Opinion
သတိထားရမည့် အိမ်နီးချင်း
လွန်ခဲ့သော ၃ နှစ် က
ဗမာပြည်က တရုတ်နှစ်သစ်ကူးပွဲတော်သို့ စစ်ခေါင်းဆောင်တက်ရောက်သည့်သတင်းကို တရုတ်၏ အချို့သော သတင်းစာမျက်နှာများတွင် ဖော်ပြခဲ့သည်။ အရေးကြီးသတင်းအသွင် တခုတ်တရ မဟုတ်စေကာမူ ထိုဖော်ပြ ချက်၌ပင် ဗမာ့ပြည်နှင့် ပတ်သက်သောသူတို့၏ သဘောထား တစ်စိတ် တစ်ဒေသကို မြင်ရသည်။
တရုတ်သည် ဗမာပြည်အတွက် လက်နက်ခဲယမ်းကအစ အခြားသောနိုင်ငံတည်ဆောက်ရေး လိုအပ်သည့် အကူ အညီများပေးခဲ့သည်က အစဉ်အဆက်ဖြစ်၏။ အထူးသဖြင့် ၈၈ အရေးအခင်း ကာလနှင့် ထို့နောက် ပိုင်းကူညီမှုများက ယခင်ကာလများနှင့်မတူ အဆများစွာပိုလာခဲ့သည်။ တစ်ဖက်က ကြည့်လျင် ဤသည်က နှစ်နိုင်ငံလုံးအတွက် စီးပွားရေးတောင်းဆိုမှုတို့ များလာချိန်ဖြစ်၍ သိပ်ပြီး ထူးခြားသည်တော့ မဆိုသာ။
စီးပွားရေးနှင့်ဆက်စပ်ပြီး ကျွဲကူးရေပါဆိုသလို အပြန်အလှန်အကျိုးစီပွားတို့ မြင့်တက်လာချိန် ပြုမြဲထုံးစံဟု သာဆို ရလိမ့်မည်။ ထိုကာလ ကမ္ဘာ့နိုင်ငံရေးကလည်း ထိုအခြေအနေကို ပို၍ မီးထိုးပေး သလိုရှိ နေခဲ့သည်။ ကမ္ဘာ့ရေစီး ကြောင်းအပြောင်းအလဲ၏ အစပိုင်းကာလ ကမ္ဘာ့နိုင်ငံရေးတွင် အုပ်စုအလိုက် သက်ရောက်မှုများ ကျန်ရှိနေသေးရာ ဗမာ့အရေးသည်လည်း ထိုအရိပ်အငွေ့များ အောက်တွင် လူးလွန့်ခဲ့ရခြင်းဖြစ်သည်။
ထိုအခြေအနေကြောင့် အထီးကျန်စစ်အုပ်စုသည် တရုတ်၏ထီးရိပ်အောက် ပိုခိုင်မြဲသလိုဖြစ်ခဲ့သည်။ စင်စစ် တရုတ်၏ အကူအညီဆိုသည်က ထုံးစံအတိုင်းနှောင်ကြိုးကြီးကြီးမားမားနှင့် တည်ဆောက်ထားရာ နောက်ပိုင်းတွင် စစ်ခေါင်းဆောင်များက ထိုအချင်းအရာကို ကြိုတင်တွက်ဆရင်း ပြည်ပဆက်ဆံရေးတွင် အနောက်အုပ်စုကိုပါ ဦးတည် ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။
မည်သို့ဆိုစေ လက်ရှိအချိန်တွင် စစ်ခေါင်းဆောင်၏ မဟာဗျူဟာစဉ်းစားပုံ အလွဲအချော်တို့ကြောင့် ခြေလွန် လက်လွန်ဖြစ်ခဲ့ခြင်းများ တစ်ပုံကြီးကြုံခဲ့ရပြီး ထို့အနက် ယခုတိုင် မဖြေရှင်းနိုင်သေးသော မြစ်ဆုံလိုကိစ္စများက ခုထိရိုက် ခတ်နေဆဲဖြစ်သည်။
အလားတူစွာ နိုင်ငံ့ခါးလယ်ကဖြတ်ဆွဲထားသော ရေနံပိုက်လိုင်းနှင့်တတ်နိုင်သမျှ ပြန်လည် စျေးဆစ်ရင်း အပွန်းအပဲ့နည်းအောင် ကြိုးစားထားရသည့်ကျောက်ဖြူစီမံကိန်း စသည်ဖြင့် ရှေ့ဆက် ဖြေရှင်းရမည့် ပြဿနာတို့ ကျန်သေးသည်ကလည်းအမှန်ဖြစ်၏။
လက်ရှိကာလက ဗမာပြည်အတွက်အရေးကြီးသော တော်လှန်ရေးကာလဖြစ် သည်။ အချိန်အားဖြင့်လည်း ၂နှစ်ရှိပြီ ဖြစ်ရာ နိုင်ငံတကာရေးရာများတွင် တွက်ဆစရာတို့ ပိုမိုများပြားရှုပ်ထွေး လာချိန် ဖြစ်သည်။ အစ ပထမကာလ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းများ၏ သဘောထားက ထင်မြင်ချက် ပေးသည်ထက် စောင့်ကြည့်သည့် အနေအထားတွင် ရှိကြသော်လည်း အချိန်တစ်စုံတစ်ရာ ကြာလာသည်နှင့်အမျှ ၎င်းတို့၏ သဘောထားတစ်စွန်းတစ်စတို့ကို စတင်မြင်တွေ့ ကြားသိ လာရချိန်လည်းဖြစ်သည်။
မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့လို စစ်ကောင်စီကိုစိတ်ပျက်စွာ ဝေဖန်သည့် နိုင်ငံများ ရှိလာသည်။ အထူးခြားဆုံးက ဗမာ့အရေးကိစ္စနှင့်ပတ်သက်တိုင်း ဗီ တိုအာဏာကို တွင်တွင်သုံးခဲ့သော တရုတ်သည် ပြီးခဲ့သော လုံခြုံရေးကောင် စီ၏ အဆုံးအဖြတ်တွင် မဲမပေးဘဲ ရေငုံနှုတ်ပိတ်နေခဲ့ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ဤသည်က စစ်ကောင်စီအပေါ်တရုတ်တို့ မည်မျှစိတ်ပျက်နေကြောင်း သာဓကဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။
သို့သော် ကမ္ဘာ့နိုင်ငံရေးက တစ်အပေါင်းတစ် ညီမျှခြင်းနှစ်ဆိုသလို မရိုးရှင်းသည်က အမှန်ဖြစ်၏။ နည်းပရိယာယ် နှင့်ဗျူဟာများအပြင် စားပွဲအောက်က တိတ်တဆိတ်သွားရင်း မထင်မှတ်သည်တို့လည်း ပေါ်ထွက်လာတတ်ရာ အား လုံးကို ကံသေကံမ တွက်ဆထား၍မရဟု ဆိုရပေမည်။
ပြီးခဲ့သည့်နှစ်ထဲ စစ်ကောင်စီသည် တရုတ်ထက်ရုရှားဘက်ပိုယိမ်းပြသည့် လက္ခဏာတချို့ ရှိခဲ့သည့်တိုင် ဤသည်မှာ တရုတ်၏ ဗမာနှင့်ပတ်သက်သောမူဝါဒ အပေါ်ကြီးကြီးမားမား သက်ရောက် နိုင်ချေရှိမည် မဟုတ်ခြင်းက သေချာသည်။ နိုင်ငံတကာရေးကိစ္စများနှင့်ပတ်သက်လျင် တရုတ်သည် အမြဲတန်းစိ တ်ရှည်တတ်သည်ကို မေ့မထားရန် လိုမည်။
လက်ရှိအချိန်တွင် တရုတ်နှင့်အမေရိကန်တို့၏ တောင်တရုတ်ပင်လယ်နှင့်ထိုင်ဝမ်အရေး ထိပ်တိုက် တွေ့ဆုံနေခြင်းရှိမည်။ တစ်ဖက်တွင်လည်း ကုန်သွယ်ရေးမညီမျှမှုနှင့် ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုတွင် မတူညီသော သဘောထားများရှိမည်။ ထိုမှတပါးတရုတ်၏ ကမ္ဘာလုံးသဘော ဆောင်သော ခါးပတ်လမ်း စီမံကိန်းနှင့်တွက်ဆလျင် ဗမာသည် တရုတ်တို့အတွက် မဟာဗျူဟာအရ အရေးပါသည့်နိုင်ငံအဆင့်ကနေ တပြားသားမျှလျော့ကျ သွားခြင်းမရှိပေ။
ထို့အတွက် စစ်ကောင်စီ၏အဆင်ခြင်မဲ့လုပ်ရပ်များကြောင့် သူ့သိက္ခာပိုင်းတစ် စုံတစ်ရာ ထိပါးမည့် အရေး ရှောင်လွှဲလိုခြင်းမှအပ ဗမာ့အရေးက တရုတ်တို့ခေါင်းထဲ အမြဲတမ်းအရေးပါသည့်နေရာတွင် ရှိနေလိမ့်မည်။
တချို့သတင်းများအရ အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်အစိုးရထံ ချဉ်းကပ်ပြီး ဗမာပြည်တွင်းက အစုအပြုံလိုက် သတ်ဖြတ်ခံ နေရမှုများကို အကာအကွယ်ပေးရန် no fly zone ကိစ္စ စဉ်းစားနေသယောင် ရေးသားကြခြင်းများ တွေ့ရသည်။ သို့ရာတွင် ထိုသို့လုပ်ရန်က အမေရိကန်အနေနှင့် ပထမဆုံးထိပ်တိုက် တွေ့နိုင်သည့် တရုတ်ကို ထည့်မတွက်၍ မရခြင်းက သေချာသည်။
ဗမာမက ဘင်္ဂလားဒေ့ရှ်၌ပါ အကျိုးစီးပွားမက နိုင်ငံရေးအရပါ ကြီးမားသောဆက်နွယ်မှုများ တည်ဆောက် ထားရာ no fly zone ကိစ္စက လတ်တလောအနေနှင့် ဖြစ်နိုင်ချေနည်းပါးသည်ဟု သာဆိုရမည်။ အကယ်၍ အမေရိကန်၏ လုပ်ဆောင်မှု အမှန်တကယ် ရှိလာလျင်တောင် တစ်ဖက်တွင် စစ်ကောင်စီက တရုတ်အား ယခုထက် အခွင့်အရေးများ ပိုမိုပေးအပ်ခြင်းဖြင့် အမေရိကန်ကို တန်ပြန်ပါက မည်သို့ရှိမည်လဲက တွေးစရာဖြစ်၏။
NUG ကတော့ သံတမန်ဆန်ဆန် တရုတ်၏ ရပ်တည်ချက်အတွက် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။ သို့ရာတွင် ထိုတစ်ချက်တည်းနှင့်တော့ တရုတ်၏ပါဝင်ပတ်သက်မှုကို အတတ်ပြော၍ မဖြစ်နိုင်ပေ။ အလားတူစွာ နိုင်ငံရေးတွင် "တိုက်ဆိုင်တယ်ဆိုတာမရှိဘူး" ဆိုသည့် စကားကိုလည်း အမြဲနှလုံးသွင်းရင်း အစစအရာရာ၌ ပညာဉာဏ်ဖြင့် အမြော်အမြင်ရှိရှိ ဆင်ခြင်ချဉ်းကပ်ကာ တော်လှန်ရေး အောင်ကြောင်းဆီ တက်လှန်းနိုင်ရန် လိုအပ်လှပေသည်။