Politics
မြန်မာ့အရေး ဩစတြေးလျ ဘာကြောင့် ရုတ်တရက် နှုတ်ဆိတ်သွားရသနည်း
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၁၃။
ဇန်နဝါရီလအစပိုင်းတွင် အင်ဒိုနီးရှားက အာဆီယံဥက္ကဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် အသင်း၏ ချဉ်းကပ်မှုကို သံတမန်ရေးအရ အပြောင်းအလဲ ပြုလုပ် ဖော်ဆောင်ခဲ့သည်။ စစ်အာဏာရှင် (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ SAC)၊ အရပ်သားအစိုးရ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ အပါအဝင် အကျပ်အတည်းတွင် ပါဝင်နေသူ အများအပြားနှင့် ထိတွေ့ဆက်ဆံခဲ့သော ၎င်းအပြောင်းအလဲကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က “အသံတိတ် သံတမန်ရေး”ဟု ခေါ်ဆိုခဲ့သည်။ ၎င်းထိတွေ့ဆက်ဆံမှုများသည် ရည်ရွယ်ချက်ရှိရှိ “အသံတိတ်” ခြင်းဖြစ်ပြီး Retno ဖော်ပြသကဲ့သို့ “အသံချဲ့စက် မဟုတ်သည့် သံတမန်ရေး” အဖြစ် ခရာတွတ်သံမပါဝင်ဘဲ ယုံကြည်မှုတည်ဆောက်ရန် ထိတွေ့ဆက်ဆံခဲ့သည်။
ဂျကာတာ၏ အသံတိတ်သံတမန်ရေးသည် စစ်ကောင်စီကို ရန်လိုသည့် ပဋိပက္ခများ ချက်ချင်းရပ်တန့်ရေးနှင့် သက်ဆိုင်သူများအကြား ဆွေးနွေးမှု ပြုလုပ်ရေးစသည့် အာဏာသိမ်းမှုမတိုင်မီ မြန်မာနိုင်ငံ အခင်းအကျင်းသို့ ပြန်လည်ဦးတည်စေရန်အတွက် အာဆီယံ၏ ၂၀၂၁ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်လာစေရန် ဖျောင်းဖျရေး ကြိုးပမ်းမှုဖြစ်သည်။ ဘုံသဘောတူညီမှု ငါးရပ်ကို အကောင်အထည်ဖော်ရေးနှင့် လိုက်နာအားထုတ်မှုအပေါ် ဝေဖန်မှုများ အများအပြားပေါ်ထွက်ခဲ့ပြီး အင်ဒိုနီးရှား၏ တိတ်ဆိတ်သော ချဉ်းကပ်ခြင်း အလုပ်ဖြစ်မှုအပေါ် မေးခွန်းထုတ်မှုများလည်း ပေါ်ထွက်လာခဲ့သည်။
အင်ဒိုနီးရှားသမ္မတ Joko Widodo က မေလတွင်ပြုလုပ်သော ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အသိအမှတ်ပြုခဲ့ရသည့် အကျပ်အတည်းအပေါ် အာဆီယံ၏ ချဉ်းကပ်မှုကို စိတ်ပျက်ကြသော်လည်း ဩစတြေးလျသည် အင်ဒိုနီးရှား၏ အသံတိတ်သံတမန်ရေးကို ထောက်ခံအားပေးမှုတွင် ပါဝင်လာခဲ့သည်။ ၎င်းကို ထင်ရှားစေသည်မှာ ဩစတြေးလျ၏ စစ်ကောင်စီ ကျူးလွန်သော လတ်တလော ရက်စက်ကြမ်းကြုတ်မှုများအပေါ် အသံတိတ်နေခြင်း၊ အစိုးရ၏ မီဒီယာထုတ်ပြန်ချက်များတွင် မြန်မာ့အရေး ဆွေးနွေးမှုများ ဖယ်ရှားလာခြင်းနှင့် နှစ်နိုင်ငံဆွေးနွေးပွဲများနှင့် နိုင်ငံစုံ ဆွေးနွေးပွဲများတွင် အကျပ်အတည်းအပေါ် ထိန်းထိန်းသိမ်းသိမ်း မှတ်ချက်ပေးခြင်း တို့ဖြစ်သည်။
စစ်အာဏာပိုင်တို့၏ ခွင့်လွှတ်ဖွယ်မရှိသော ကလေးငယ် ၄၀ ဦးနှင့်အထက် အပါအဝင် အရပ်သား ၁၈၆ ဦး သေဆုံးခဲ့သည့် ဧပြီလ ၁၁ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကို ဩစတြေးလျက တရားဝင် ရှုတ်ချခြင်း မပြုခဲ့ပါ။ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျာမနီ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များအပါအဝင် နိုင်ငံတကာက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြသည်။ ဩစတြေးလျသည် ယခင်က စစ်အာဏာရှင်တို့၏ လုပ်ရပ်များကို ပြတ်ပြတ်သားသား အစဉ်တစိုက် ကန့်ကွက်ရှုတ်ချခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တစ်ရက်တည်းတွင် အသေအပျောက်အများဆုံးဖြစ်သည့် တိုက်ခိုက်မှုကို ဩစတြေးလျက ရှုတ်ချရန် ပျက်ကွက်ခြင်းမှာ သိသာထင်ရှားနေသည်။ ဥပမာအားဖြင့် လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် နှစ်ပတ်အလိုက နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာန(Department of Foreign Affairs and Trade - DFAT) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေအသစ်နှင့် ပတ်သတ်၍ ၎င်းတို့၏ စိုးရိမ်မှုကို ဖော်ပြသည့် ကြေညာချက်ကို မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းမတိုင်မီ တစ်လက DFAT သည် အာဏာသိမ်းမှုနှစ်နှစ်ပြည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး တစ်ရက်တည်းမှာပင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများကို ကြေညာခဲ့သည်။ ယမန်နှစ် ဂျူလိုင်လက DFAT သည် ဒီမိုကရေစီထောက်ခံအားပေးသည့် တက်ကြွလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ စစ်အာဏာရှင်များကို ရှုတ်ချသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။
ဩစတြေးလျသည် ယခုနှစ်အစောပိုင်းနှင့် ၂၀၂၂ တလျှောက်လုံးတွင် ၎င်း၏ နှစ်နိုင်ငံဆွေးနွေးပွဲများအတွင်း မြန်မာ့အရေး မြှင့်တင်ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်လာခဲ့သည့် နိုင်ငံဖြစ်သည်။ အောက်တိုဘာလ ၂၀၂၂ ခုနှစ် ဩစတြေးလျ-ဂျပန် ခေါင်းဆောင်များအစည်းအဝေး၊ ဒီဇင်ဘာလ ၆ရက် ၂၀၂၂ ခုနှစ် ဩစတြေးလျ-အမေရိကန် အစည်းအဝေး၊ ဖေဖော်ဝါရီလ ၂ ရက် ၂၀၂၃ ခုနှစ် ဩစတြေးလျ-ယူကေ ဝန်ကြီးများ ညှိနှိုင်းဆွေးနွေးပွဲများတွင် မြန်မာ့အကျပ်အတည်းအရေး ဖော်ပြဆွေးနွေးခဲ့ကြသည်။ ဩစတြေးလျနှင့် ပြင်သစ်တို့သည်လည်း ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ညှိနှိုင်းဆွေးနွေးပွဲတွင်လည်း ၎င်းတို့၏ စိုးရိမ်မှုများကို ဖော်ပြခဲ့ကြသည်။ ဝန်ကြီးချုပ် Anthony Albanese နှင့် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi တို့သည်လည်း မတ်လအစောပိုင်းက ကျင်းပခဲ့သည့် ပထမနှစ်ပတ်လည်ထိပ်သီးအစည်းအဝေး ပူးတွဲကြေငြာချက်တွင် မြန်မာ့အရေး အကျဉ်းဖော်ပြခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ မကြာသေးခင်လများအတွင်း ဩစတြေးလျသည် သက်ဆိုင်ရာနိုင်ငံတို့နှင့် မြန်မာ့ အကျပ်အတည်းကို ဆွေးနွေးရာ၌ ထိန်းသိမ်းကျပ်မတ်လာခဲ့သည်။ ဥပမာအားဖြင့် Albanese သည် နယူးဇီလန် ဝန်ကြီးချုပ် Chris Hipkins ၏ ယခုနှစ် ဖေဖော်ဝါရီနှင့် ဧပြီလက ဩစတြေးလျခရီးစဉ်နှစ်ခုအတွင်း မြန်မာ့အကျပ်အတည်းအကြောင်း အများသိအောင် ဖော်ပြခဲ့ခြင်း မရှိပေ။ ပြီးခဲ့သည့်နှစ် ဂျူလိုင်လက ဩစတေတြေးလျ-နယူးဇီလန် ခေါင်းဆောင်များ အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင်မူ စကစကို ဘုံသဘောတူညီချက် ငါးရပ်အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့သည်။ မေလက ပြုလုပ်ခဲ့သည့် G-7 ထိပ်သီးအစည်းအဝေးအပြီးတွင်လည်း ဩစတြေးလျနှင့် အမေရိကန် တို့၏ ပူးတွဲကြေညာချက်တွင် မြန်မာ့အရေး မဖော်ပြခဲ့ပါ။
Albanese နှင့် နိုင်ငံခြားရေးဝန်ကြီး Penny Wongတို့သည် မကြာသေးခင်လများအတွင်း အရှေ့တောင် အာရှနိုင်ငံများမှ အစည်းအဝေးများအတွင်း သက်ဆိုင်ရာများနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင် နေသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်င်အားလုံးနှင့် ဆွေးနွေးမှုမြှင့်တင်ခဲ့သည် မဟုတ်ပါ။ ဥပမာအားဖြင့် ဂျွန်လက ပြုလုပ်ခဲ့သည့် ဩစတြေးလျ-စင်ကာပူ နှစ်ပတ်လည် ခေါင်းဆောင်များ အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ပဇီကြီး လေကြောင်းတိုက်ခိုက်မှု များနှင့် ရှမ်းပြည်နယ်တွင် အာဆီယံ လူသားချင်းစာနာမှု ယာဉ်တန်း တိုက်ခိုက်ခံရမှုများကို ရည်ညွှန်းသည့် စာပိုဒ် ထည့်သွင်းခဲ့သည်။ သို့သော် စင်ကာပူခရီးစဉ်အပြီး ဂျွန်လ ၃ ရက်မှ ၄ ရက်အထိ သွားရောက်ခဲ့သည့် ၎င်း၏ ပထမဦးဆုံး ဗီယက်နမ် တရားဝင်ခရီးစဉ်အတွင်း Albanese သည် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နှင့် အကျပ်အတည်းအကြောင်း ဖော်ပြခဲ့ခြင်းမရှိပါ။
အလားတူပင် Wong နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir တို့သည် မေလ ၅ ရက်က နှစ်ပတ်လည် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပူးတွဲကြေညာချက်တွင် မြန်မာ့အရေး အထူးစိုးရိမ်ကြောင်း မှတ်ချက်ပြု ဖော်ပြခဲ့သည်။ သို့သော် Wong နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးအတွင်းဝန် Enrique Manalo တို့၏ မေလ ၁၈ ရက်နေ့ အစည်းအဝေးအပြီး ပူးတွဲကြေညာချက်တွင်မူ ဖော်ပြမှု မရှိခဲ့ပါ။
ဩစတြေးလျနှင့် အင်ဒိုနီးရှားတို့၏ ယခုနှစ် ဖေဖော်ဝါရီလအစောပိုင်းက ပြုလုပ်ခဲ့သော ဩစတြေးလျ-အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ အဓိက အခန်းကဏ္ဍကို ခိုင်မာစွာ အားပေးထောက်ပံ့ကြောင်း ထူးမခြားနား ပြောကြားခဲ့ကြသည်။ Albanese နှင့် သမ္မတ Joko Widodo တို့၏ ဂျူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော နှစ်ပတ်လည် ခေါင်းဆောင်များ အစည်းအဝေးတွင်လည်း ၎င်းကို ထပ်လောင်း ပြောကြားခဲ့သော်လည်း ၎င်းတို့၏ မြန်မာအပေါ် လူသိရှင်ကြား မှတ်ချက်များမှာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖော်ပြမှုများထက် ပို၍ သိုသိပ် တိုတောင်းလာခဲ့သည်။
ဩစတြေးလျသည် မြန်မာ့အရေးအပေါ် အရှေ့တောင်အာရှနိုင်ငံများနှင့် လိုအပ်သလောက်သာ မြှင့်တင်ပြော ဆိုမှုများ ပြုလုပ်နေပုံရသည်။ သို့သော် စကစအပေါ် မကျေလည်မှုများနှင့် အလိုမကျမှုများကို အများဆုံး ထုတ်ဖော်ပြသည့် အာဆီယံအသင်းမှ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့၏ အကျပ်အတည်းအပေါ် မူဝါဒရေးတွင် ချို့ယွင်းချက်များ ရှိနေနိုင်သော်လည်း ဦးဆောင်နေသူများဖြစ်သော စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ကို ဩစတြေးလျသည် ရွေးချယ်၍ အကျပ်အတည်းအပေါ် မြှင့်တင်ပြောဆိုမှုများ ပြုခဲ့သည်။ ဩစတြေးလျက မြန်မာနိုင်ငံအရေး ၎င်းနိုင်ငံများ နှင့်သာ ရွေးချယ်ပြောဆိုခြင်းသည် လျှို့ဝှက်ချက် မဟုတ်သော်လည်း တမင်ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တကယ်တမ်းမှာမူ ၎င်းမှာ အံ့ဩဖွယ်မရှိပေ။ ဩစတြေးလျသည် ၎င်း၏ဒေသတွင်း နိုင်ငံခြားရေးမူဝါဒ ဦးစားပေး ချက်များကို ထောက်ခံသူများရေး လုပ်ဆောင်နေစဉ်နှင့် လွန်ခဲ့သော ၁၂ လအတွင်း အာဆီယံနှင့် နက်ရှိုင်းသော နားလည်မှုနှင့် နီးကပ်မှုကို ရှာဖွေနေစဉ် “အာဆီယံ ဗဟိုပြုမှု” ကို စဉ်ဆက်မပြတ် မြှင့်တင်လှုပ်ရှားနေခဲ့သည်။ အင်ဒိုနီးရှား၏ အသံတိတ် သံတမန်ရေးကို ထောက်ခံခြင်းဖြင့် ဩစတြေးလျသည် ရိုးသားစွာ ဆောင်ရွက်ခြင်းနှင့် အာဆီယံ ပြဿနာကို အာဆီယံ ကိုယ်ပိုင်၊ ဖန်တီးထားသော သံတမန်ရေး ဦးဆောင်ဖြေရှင်းစေခြင်း အယူအဆကို ထောက်ခံကြောင်း အချက်ပေးနေခြင်း ဖြစ်သည်။ ထပ်မံ၍ အသံတိတ်သံတမန်ရေးကို စွဲကိုင်ခြင်းသည် ၂၀၂၁ ခုနှစ်က AUKUS သဘောတူညီချက်နောက်ပိုင်း တစ်နည်းတစ်ဖုံ ထွက်ပေါ်လာသော မေးခွန်းထုတ်ခံရသည့် ထင်မြင်ယူဆမှုဖြစ်သည့် ဩစတြေးလျ၏ စိတ်ချ၊ ယုံကြည်ရသည့် မိတ်ဖက်ဖြစ်မှုကို ပေါ်လွင်စေမည်ဖြစ်သည်။
အသံတိတ်သံတမန်ရေး နောက်ဆက်တွဲနှင့် စက်တင်ဘာလတွင် ကျင်းပမည့် ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး လာအိုကို ဥက္ကဌနေရာ လွှဲပြောင်းပေးပြီးနောက် အင်ဒိုနီးရှား၏ ဥက္ကဌသက်တမ်း ကုန်ဆုံးချိန်ကို ဩစတြေးလျအနေနှင့် ထည့်သွင်းစဉ်းစားသင့်သည်။ မကြာသေးမီက ကျင်းပခဲ့သော ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီး စစ်အာဏာရှင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် အစည်းအဝေးတစ်ခုသို့ လာအို နိုင်ငံက နိုင်ငံခြားရေး အဆင့်မြင့်အရာရှိများစေလွှတ်ခဲ့သောကြောင့် လာအိုသည် မြန်မာစစ်အာဏာပိုင်တို့ကို ထောက်ခံအားပေးပြီး တရားဝင်မှုပေးမည်ကို စိုးရိမ်ဖွယ်ရှိသည်။
အင်ဒိုနီးရှား၏ အသံတိတ်သံတမန်ရေး ဦးဆောင်ဖြေရှင်းမှုသည် ၎င်း၏ ဥက္ကဌသက်တမ်းမကုန်ဆုံးမီ အောင်မြင်မှုရရှိရန် မသေချာသော်လည်း နှစ်နှစ်ခွဲကြာမြင့်နေပြီဖြစ်သော အကျပ်အတည်းအတွက် တိုးတက်မှု တစ်စုံတစ်ရာရရှိစေသည့် အခြေအနေဖန်တီးသော ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ ဤဖြေရှင်းရေးယူဆချက်ကို ထပ်လောင်းအားဖြည့်ပေးမည့် စိတ်ချ ရသော မိတ်ဖက်ဖြစ်မှာ ဩစတြေးလျဖြစ်ပြီး အာဏာရှင်ဒဏ် ခံနေရသည့် မြန်မာလူထုအတွက် မှန်ကန်စွာ လုပ်ဆောင်ရန် ဩစတြေးလျသည် လာအိုကို ဂျာကာတာ၏ ဥက္ကဌ တာဝန်ယူစဉ်အတွင်း အားထုတ်မှုအတိုင်း ဆက်လက်လုပ်ဆောင်ရန် သို့မဟုတ် လာအိုအနေဖြင့် အသံတိတ် သံတမန်ရေး ဆက်လက်မလုပ်ဆောင်ရန် ရွေးချယ်မည်ဆိုပါက အာဆီယံနှင့် အတူတကွ ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် ဖြေရှင်းချက်အသစ်များ ရှာဖွေသင့်ရန် တွန်းအား ပေးသင့်သည်။ အင်ဒိုနီးရှားသည် လာမည့်နှစ် ဖေဖော်ဝါရီတွင် အမျိုးသားရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည့်အတွက် မြန်မာကို အာရုံစိုက်မှု ယာယီ ရပ်တန့်နေနိုင်၍ ဩစတြေးလျအနေဖြင့် အနည်းဆုံး လာအိုကို ဒေသတွင်း မူဝါဒ ရေးဆွဲသူများ၏ အာရုံတွင် မြန်မာ့အရေး ဆက်လက်တည်ရှိနေရန် တိုက်တွန်းလှုံ့ဆော်သင့်သည်။
ကိုးကား - The Diplomat
ပုံစာ - ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong(Photo credit: Twitter/Senator Penny Wong)
Burma Associated Press
Related Articles
- မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး အားလုံးပါဝင်သည့် စကားဝိုင်းပြုလုပ်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး တောင်းဆို
- MAI ၏ နိုင်ငံခြားဘဏ်စာရင်းများကို စင်ကာပူအခြေစိုက် UOB ဘဏ်က ပိတ်သိမ်းမှုကို ထောက်ခံ ကြိုဆိုဟု မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု ထုတ်ပြန်
- မြန်မာစစ်အာဏာပိုင်တို့၏ လူသားချင်းစာနာမှုအကူအညီ ကန့်သတ်ခြင်းများမှာ စစ်ရာဇဝတ်မှုမြောက်နိုင်ဟု ကုလပြော
- ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို