဲ့ မြန်မာလူထုကတော့ အာဏာသိမ်းပြီးချိန်၊ အရပ်သားတွေကို အပြင်းအထန် ရက်ရက်စက်စက် ဖြိုခွင်းကတည်းက စက်ဆုပ်ရွံရှာနေခဲ့ကြပါပြီ။
တရားမဝင် စစ်အာဏာရှင်ကို အခြေခံကျကျ ကျားကန်ပေးဖို့ ဆန္ဒအလျောက် စာရင်းပေးသူတွေ အရှည်ကြီး တန်းစီနေကြမှာ မဟုတ်ဘူး။ ဒီတော့ ကံဆိုးတဲ့သူတွေကို အခြားအဆင့်တွေမှာ စစ်မှုမထမ်းမနေရနည်းနဲ့ ဖြေရှင်းဖို့ ရှိပါတယ်။”
Mr Horsey က စစ်တပ်သည် ယခုအခါ တိုက်ပွဲတွင်း ထိခိုက်သေဆုံးမှုနှုန်းထား တဖြည်းဖြည်းချင်း မြင့်တက်လာနေပြီး တချိန်တည်းတွင်ပင် တပ်ဖွဲ့ဝင်စုဆောင်းမှုလည်း ခက်ခဲနေချိန်ဖြစ်သည်ဟု ပြောသည်။
“လူအများစုက စစ်အာဏာရှင်အတွက် တိုက်ပေးချင်တာ မဟုတ်ဘူး။ ရှုံးနေတဲ့အချိန် ပိုဆိုးတာပေါ့။” ဟု ၎င်းက ပြောသည်။
ယခင်ကပင် အတင်းအကျပ် တပ်ဖွဲ့ဝင်စုဆောင်မှုများ ရှိခဲ့ပြီး ၎င်းမှာ လိုရာဆွဲသုံးရန်ဖြစ်ပြီး တရားဝင်ခြင်း မရှိပေ။
“သူတို့မှာ အတွေ့အကြုံမရှိ၊ တပ်သားသစ်အနေနဲ့ ဝင်ချင်တဲ့ ဆန္ဒလည်း မရှိဘူးဆိုရင်တောင်မှ ရှေ့တန်းက အတွေ့အကြုံရှိတပ်ဖွဲ့တွေကို သက်သာစေဖို့ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။” ဟု ၎င်းက ပြောသည်။
ပြည်သူ့စစ်မှုထမ်းခြင်းသည် တပ်ဖွဲ့ဝင်အရေအတွက် မြှင့်တင်ရန်သာ မဟုတ်
စစ်အုပ်ချုပ်ရေးဘက်မှ ပြည်သူ့စစ်မှုထမ်းခြင်းဥပဒေကို ယခုအချိန်တွင် အသက်သွင်းခြင်းသည် အရပ်သားလူထုအတွင်းရှိ တော်လှန်ရေး တပ်ဦးမှ လူငယ်များကို ဖယ်ရှားရန်နှင့် သေဆုံးရန်များသည့် အခြေအနေသို့ ပို့ရန်ဖြစ်သည်ဟု Danish Institute မှ နိုင်ငံတကာလေ့လာရေးဆိုင်ရာ မြန်မာသုတေသီ Justine Chambers က ပြောသည်။
လာမယ့်နှစ်မှာ ကျွန်မတို့ စစ်တပ်ကို မထောက်ခံတဲ့ လူတွေ၊ စစ်သားမဟုတ်တဲ့ လူတွေအသက်ဆုံးရှုံးမှု အများကြီး တွေ့ရတော့မယ်
ပြည်သူ့စစ်မှုထမ်းဥပဒေသည် ရှေ့တန်းသို့ မပို့မီ လေ့ကျင့်မှုအနည်းဆုံးသာ ပေးနိုင်ပြီး ယခင်က စစ်တပ်က ပြုလုပ်ခဲ့သည့်အတိုင်း လူသားဒိုင်းအဖြစ်နှင့် ပေါ်တာ အဖြစ်သာ အဓိက အသုံးပြုသွားမည်ဖြစ်သည်ဟု သူမက ပြောသည်။
“ဒါက သူတို့ကို ဖျက်ဆီးပစ်ဖို့၊ သူတို့ ဘဝတွေကို ဖျက်ဆီးပစ်ဖို့၊ ရှေ့တန်းကို ပို့ပစ်ပြီး အချင်းချင်း တိုက်ခိုက်စေဖို့ပဲ ဖြစ်ပါတယ်။” ဟု သူမက ပြောသည်။
“လာမယ့်နှစ်မှာ ကျွန်မတို့ စစ်တပ်ကို မထောက်ခံတဲ့ လူတွေ၊ စစ်သားမဟုတ်တဲ့ လူတွေအသက်ဆုံးရှုံးမှု အများကြီး တွေ့ရတော့မယ်။”
ကြေငြာချက်ကြောင့် နိုင်ငံ လူငယ်များ၏ စိတ်နှလုံးတွင်း ၎င်းတို့၏ လူထုကို ပြန်လည်တိုက်ခိုက်ရန် အတင်း အကျပ် စစ်မှုထမ်းစေမည်ကို စိုးရိမ်နေကြသည်ဟု Dr Chambers က ပြောသည်။
“ကျွန်မမှာ အဲဒီ ထိတ်လန့်တကြားဖြစ်နေတဲ့ အဲဒီ အသက်အရွယ် သူငယ်ချင်းတွေ အများကြီးရှိတယ်။” ဟု Dr Chambers က ပြောသည်။
“ကျွန်မ စကားပြောခဲ့ရတဲ့ တချို့ဆိုရင် အိပ်လို့တောင် မပျော်ကြဘူးတဲ့။
လူငယ်တွေဟာ သူတို့ကို စစ်တပ်ထဲကို ဒီအပတ်ထဲခေါ်မှာလား၊ နောက်ခြောက်လအတွင်း ခေါ်မှာလား။ ဘယ်တော့ ခေါ်မလဲဆိုတာ မသိကြဘူး။”
Dr Chambers က ဩစတြေးလျအစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြစ်တင်ရှုတ်ချမှုလုပ်ရန် တောင်းဆိုလိုက်သည်။
“ဒါပေမယ့် ပြစ်တင်ရှုတ်ချမှုထက် ပိုပြီးတော့ လုပ်ဖို့ လိုအပ်တယ်။” ဟု သူမက ပြောသည်။
“ပိုပြီး ပြင်းထန်တဲ့လုပ်ဆောင်မှုတွေ လိုအပ်တယ်လို့ ကျွန်မ ထင်တယ်။”
မရည်ရွယ်သော အကျိုးဆက်များ
Mr Mathieson က မြန်မာစစ်တပ်တွင် ဥပဒေအသစ် အသက်သွင်းရန် စွမ်းဆောင်နိုင်မှု ရှိသည်ဟု ပြောသည်။
'သစ္စာခံ’ စစ်တပ်ကို ပြောင်းမလှည့်ဘူးဆိုတာ ဘယ်လို အာမခံမလဲ
“ဒါပေမယ့် စစ်ဆင်ရေး မှီခိုအားထားရမှုနဲ့ ကျယ်ပြန်တဲ့ လူမှုဆန့်ကျင်တုန့်ပြန်မှုဆိုတဲ့ မသိကိန်း နှစ်ခု ရှိပါတယ်။” ဟု ၎င်းက ပြောသည်။
“သူတို့ လူပေါင်း သောင်းချီပြီး အတင်းအကျပ် တပ်သားသစ်စုဆောင်းနိုင်တယ်၊ လက်နက်တွေ၊ ဝတ်စုံတွေ ပေးနိုင်တယ်ပဲ ထားဦး။ သူတို့ ထိထိရောက်ရောက် တိုက်နိုင်တယ်ဆိုတာ ဘယ်လို အာမခံမလဲ။ 'သစ္စာခံ’ စစ်တပ်ကို ပြောင်းမလှည့်ဘူးဆိုတာ ဘယ်လို အာမခံမလဲ။”
“စစ်တပ်ကို စက်ဆုပ်ရွံရှာပေမယ့် လက်နက်ကိုင်ခုခံရေးကို မထောက်ခံတဲ့ အရပ်သားတွေကရော သူတို့ရဲ့ လူငယ်တွေ၊ အရပ်သား အရွယ်စုံ စစ်မှုထမ်းဖို့ ကျွန်ပြုခံရတာကို ဘယ်လို ခံစားရမလဲ။”
ပြည်သူ့စစ်မှုထမ်းစနစ်သည် “အလွန်ရှုပ်ထွေးစေပြီး မရည်ရွယ်သည့် အကျိုးဆက်များ ဖြစ်ပေါ်စေဖွယ်ရှိသည်။” ဟု Mr Horsey က ပြောသည်။
“မတရား အတင်းအကျပ် စစ်သားစုဆောင်းရေးလုပ်တာကို ဥပဒေအရ ကာကွယ်မှုတွေ ဖြစ်စေမယ်။ ဥပမာ အသက်မပြည့်သူတွေ အပါအဝင် ဆင်းရဲတဲ့ လူငယ်တွေကို မြို့ပေါ်က ကားဂိတ်တွေမှာ ဖမ်းဆီးတာတွေ ဖြစ်မယ်။” ဟု Mr Horsey က ပြောသည်။
“စနစ်ကို စီမံခန့်ခွဲရသူတွေအတွက် အကျင့်ပျက်ခြစားဖို့ အခွင့်အလမ်းတွေ အများကြီး ပွင့်လာမယ်။
"ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ရင် ဥပဒေမဲ့ပြီး အန္တရာယ်များတဲ့ လုပ်သားပြောင်းရွှေ့မှုတွေ ပိုပြီး ဖြစ်ပေါ်စေမယ်။
”လူတွေ လက်နက်ကိုင် ခုခံရေးဘက်ကို ပူးပေါင်းဖို့ ပိုပြီး တွန်းပို့ပေးမယ်။
“ဒါက ခြေလျင်စစ်သားတွေအကြား စိတ်ဓာတ်ရေးရာ မြင့်မားမှုကို တကယ် မှီခိုခဲ့ရတဲ့ တိုက်ခိုက်ရေးအင်အား မဟုတ်တာတောင်မှ စစ်တပ်အခြားအဆင့်တွေမှာလည်း စိတ်ဓာတ်ရေးရာ ပိုပြီး တိုက်စားမှုတွေ ဖြစ်လာမယ်။"
'အဆုံးသတ်ရန် နီးကပ်လာသည့်' စစ်အာဏာရှင်
စစ်တပ်သည် လက်နက်အင်အား သာလွန်လွှမ်းမိုးထားနိုင်သေးသော်လည်း "အရေးကြီးသည့်" မြေပြင်တွင် လူအင်အား ဆုံးရှုံးလာနေသည်ဟု Mr Mathieson က ပြောသည်။
“အာဏာကို တွယ်ကပ်ထားဖို့ မဟာဗျူဟာတစ်ခုအရ စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး စိတ်ဓာတ်ကျဆင်းအောင် လေကြောင်းနဲ့ လက်နက်ကြီးတွေကိုပဲ သိသိသာသာ မှီခိုနေရပြီး မြေပြင်တပ်ဖွဲ့တွေကို အားဖြည့်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းတာ ဖြစ်ပုံရပါတယ်။” ဟု ၎င်းက ပြောသည်။
စစ်တပ်သည် အရေးနိမ့်နေသော်လည်း ၎င်းတို့တွင် သိသာများပြားသည့် အမှုထမ်းကွန်ရက်၊ အခြေစိုက်စခန်းများ၊ ကိရိယာများနှင့် "ဘက်မညီသည့် ဝှက်ဖဲ” ဖြစ်သော လေကြောင်းအင်အား ရှိနေသေးသည့်အတွက် နိုင်ငံ၏ နှလုံးအိမ်တွင် အာဏာ စုစည်းခိုင်မာစေရန်မှာ ၎င်းတို့၏ ကိုင်စွဲထားမည့် မဟာဗျူဟာ ဖြစ်နိုင်သည်။
“ရေရှည်မှာတော့ ဒါက အလုပ်မဖြစ်ပါဘူး။ သူတို့ အဆုံးသတ်ဖို့ နီးလာပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဒါက စစ်ကောင်စီရဲ့ ကာလရှည်ကြာ အဆုံးသတ်ကစားပွဲဟာ ရှိနှင့်ပြီးသားထက် ပိုပြီး သွေးထွက်သံယိုဖြစ်မယ်၊ ရက်စက်မယ်၊ ဖျက်ဆီးမှုတွေ ရှိမယ်လို့ ညွှန်ပြနေနိုင်ပါတယ်။” ဟု ၎င်းက ပြောသည်။
“ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြေငြာချက်ဟာ အသည်းအသန်ဖြစ်လာလို့ အော်ဟစ်ဆူညံတာလို့ မမြင်သင့်ပါဘူး။ တစ်နိုင်ငံလုံးကို သူတို့နဲ့ အတူ ဆွဲချသွားဖို့ ရူးသွပ်စွာ ဖြေရှင်းရန် ကြေငြာခြင်းဖြစ်ပါတယ်။
”ပြိုလုပြိုခင်အခြေအနေလို့ ညွှန်းဆိုနေတာ မဟုတ်ပါဘူး။ ပဋိပက္ခဟာ တစ်နိုင်ငံလုံးကို လောင်မြိုက်စေမယ်လို့ ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာပါ။"
ကိုးကား - ABC/Reuters
ပုံစာ - မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုကို ဦးဆောင်နေသည့် လူငယ်များ။ (Photo:ABC News)
Burma Associated Press