Opinion
သတိ အနှောင့်အယှက်ရှိသည်
လွန်ခဲ့သော ၂ နှစ် က
ထိုင်းနိုင်ငံ၌ ဖမ်းဆီးရမိခဲ့သော ဗမာနိုင်ငံသား လက်နက်ပွဲစားနှင့် မူးယစ်ဆေးမှောင်ခိုဟု ဆိုသူ တစ်ယောက်၏ အမှုက ဟိုးလေးတကြော်ဖြစ်လာသည်။ သာမန်အားဖြင့်ထိုကိစ္စမျိုးက သူ့လမ်းကြောင်းနှင့်သူ ဖော်ထုတ်အမှုဖွင့် ပြီး အရေးယူလိုက်ရုံသာရှိသော်လည်း ယခုတော့ ထိုကိစ္စက လူအများကြား စိတ်ဝင်တစားနှင့် မျက်လုံး ဒေါက်ထောက် စောင့်ကြည့်ရသည်အထိ ဖြစ်လာသည်။
ဤသည်မှာ ဖမ်းဆီရမိသူထံမှ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများနှင့် ပတ်သက်၍ဖြစ်သည်။ သိမ်းဆည်းရ မိသည့်အထဲ စိတ်ဝင်စားစရာက စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သမီးအမည်နှင့် ဘဏ်စာအုပ်ပါသလို သားအမည်နှင့်ဝယ်ယူထားသော ဘတ်ငွေသန်းချီတန်သည့် အဆင့်မြင်ကွန်ဒိုပိုင်ဆိုင်မှုများလည်း ပါဝင်ခြင်းပင် ဖြစ်၏။
စင်စစ်မူ စစ်ကောင်စီ၏မူးယစ်ဆေးဝါးနှင့် ဆက်နွယ်မှုက အချိန်အတန်ကြာကတည်းက ထွက်နေခဲ့သော သတင်းဆိုလျင် မှားမည်မဟုတ်။ ပြီးခဲ့သည့်ကာလများအတွင်း ပြည်တွင်း၌ဖမ်းဆီးရမိသော ကျပ်ငွေ သိန်းပေါင်း သောင်းချီ တန်ကြေးရှိသည့် အမ်ဖက်တမင်းနှင့် ဘိန်းဖြူအပါအဝင် အခြားသော မူးယစ်ဆေးဝါးများ သတင်းတို့ အားကို မှတ်မိကြလိမ့်မည်ထင်၏။
ရှမ်းပြည်နယ်တွင်သာမက ရခိုင်ဖက်နေရာတချို့တွင် ဖမ်းဆီးမိသမျှက နောက်ပိုင်း၌ အားလုံးလိုလို သတင်း အစအန ပျောက်ကွယ်ခဲ့ခြင်းဖြစ်သည်။
တကယ်တမ်းမူ ထိုမျှပမာဏများပြားသော မူးယစ်ပစ္စည်းများသည် အမျိုးသားရေးနှင့်ပါ ဆက်စပ် နေခြင်း ဖြစ်သော်လည်း အားလုံးက အစအနရှာမရအောင် စုတ်စမြုပ်စ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ပြန်လည်စိစစ် ကြည့်လျင် အဆိုပါ ဖမ်းမိမှုများဖြစ်ခဲ့သော အချိန်တွေကလည်း နိုင်ငံတကာ၏ နိုင်ငံရေး သို့မဟုတ် မူးယစ် ဆေးဝါးနှိမ်နှင်းမှု စသည်ဖြင့် ဖိအားတစ်စုံတရာရှိနေချိန်တို့ ဖြစ်နေတတ်ခြင်းကလည်း သတိပြုစရာဖြစ်သည်။ နောက်ပိုင်းအစပျောက် ကုန်သည့်သာဓကနှင့် ဆက်စပ် စဉ်းစားလျင် အဖြေကို ဆဝါးကြည့်နိုင်မည်ဖြစ်သည်။
ယခုအခါ ထိုင်းစစ်ဖက်ခေါင်ဆောင်တစ်ယောက်၏ ဗမာပြည်ခရီးစဉ်သတင်းကြားရသည်။ ထူးခြားသည်က ဒေသတွင်း အုတ်အော်သောင်းနင်းမရှိဘဲ အသံသိပ်မထွက်ခြင်းဖြစ်သည်။ စင်စစ်ထိုင်းနှင့် ဗမာဆက်ဆံရေးက အစိုးရချင်း တရားဝင်ဆက်ဆံရေးအပြင် အချိန်ကြာမြင့်စွာကတည်းက စစ်ဖက်ဆက်ဆံရေးသည်လည်း ခိုင်ခိုင် မာမာရှိခဲ့ခြင်းက သေချာမှုတစ်ခုဖြစ်သည်။
ထိုင်းတို့အတွက် ၎င်းတို့ပြည်တွင်းလုံခြုံရေးနှင့် နယ်စပ်ကိစ္စများတွင် ဗမာနှင့် အစိုးရချင်းထက် စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်မှုမျိုး ထူထောင်ထားခဲ့သည်ကကြာပြီဖြစ်၏။ ဗမာဖက်၌ စစ်ဖက်က အမြဲကြီးစိုးသည့် နိုင်ငံရေးတစ်ရပ် ရှိနေသ၍ ထိုပုံစံက အဓွန့်ရှည်နေမည်ကသေချာလှသည်။
အခြားတစ်ဖက်၌မူ ထိုင်းနှင့်ဗမာကြား အတိတ်ရှေးဘုရင်များလက်ထက်က ရှိခဲ့သောရန်ကြွေးတွင် အခြေခံသည့် အမြင်ရှိမည်။ ထိုသို့ဖြင့်အတိတ်ကဗမာနှင့်ထိစပ်သည့်နယ်စပ်များရှိ တိုင်းရင်းသား လက်နက်ကိုင်များအား ထောက်ပံ့ထားသည့် ကြားခံနယ်စနစ်ကို ကျင့်သုံးခဲ့သည်။ သည်ဖက်ခေတ် ရောက်လာချိန်၌ ကုန်သွယ်စီးပွားနှင့် လုံခြုံရေးကို ချိန်ညှိရင်း ကိုယ်ကျိုးစီးပွားကိုကာကွယ်သည်။ ယာလည်းညက်စေ ကြက်လည်းမောစေ ဗျူဟာဖြစ်သည်။
ထိုင်းစစ်ဖက်ခေါင်းဆောင်တစ်ဦး လက်ရှိအချိန်ရောက်လာသည့် ကိစ္စကတော့နိုင်ငံချင်းကိစ္စထက် စစ်ခေါင်းဆောင်၏ မိသားစုရေးရာဘက် ပိုများမည်ဟု ခန့်မှန်းရသည်။ ထိုင်းတွင် ဖမ်းမိသော လက်နက် ပွဲစားနှင့် ဆက်စပ်ကိစ္စအရ တစ်နွယ်ငင်တစ်စင်ပါ ဖြစ်လာနိုင်ချေ တချို့ရှိမည်ဖြစ်ရာ ထိုအတွက် မျက်ဖြေလင်္ကာ ဆက်သရင်း တစ်စုံတရာ စျေးဆစ်ခြင်း၊ ညှိနှိုင်းခြင်းများ ရှိကောင်းရှိ နိုင်သည်။
အခြားတစ်ခုအနေနှင့် သတိထားသင့်သည်က ထိုင်းနှင့်ထိစပ်နေသည့် ဒေသများတွင်းအခြေချ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ အရေးဖိအားပေးရန်ဖြစ်သည်။ ဤသည်က တော်လှန်ရေးကို တစ်စုံတစ်ခု ရိုက်ခတ်လာနိုင်သည့်အတွက် ကြိုတင်စဉ်းစားသင့်သည် တို့ ပြင်ဆင်ထားကြရန်လိုမည်။
မည်သို့ဆိုစေ ထိုဖမ်းဆီမှု၏ နောက်ဆက်တွဲ ဗမာပြည်ကိုစစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့သည့် ကုမ္ပဏီစာရင်းတချို့ ပေါ်ထွက်လာရာ ထိုအထဲအ နောက်အုပ်စုဝင်နိုင်ငံများထဲက ပါသလို အစ္စရေးပါသည်။
ထို့အတူ အိမ်နီးချင်းအိန္ဒိယနှင့်တောင်ကိုရီးယားကိုလည်းမြင်ရရာ ထိုလမ်းကြောင်းကိုဖြတ်တောက်ရန် ယခုထက် ပိုမိုစုစည်းစွာဖြင့် ကြိုးပမ်းကြရန်လိုပေမည်။ ဆာဆာကာဝါသည် စစ်ကောင်စီ၏ အကူအညီ တောင်းခံမှုကြောင့် ထိုင်းဝန်ကြီးချုပ်နှင့်တွေ့သည့်ကိစ္စကလည်း ဗမာ့နိုင်ငံရေးတွင် မေ့ထား၍မဖြစ်သည့် အကြောင်းဖြစ်သည်။
ဆိုရလျင် လက်ရှိ ဗမာ့နိုင်ငံရေးက သပွတ်အူတမျှ ရှုပ်ထွေးသည့် အခြေအနေတွင်ရှိနေသည်။ ပြည်တွင်းရှိ ခုခံရေး အုပ်စုများကြားယေဘုယျအားဖြင့် နိုင်ငံရေးရည်မှန်းချက်အရာတွင် တစ်သံတည်း ရှိသည် ဆိုနိုင်သည့် တိုင် အခြားဖက်ရှိ အိမ်နီးချင်းနှင့် နိုင်ငံတကာဆက်ဆံရေး၌မူ ရှုပ်ထွေးအောင် ဖန်တီးမှုများ၊ ကိုယ်ကျိုးအခြေခံ ဝင်ရောက်စွက်ဖက်မှုများ စသည်ဖြင့် ရှိနေရာ ထိုအရာများ၏ ဆုံချက်က တော်လှန်ရေး၏ အားနည်းရာအားနည်း ကြောင်းဆီ မြားဦးပြလျက်ရှိ၏။
ဤသည်ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ရင်း မှန်ကန်သောတုံ့ပြန်ဆောင်ရွက်မှုဖြင့် တော်လှန်ရေး၏ အဆုံးသတ်ဆီ ချီတက်လျှောက်လှမ်းနိုင်ရန် လိုအပ်လှပေသည်။
Top News
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၄ ရက် က
လွန်ခဲ့သော ၂၄ ရက် က