bap-logo
Crime

လိမ်လည်မှုကျူးလွန်ရန် လူပေါင်းသိန်းချီ၍ အရှေ့တောင်အာရှတွင် အတင်းအကျပ်ခိုင်းစေခံနေရ

dxASZTfN_RZcYWxXTnV3F-image

လွန်ခဲ့သော တစ်နှစ် က

အွန်လိုင်း လိမ်လည်မှုပြုလုပ်ရန် ကမ္ဘာတစ်ဝှမ်းမှ ခန့်မှန်း လူပေါင်းသိန်းချီ၍ အရှေ့တောင်အာရှသို့ ကုန်ကူးခံခဲ့ရသည်ဟု ကုလအစီရင်ခံစာအသစ်က ဖော်ပြသည်။

 

မြန်မာနိုင်ငံတွင် လူပေါင်း ၁၂၀,၀၀၀ နှင့် ကမ္ဘောဒီးယားတွင် ၁၀၀,၀၀၀ တို့သည် လိမ်လည်မှုများ ပြုလုပ်ရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။

 

ခိုင်းစေခံရသူ အများစုမှာ အာရှမှ အမျိုးသားများဖြစ်သော်လည်း အချို့မှာ ပိုမိုဝေးလံသော အာဖရိကနှင့် လက်တင်အမေရိကတို့မှ ဖြစ်ကြသည်။

 

နှစ်နှင့်ချီ၍ ပြဿနာဖြစ်ပေါ်နေခဲ့သော်လည်း ကုလအစီရင်ခံစာသည် ၎င်း ပမာဏကို ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှု ဖြစ်သည်။

 

ရောဂါဘေးနှင့် ဆက်စပ်၍ ပိတ်ဆို့ခြင်းများက လူသန်းပေါင်းများစွာကို ၎င်းတို့ အိမ်ထဲတွင် ပိတ်မိနေစေခဲ့ပြီး အွန်လိုင်းတွင်သာ အချိန်ပိုမို ကုန်ဆုံးခဲ့ရသည့်အတွက် အွန်လိုင်းလိမ်ညာမှု ကျွမ်းကျင်သူတို့၏ အရံသင့် သားကောင်များ ဖြစ်လာခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

 

အစဉ်အလာအရ ငွေအလွယ်ရလိုသည့် ပညာရေးနိမ့်ကျသူတို့ကို ရာဇဝတ်ဂိုဏ်းများက ပစ်မှတ် ထားလေ့ရှိသော်လည်း ယခုအခါ ဘွဲ့ရ၊ ဘွဲ့လွန် အလုပ်အကိုင်ကောင်းမွန်သူတို့ကိုပင် ပစ်မှတ်ထား လာကြသည်။

 

ဆိုင်ဘာရာဇဝတ်မှု အတင်းအကျပ်ကျူးလွန်စေသည့် နေရာများမှာ အစိုးရအုပ်ချုပ်မှုနှင့် တရားဥပဒေစိုးမိုးမှု နည်းပါးပြီး အာဏာပိုင်ဆိုင်မှု ပြိုင်ဆိုင်နေကြသည့် စီရင်ပိုင်ခွင့်နယ်မြေများ ဖြစ်ကြသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

 

အွန်လိုင်းရာဇဝတ်မှုတွေကတဆင့် ငွေကြေးလိမ်လည်ခံရသူတွေအတွက် တရားမျှတမှုရရှိရေး လုပ်ဆောင်ရာမှာ ကျွန်တော်တို့ မေ့မထားရမယ့်အချက်က ဒီရှုပ်ထွေးတဲ့ ဖြစ်စဉ်မှာ အကျူးလွန်ခံရသူ နှစ်မျိုးနှစ်စား ရှိပါတယ်။ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ပြောကြားသည်။

 

၎င်းလိမ်လည်မှုလုပ်ငန်းများက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီသည့် အမြတ်များ ရရှိနေသည်ဟု ကုလက ခန့်မှန်းထားသည်။

 

BBC အပါအဝင် ကမ္ဘာ့သတင်းဌာနများက ၎င်း ရာဇဝတ်မှုကွန်ရက်အတွင်း ကျဆင်းခဲ့သည့် သားကောင်များနှင့် အကျယ်တဝင့် မေးမြန်းပြောဆိုခဲ့သည်။

 

၎င်းတို့ကို အလုပ် အလွယ်လုပ်ပြီး အကျိုးအမြတ် မတန်တဆ ရစေမည်ဟု ကြော်ငြာများက လှည့်ဖျားခေါ်ယူခံခဲ့ကြရပြီးနောက် ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သို့ လာရောက်ရန် လှည့်စားခံခဲ့ကြရသည်။

 

၎င်းတို့ ရောက်ရှိသည်နှင့် အကျဉ်းချခံလိုက်ရပြီး အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ် စေခိုင်းခံကြရသည်။ မလိုက်နာသူများမှာ လုံခြုံရေး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ကြရသည်။ အများအပြား ညှင်းပန်းနှိပ်စက်ခံကြရပြီး လူသားမဆန်သည့် ဆက်ဆံမှုများ ကြုံတွေ့ကြရသည်။

 

အချို့ကွန်ရက်များက အချစ်ရေး စိတ်ကူးယဉ်သူများကို ပစ်မှတ်ထားကြပြီး "ဝက်သား ခုတ်ဖြတ်ရောင်းချခြင်းလိမ်လည်မှုဟု အသိများကြသည်။ ယမန်နှစ်က ဝမ်းနည်းဖွယ်ဖြစ်စဉ်တွင် ၂၅ နှစ်အရွယ်ရှိ မလေးရှားနိုင်ငံသားတစ်ဦးသည် အွန်လိုင်းတွင်သာ စကားပြောဆိုဖူးသည့် "မိန်းကလေးချစ်သူ" နှင့် တွေ့ဆုံရန် ဘန်ကောက်သို့သွားရောက်ခဲ့စဉ် အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။

 

၎င်းကို မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရကာ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သည့် ကုမ္ပဏီတွင် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။ ဖျားနာဟန်ဆောင်သည်ဟု စွပ်စွဲကာ အရိုက်နှက်ခံရကြောင်း ၎င်း၏ မိဘများကို နောက်ဆုံးခေါ်ယူခဲ့သည့် ဖုန်းခေါ်ဆိုမှုများတွင် ပြောဆိုခဲ့သည်။ ၎င်းသည် ကြပ်မတ်ကုသဆောင်တွင် တစ်လအကြာ ကုသခံခဲ့ရသော်လည်း သေဆုံးခဲ့သည်။

 

တောင်အာရှနိုင်ငံများစွာတွင် စည်းမျဉ်းစည်းကမ်းမျာက နိုင်ငံတကာ စံချိန်စံညွှန်းများအောက် နိမ့်ကျနေပြီး ရောဂါကပ်ဘေးစတင်ဖြစ်ပေါ်စဉ်ကပင် အွန်လိုင်းလိမ်ညာမှုကို မလုံလောက်သော တုံ့ပြန်မှု "ကြီးကြီးမားမား” ဖြစ်ပေါ်နေသည်ဟု ကုလက ပြောသည်။

 

ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး အထူးအကြံပေး Pia Oberoi က ကျူးလွန်ခံရသူ သားကောင်များသည် ၎င်းတို့ကို လှည့်ဖျားလုပ်ကိုင်စေခဲ့သည့် အလုပ်၏ "အမည်းစက် စွန်းထင်မှုနှင့် ရှက်ရွံ့မှု”တို့ကြောင့် တိုင်ကြားမှုမပြုဘဲ နေခဲ့ကြသည်ဟု ဆိုသည်။

 

အစီရင်ခံစာတွင် ထပ်မံ ဖော်ပြထားသည်မှာ သင့်လျော်သော တုံ့ပြန်မှုအဖြစ် "စီစဉ်ဖွဲ့စည်းလုပ်ကိုင်သည့် ရာဇဝတ်မှုများကို ဖော်ထုတ်ဖြေရှင်းခြင်း သို့မဟုတ် နယ်စပ်ထိန်းချုပ်မှုကို အားဖြည့်ခြင်းသာမက လူကုန်ကူးခံရသည့် သားကောင်များအတွက် ကာကွယ်မှုနှင့် တရားမျှတမှုလည်း ပေးအပ်ရန်” လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

 

Mr Türk က အစိုးရများကို ၎င်းရာဇဝတ်မှုကွန်ရက်များ ပြတ်ပြတ်သားသား ဖြိုခွင်းရန် တောင်းဆိုလိုက်သည်။

 

ထိခိုက်တဲ့ နိုင်ငံအားလုံး အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် လေးနက်၍ ရေရှည်ခံသော အားထုတ်မှုများ အပါအဝင် လူ့အခွင့်အရေး ခိုင်မာအားကောင်းစေရန်နှင့် အုပ်ချုပ်စီမံမှုနှင့် တရားဥပဒေစိုးမိုးရေး တိုးမြှင့်ရန် လိုအပ်ကြောင်း” ၎င်းက ပြောဆိုသည်။

 

ကိုးကား - BBC

 

ပုံစာ - တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သော ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူများ (Photo: Chinese Embassy in Myanmar)

 

ကုလ အစီရင်ခံစာ
မြန်မာ
အွန်လိုင်း
ဆိုင်ဘာရာဇဝတ်မှု
အရှေ့တောင်အာရှ

Share With
bap-logo