Opinion
လိင်ကွဲပြားမှုပေါ် ရည်ရွယ်ဖြန့်တဲ့ စစ်ကောင်စီရဲ့ ဖိုဝါဒလက်နက်
3 years ago
လူဂုဏ်သိက္ခာမှာ အမျိုးသား၊ အမျိုးသမီး စသဖြင့် လိင်ဖြစ်တည်မှုပေါ် မူတည်ပြီး ကွဲပြားခြားနားစွာ ရှိမနေပါဘူး။
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တူညီတဲ့ ဂုဏ်သိက္ခာနဲ့အညီ လေးစားဆက်ဆံခံရမှုရှိရမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ယဉ်ကျေးမှုပညတ်တွေ၊ လူမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေ ပြွတ်ကျပ်နေတဲ့ မြန်မာနိုင်ငံအတွက် လူ့ ဂုဏ်သိက္ခာကို တိုင်းတာတဲ့အခါ တစ်လျှောက်လုံး စွဲလမ်းသယ်ဆောင်လာတဲ့ စံနှုန်းတွေပေါ် မူတည်ပြီး တိုင်းတာလေ့ ရှိပါတယ်။
အမျိုးသား၊ အမျိုးသမီး လိင်ကွဲပြားမှုပေါ် မူတည်ပြီးတော့လည်း လူ့ဂုဏ်သိက္ခာကျဆင်းအောင် နှိမ်ချ စော်ကား တာတွေ ပြုလေ့ရှိပါတယ်။ အထူးသဖြင့် ဖိုဝါဒ ကြီးစိုးမှုအောက်က ဖြစ်လာတဲ့ စံနှုန်းသတ်မှတ်ချက်တွေပါပဲ။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ အဲဒီ ဖိုဝါဒကြီးစိုးမှုအောက်က စံနှုန်းလက်နက်တွေကို အသုံးပြုပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ လူ့ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ အသုံးပြု နေခဲ့ပါတယ်။
အမျိုးသမီးတွေကို စော်ကားနှိမ်ချလိုတဲ့အခါမျိုးမှာ ထိုအရာကို တွင်တွင်ကျယ်ကျယ် သုံးစွဲတာဖြစ်ပါတယ်။
ဒါက စစ်ကောင်စီ ကိုယ်တိုင်တင်မကပါဘူး၊ ယင်းရဲ့ လက်အောက်ခံ လက်နက်ကိုင် တပ်သားတွေ၊ အမျိုးသား ရေးဝါဒီ ခေါင်းစဉ်တပ်ပြီး စစ်ကောင်စီကို ထောက်ခံကြတဲ့သူတွေဟာလည်း အဲဒီလိုမျိုး အမျိုးသမီးတွေကို နှိမ်ချစော်ကားမှုကို ဝါဒလက်နက်သဖွယ် ကြံရွယ်ပြီး သုံးစွဲကြပါတယ်။
အမြင်သာဆုံးဥပမာပြရရင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်မှာ လူငယ် ၁၁ ဦးကို ဖမ်းဆီးရမိတဲ့အကြောင်း စစ်ကောင်စီက ဓါတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်လာရာမှာ ဖမ်းဆီးရမိတဲ့ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး ငါးဦးရဲ့ ဓါတ်ပုံတွေကို “တရားမဝင်ပေါင်းသင်းနေသူ” ဆိုတဲ့ စကားလုံး အသုံး အနှုန်းနဲ့အတူယှဉ်တွဲ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။
ဒီလိုဖော်ပြမှုက စစ်ကောင်စီဟာ ဖမ်းဆီးရမိတဲ့ လူငယ်အမျိုးသမီးတွေရဲ့ လူ့ဂုဏ်သိက္ခာကို ရည်ရွယ်ချက်ရှိရှိ စော်ကားနှိမ်ချတာဖြစ်ပါတယ်။ အရိုးစွဲ ယဉ်ကျေးမှုစံနှုန်းတွေကို လိုက်နာလေ့ရှိတဲ့ လူ့အသိုက်အဝန်းအတွက် အမျိုးသားရေးဝါဒဖြန့်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး၊ လူငယ်အများစု စိတ်အားတက်ကြွစွာ ပါဝင်နေတဲ့ နွေဦး တော်လှန်ရေးရဲ့ ပုံရိပ်ကို ကျဆင်းအောင် ပြုလုပ်တာမျိုးလည်း ဖြစ်ပါတယ်။
ပြီးတော့ အရိုးစွဲ ယဉ်ကျေးမှုစံနှုန်းတွေအောက် အစွန်းရောက်အမျိုးသားရေးဝါဒအရ ကောက်ချက်ချမယ်ဆိုရင် “တော်လှန်ရေးကို အကြောင်းပြပြီး လူ့စည်းကမ်းပျက်ကြတယ်။ လက်မထပ်ဘဲ အတူနေကြတယ်” ဆိုတဲ့ ခေါင်းစဉ်တွေအောက်ကို ရောက်သွားနိုင်ပါတယ်။
မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ စံနှုန်းခေါင်းစဉ်အောက်မှာ ဒီအချက်ဟာ တော်တော့်ကို တာသွားတယ်လို့ ဆိုရမှာပါပဲ။
တော်လှန်ရေးကို နာမည်ပျက်စေအောင်၊ ပြည်သူတွေက တော်လှန်ရေးကို အယုံအကြည်မဲ့လာအောင် ရည်ရွယ် တာအပြင် တော်လှန်ရေးထဲမှာ ရှိနေကြတဲ့ အမျိုးသမီးတွေဟာ လူ့စည်းကမ်း ဖောက်ဖျက်သူတွေ ဆိုတဲ့ ဝါဒမှိုင်းကို လူထုဆီသွပ်သွင်းဖို့ ကြံရွယ်တာပဲဖြစ်ပါတယ်။
တကယ်တမ်းမှာ ဘယ်လိုပုံစံသောအကြောင်းမျိုးနဲ့ဖြစ်ဖြစ် ဖမ်းဆီးမိသူတွေကို ဖော်ပြတဲ့အခါမှာ မူလအမည် နာမကိုသာ ဖော်ပြခြင်းဟာ လူ့ဂုဏ်သိက္ခာကို လေးစားသူတွေ လိုက်နာရမယ့် ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။
အထက်ကလို ‘တရားမဝင် ပေါင်းသင်းနေထိုင်သူ’ ဆိုတာမျိုးကို ညွှန်းဆိုဖော်ပြခြင်းဟာ လူ့ဂုဏ်သိက္ခာကို လေးစားမှုမရှိဘဲ လူတစ်ယောက်ကို အပုပ်ချဖို့ တမင်သက်သက်ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
ဒီလိုလုပ်ရပ်မျိုးကို စစ်ကောင်စီဟာ အခုမှ လုပ်ဆောင်ခဲ့တာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် တော်လှန်ရေး မျိုးဆက်တွေမှာ အမျိုးသားနဲ့ အမျိုးသမီးအတူ ဖမ်းဆီးရမိတဲ့အခါမျိုးတိုင်းရဲ့ အများစုမှာ အခုလိုပဲ လူ့ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေး အစောပိုင်းကာလတုန်းကလည်း အမျိုးသားနဲ့ အမျိုးသမီးတွေ အတူတူ ဖမ်းမိတဲ့ အခါ သူတို့တွေဟာ လက်မထပ်ဘဲ တူတူနေကြတာဆိုတာမျိုး ရည်ရွယ်ပေါ်လွင်စေတဲ့ ဓါတ်ပုံတွေကို ဖော်ပြပြီး သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အမျိုးသားနဲ့အမျိုးသမီး အတူဖမ်းဆီးရမိချိန် သတင်း ထုတ်ပြန်မှုမှာ အမျိုးသမီးလွယ်ထားရတဲ့ ကိုယ်ဝန်အကြောင်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ညွှန်းဆိုပြီး လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် နှိမ်ချစော်ကားတာမျိုးထိ ရှိခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို အပျိုရည်စစ်မှု၊ မစစ်မှုနဲ့ တိုင်းတာတဲ့ လူ့အဖွဲအစည်းအတွက် ဒါဟာ အတော့်ကို ဝါဒဖြန့်မှိုင်းတိုက်လို့ ကောင်းတဲ့အချက်မို့ စစ်ကောင်စီဟာ ဖမ်းဆီးရမိတဲ့ အမျိုးသမီး တွေနဲ့ ပတ်သက်ရင် ထိုအချက်ကို အသုံးပြုပြီး ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။
တကယ်တော့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ လူ့ဂုဏ်သိက္ခာဟာ အဲဒီအချက်တွေပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ ဒါတွေဟာ လူတစ်ဉီး တစ်ယောက်ချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းကိစ္စရပ်သာ ဖြစ်ပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ မှာလည်း “ အရွယ်ရောက်ပြီးသော ယောကျာ်းနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း၊ ကိုးကွယ် သည့် ဘာသာကိုသော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်” ဟု ဖော်ပြထားတာဖြစ်ပါတယ်။
ဒါကြောင့် အရွယ်ရောက်ပြီးသား အမျိုးသားနဲ့ အမျိုးသမီး အတူနေထိုင်ခြင်း၊ ထိမ်းမြားခြင်း၊ မိသားစု ထူထောင်ခွင့်ခြင်းတွေဟာ အဆိုပါ သက်ဆိုင်သူတွေရဲ့ ပုဂ္ဂလိက အခွင့်အရေးသာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားနဲ့ အမျိုးသမီး အတူတူရှိနေတိုင်းဟာလည်း အတူတူနေ ထိုင်ပေါင်းသင်းနေတယ်လို့ ကောက်ချက်ချ စွပ်စွဲလို့မရနိုင်ဘူးဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ ယင်းကဲ့သို့သော ကိစ္စရပ်အပေါ် ဖြစ်ရပ်ပေါင်းများစွာမှာ မတူညီသောပုံစံ မျိုးစုံဖြင့် တူညီတဲ့စော်ကားနှိမ့်ချမှုကို အသုံးပြုပြီး အမျိုးသမီးတွေအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကား နှိမ်ချနေခဲ့တာပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေကို စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်တာကို ကျူးလွန်တာလည်း စစ်ကောင် စီနဲ့ ယင်းလက်အောက်ခံတပ်သားတွေပဲဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို အမျိုးသမီးတွေသာမက လိင်စိတ်ခံယူမှုကွဲပြားသူတွေပါ ကျူးလွန်ကြတာဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားတွေအပေါ်လည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အတူတူ ဖမ်းမိထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေကို စစ်မေးရာမှာလည်း ဂုဏ်သိက္ခာ ထိခိုက်အောင် အမျိုးမျိုးသော မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ စစ်ကြောရေးက လွတ်မြောက်လာသူတွေ၊ အကျဉ်းထောင်က ထွက်လာသူ တွေရဲ့ အင်တာဗျူးတွေမှာ မြင်ရ ကြားနေရပါတယ်။
အဆိုပါ အချက်တွေဟာ စစ်ကောင်စီက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအပေါ် အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားနှိမ့်ချမှုပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးထဲက အမျိုးသမီးတွေကို နှိမ့်ချပုံဖျက်ရာမှာ သုံးတဲ့ စစ်ကောင်စီရဲ့ ဖိုဝါဒလက်နက်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီလို စစ်ကောင်စီ ဝါဒဖြန့်တဲ့ ဖိုဝါဒလက်နက်ဟာ လူသားဂုဏ်သိက္ခာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ ဆိုတာဟာလည်း လူသားတစ်ယောက်ပဲဖြစ်တာမို့ ဂုဏ်သိက္ခာတူညီစွာ ရှိနေခဲ့ပြီးဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်ကို မျိုးစုံသောနှိမ်ချစွပ်စွဲမှုတွေနဲ့ လူ့ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူဆောင်ရွက်နေ သလို တော်လှန်ရေးထဲမှာရှိနေတဲ့ အမျိုးသမီးတွေအပေါ် ယုတ်ညံ့တဲ့ ရည်ရွယ်ချက်နဲ့ ချိုးနှိမ်စော်ကားပြီး အပုပ်ချ နေတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေကို အမည်နာမတပ်ခေါ်ဖို့ရာတောင် စကားလုံးခပ်ရှားရှားပဲလို့သာ ဆိုရပါတော့မယ်။
Burma Associated Press