bap-logo
Editorial

သတိပြုအပ်သော ပုံစံကျ သွတ်သွင်းမှု

NSggt-2qoKRFGCRpgBy3i-image

လွန်ခဲ့သော ၃ နှစ် က

လူ့အဖွဲ့အစည်းတစ်ခုကို နေသားတကျ ဖြစ်သွားစေရန် ပုံစံခွက်အတွင်းသို့ သွတ်သွင်း၍ အုပ်ချုပ်တတ်သည်မှာ အာဏာရှင် တို့၏ အမူအကျင့် ဖြစ်သည်။ ဖိနှိပ်အုပ်ချုပ်သည်။ ဆုပေးဒဏ်ပေး ပြုမူသည်။ အလွန်တင်းကြပ်သည့် ဥပဒေများ ထုတ်ပြန် ၍ ဖိနှိပ်အုပ်ချုပ်တတ်သည်။
 
အာဏာပိုင်နှင့် နီးစပ်သူ၊ အာဏာပိုင်အလိုကျ ယိမ်းကတတ်သူများကို မျက်နှာသာ ပေးတတ်သည်။ အခွင့်အရေး ပေးတတ်သည်။ ဆန့်ကျင်သူကို အလွန်အမင်း အင်အားသုံး၍ ဖိနင်းအုပ်ချုပ်သည်။ ငြိမ်ဝပ်ပိပြားစေရန်သာ အလေး ထားပြီး လူ့အခွင့်အရေးဆိုင်ရာများကို မျက်ကွယ်ပြု လျစ်လျူရှု့ဖောက်ပျက်ကျူးလွန်ကြသည်။ လိုက်နာခြင်း မရှိဘဲ တိတိပပ ချိုးဖောက်တတ်ကြသည်။
 
ထိုအခါ လူ့အဖွဲ့အစည်းက ကြောက်ရွံ့လာခြင်း၊ ဘေးတွေ့မည်ကို ရှောင်ရှားလာခြင်း၊ အန္တရာယ်နှင့် လွတ်ကင်းအောင် နေထိုင်လာခြင်းများ ဖြစ်လာသည်။ ယင်းကြောင့် လူအဖွဲ့အစည်းအတွင်း မတူညီသော အုပ်စုအဖွဲ့များစွာ ကွဲပြားလာပြီး ယင်းတို့ အချင်းချင်းကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်၍ ပဋိပက္ခများ ဖြစ်လာသည်။ စည်းလုံးညီညွတ်မှု ပျက်ပြားလာသည်။
 
ယင်းသို့ဖြင့် နေသားတကျ ဖြစ်လာသည့်အခါ အာဏာရှင်များသည် တင်းထားသည့် တင်းအားများနှင့် ဖိအားများကို အနည်းငယ် ဖြေလျော့ပေးလာသည်။ ထိုသို့ ဖြေလျော့သည်မှာလည်း မိမိလိုချင်သ၍ကို အပိုင်ရပြီးမှ၊ တနည်း လိုသည် ထက် ပိုမိုသိမ်းယူပြီးမှ အနည်းငယ် ပြန်လည်ဖြေလျော့ပေးခြင်းသာ ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ရှိအပ်သည့် လွတ်လပ်ခွင့်အားလုံးကို အလုံးစုံသိမ်းယူ၍ အရေးမပါသော အနည်းငယ်မျှ အခြေအနေတို့ကို လျော့ပေးခြင်းသာဖြစ်သည်။
 
ထိုအခြေအနေများကို လူ့အဖွဲ့အစည်းသည် အပြုသဘောဆောင်သည့် အကောင်းဘက်သို့ ဦးတည်လာသယောင် ထင်မှတ် မှားစေတတ်သည်။ ကွဲပြားသွားသော အုပ်စုများတွင် အခြေအနေဆိုးများကို ရင်ဆိုင်ရပြီး ဘဝပျက်သွားသူများ၊ ရှောင်တိမ်း နေထိုင်ရင်း မိမိနှင့် မဆိုင်သလို ဖြစ်သွားသူများနှင့် အာဏာရှင်ကို ရင်ဆိုင်ခုခံတော်လှန်ရင်း အခက်အခဲများစွာကို အသက်ရင်း၍ ဖြတ်သန်းနေကြသူများ၊ ရှင်သန်ရန် ကြိုးစားရင်းဖြင့် အာဏာရှင်၏ မျက်နှာသာ ပေးခံရပြီး အခွင့်ထူးခံရသူ များဟူ၍ အသီးသီး ရှိလာခဲ့သည်။ ထို့အပြင် အာဏာရှင်နှင့် အာဏာရှင်ဘက်မှ ရပ်တည်သူများသည်လည်း ရှိရင်းစွဲ ရှိနေတတ်သည်။
 
စစ်ကောင်စီသည် အထက်ပါအခြေအနေများ အားလုံး၏ ပုံစံသို့ ရောက်ရှိအောင် တွန်းပို့နေသည်ကို သတိပြုအပ်သည်။ အများပြည်သူသည် ကျပ်တည်းမှု အထွေထွေကို ရုန်းကန်ဖြေရှင်းရင်း အသားကျ၍ ပုံစံခွက်အတွင်းသို့ တအိအိ ထိုးထည့် သွတ်သိပ်ခံနေရပြီ ဖြစ်သည်။ တဖက်တွင် အလွန်အမင်း ဖိနှိပ်ပြီး တဖက်တွင် နေသာထိုင်သာ ရှိနေ သယောင် ဟန်ပြလာ နေသည်။
 
ထိုအခြေအနေတွင် ယင်းကို ထောက်ခံ၍ ယင်းဘက်သို့ ယိမ်းသည့် အစုအဖွဲ့များကလည်း ထိုးကွင်းတပြင်ပြင် ဖြစ်လာ ကြသည်။ အခြေအနေ လှဟန်ကျပါက ပါဝင်၍ ကပြကြရန် အသင့်ဖြစ်နေကြသည်။
 
ထိုသို့သော အကြောင်းအမျိုးမျိုးကြားတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကို ထွက်ပေါက်ယူ၍ နိုင်ငံရေးအာဏာနှင့် အာဏာရှင်စနစ် တည်မြဲရေး အားထုတ်လာနေသည်။ ယင်းတို့ အလိုရှိသည့် နိုင်ငံရေးအခင်းအကျင်း၊ အင်အား၊ အခြေအန၊ ထိန်းချုပ်နိုင်မှု စသည့်အခင်းအကျင်းများကို စစ်ကောင်စီသည် တည်ဆောက်နေသည်။
 
ယင်းအခြေခံများ တည်ဆောက်ပြီးသည်နှင့် ရွေးကောက်ပွဲကို အသုံးချ၍ စစ်ကောင်စီ အသိုင်းအဝိုင်းကြီးစိုးသည့် နိုင်ငံအုပ် ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစနစ်များဆီသို့ ဦးတည်သွားမည်သာ ဖြစ်သည်။
 
ထိုအခြေအနေသို့ ဆိုက်ရောက်ပါက မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီဖြင့် အလှမ်းဝေးမည်သာ ဖြစ်သည်။ အများပြည်သူသည်လည်း သွတ်သွင်းခံ ပုံစံခွက်အတွင်း နေထိုင်မှုတွင် နေသားကျသွားနိုင်မည်ကို သတိပြုအပ်ပါသည်။
 

 

နိုင်ငံရေး

Share With
bap-logo