Crime
၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်လွှား သတ်ဖြတ်မှုများ စံချိန်တင် မြင့်တက်လာဟု ကုလပြော
လွန်ခဲ့သော တစ်နှစ် က
စိတ်ဖိစီးမှုနှင့် ကိုဗစ်-၁၉ အိမ်ပြင်မထွက်ရအမိန့်၏ စီးပွားရေးဖိအားများကြောင့် ၂၀၂၁ ခုနှစ် ကမ္ဘာတစ်လွှား လူသတ်မှုအရေအတွက်များနှင့် အခြားသော ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းများ စံချိန်တင် မြင့်တက်လာသည်ဟု သောကြာနေ့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
သုတေသီများ အချက်အလက် စတင်စုဆောင်းခဲ့သည့် ၂၀၀၀ ခုနှစ်မှ နောက်ပိုင်း နှစ်စဉ် လူပေါင်း ၄၀၀,၀၀၀ မှ ၄၅၀,၀၀၀ အသတ်ခံခဲ့ရရာမှ လူပေါင်း ၄၅၈,၀၀၀ ခန့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံခဲ့ရမှု မြင့်မားလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၏ ကမ္ဘာတစ်ဝှမ်းလူသတ်မှုလေ့လာချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ လျင်မြန်စွာ မြင့်တက်လာရခြင်းမှာ အီကွေဒေါ၊ မြန်မာနှင့် အခြားနိုင်ငံများမှ ဂိုဏ်းနှင့် နိုင်ငံရေးနှင့် ဆက်နွယ်သော အကြမ်းဖက်မှုများကြောင့် ဖြစ်သည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။
သို့သော် အိမ်တွင်းတွင် ကျဉ်းကျပ်စွာ ကာလရှည်ကြာနေထိုင်ခဲ့ရသည့် အိမ်ပြင်မထွက်ရအမိန့်၏ နောက်ပိုင်း အကျိုးဆက်များသည်လည်း ၎င်းအရေအတွက်မြင့်မားလာမှုတွင် ပါဝင်သည်။
“၂၀၂၁ ခုနှစ်အတွင်း သတိပြုမှတ်သားဖွယ် သတ်ဖြတ်မှုများ မြင့်တက် လာခြင်းသည် ကိုဗစ်နှင့် ဆက်နွယ်သည့် ကန့်သတ်ချက်များကြောင့် စီးပွားရေး ရိုက်ခတ်မှုများသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်သည်။”
“၂၀၂၁ ခုနှစ်အတွင်း သတိပြုမှတ်သားဖွယ် သတ်ဖြတ်မှုများမြင့်တက်လာခြင်းသည် ကိုဗစ်နှင့် ဆက်နွယ်သည့် ကန့်သတ်ချက်များကြောင့် စီးပွားရေးရိုက်ခတ်မှုများသည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်နိုင်သည်။” ဟု အစီရင် ခံစာတွင် ဖော်ပြထားသည်။
အစပိုင်းတွင် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာတစ်လွှား သတ်မှတ်ခဲ့သည့် အိမ်ပြင်မထွက်ရအမိန့်သည် လူသတ်မှု အရေအတွက်ကို လျော့ချကောင်း လျော့ချနိုင်ခဲ့သော်လည်း လူသတ်သမား ဖြစ်လာနိုင်သူတို့သည် အိမ်တွင်းတွင် အချိန်ကြာမြင့်စွာ နေခဲ့ရပြီး အတူတကွ နေထိုင်သူများနှင့်သာ ရောနှောနေခဲ့ရသည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။
သို့သော် "ရေရှည်တွင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ အလုပ်အကိုင်မဲ့မှု သို့မဟုတ် ဝင်ငွေဆုံးရှုံးမှုတို့ပါဝင်နိုင်သည့် အိမ်ပြင်မထွက်ရအမိန့်၏ အနှုတ်သဘောဆောင်သော လူမှုရေးနှင့် စီးပွားရေးရိုက်ခတ်မှုများသည် ပြစ်မှု ကျူးလွန်ရန် လှုံ့ဆောင်ပေးသည့် 'ဖိစီးမှု' ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် လူသတ်ရန် တိမ်းညွှတ်ဦးတည်မှု များကို သက်ရောက်စေသည်ဟု ခန့်မှန်းရသည်။” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုလမ်ဘီယာတွင် တင်းကျပ်သော အိမ်ပြင်မထွက်ရအမိန့်ကို ၂၀၂၀ ခုနှစ် မတ်လတွင် ပြဌာန်းခဲ့သည့်အတွက် ရေတိုတွင် လူသတ်မှု သိသာစွာ လျော့ကျသွားသည်ဟု သုတေသီများက တွေ့ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အရေအတွက် မြင့်တက်လာခဲ့သည်။
ကမ္ဘာ့ဒေသကြီး ငါးခုအနက် အမေရိကတိုက်မှ နိုင်ငံများတွင် လူသတ်မှုနှုန်းထား အမြင့်ဆုံးဖြစ်ပြီး အနည်းဆုံး ဖြစ်သည့် ဥရောပထက် ခြောက်ဆ ပိုမိုမြင့်မားသည်။
၂၀၂၁ ခုနှစ်တွင် လူသတ်မှုနှုန်းထား အမြင့်ဆုံး ၁၀ နိုင်ငံအနက် ၈ နိုင်ငံမှာ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတို့မှ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး ပြစ်မှုကျးလွန်သည့်အဖွဲ့များ၏ ဈေးကွက် ထိန်းချုပ်ရန် ပြိုင်ဆိုင်မှု၊ ဥပဒေစိုးမိုးရေး အားနည်းမှုနှင့် လူမှုရေးမညီမျှမှုတို့ကိုလည်း ထည့်သွင်းစဉ်းစား ကိုးကားထားသည်။
ဟွန်ဒူးရပ်စ်၊ ဂျမေကား၊ ထရီနီဒက်နှင့် တိုဘဂိုနှင့် မက်ဆီကိုတို့သည် လူသတ်မှုနှုန်းထား အမြင့်ဆုံးနိုင်ငံများတွင် ပါဝင်သည်။ လက်တင်အမေရိကနှင့် ကာရစ်ဘီယံပြင်ပ ထိပ်တန်း ၁၀ နိုင်ငံအနက် နှစ်နိုင်ငံမှာ မြန်မာနှင့် တောင်အာဖရိကဖြစ်သည်။
အီကွေဒေါတွင် အမေရိကန်နှင့် ဥရောပတို့ဆီသို့ ပိုမိုနီးကပ်လာစေရေး ကူးပြောင်းမှုအဖြစ် မူးယစ်ဂိုဏ်းများကို သတ်ဖြတ်မှုမြင့်တက်လာခြင်းအတွက် အစိုးရက အပြစ်တင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့သည့် နောက်ပိုင်း စစ်အာဏာရှင်တို့ကို ခုခံတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၂ ခုနှစ် ကုလအစီရင်ခံစာတွင် စစ်အာဏာရှင်တပ်ဖွဲ့များက အစုအပြုံလိုက် သတ်ဖြတ်မှုများကျူးလွန်ခဲ့ပြီး အရပ်သားများကို ပစ်မှတ်ထား ခဲ့သည်ဟု ဖော်ပြထားသည်။
မြန်မာစစ်တပ်ကမူ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတာဝန်ရှိသည်ဟု ပြောသည်။ ကြမ်းကြုတ်ရက်စက်မှုများ ကျူးလွန်သည်ကို ငြင်းဆိုထားပြီး မငြိမ်သက်မှုများအတွက် "အကြမ်းဖက်သမားများ"(၎င်းတို့၏ အသုံးအနှုန်း)ကို အပြစ်တင်ထားသည်။
UNODC လူသတ်မှုဆိုင်ရာ လေ့လာချက်သည် လေးနှစ်မှ ငါးနှစ်လျှင် တစ်ကြိမ် ထုတ်ဝေပြီး ၂၀၂၁ ခုနှစ်အထိ ထုတ်ဖော်ဆန်းစစ်မှုများသည် အချက်အလက်အပြည့်အစုံပါဝင်သည့် နောက်ဆုံးထုတ်ဝေထားသောနှစ်ဖြစ်သည်။
လေ့လာမှုတွင် လူတစ်ဦးကို အခြားတစ်ဦးက ရည်ရွယ်ချက်ရှိရှိနှင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို ကြည့်ရှုလေ့လာထားသည်ဟု ဖော်ပြထားသည်။
အကြမ်းဖက်ဝါဒကို နိုင်ငံတကာမှ အဓိပ္ပါယ်သတ်မှတ်ချက် အားနည်းနေသော်လည်း “အကြမ်းဖက်လှုပ်ရှားမှု များကြောင့် သေဆုံးရမှု” ကိုလည်း ထည့်သွင်းထားသည်။ ပဋိပက္ခအခြေအနေများမှ သတ်ဖြတ်ခြင်းအမျိုးအစား များတွင် ၎င်းတို့ကို ထည့်သွင်းသင့်သည်၊ ၎င်းတို့ကို မထည့်သွင်းသင့်ဟု "ရှင်းလင်းရန် ခက်ခဲသောကြောင့်” ပဋိပက္ခကြောင့် သေဆုံးရမှု အများစုကို ချန်လှပ်ထားခဲ့သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။
ကိုးကား - Reuters
ပုံစာ - စက်တင်ဘာလ ၁၂ ရက် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ ကရင်ပြည်နယ် လေ့ကျင့်ရေးစခန်းတစ်ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကိုင်ဆောင်ထားသည့် ကျည်ခွံများ။ (Photo: REUTERS/Independent photographer/File Photo)