Weekly
BAP တစ်ပတ်အတွင်း သတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၂၉။
ရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ချုပ် ပစ်သတ်ခံရ
စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒုဗိုလ်မှူး ကြီး ဦးစိုင်းကျော်သူဟာ ဧပြီ ၂၂ ရက်မှာ For the Yangon မြို့ပြတော်လှန်ရေးအဖွဲ့ရဲ့ ပစ်သတ်ခြင်းခံခဲ့ရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲ မလျော် ဩဇာ သုံးမှုပုဒ်မ ၁၃ဝ(က)နဲ့ တရားစွဲဆိုရာမှာ တရားလိုပြ သက်သေအဖြစ် လိမ်လည်ထွက်ဆိုခဲ့တဲ့အတွက် ပစ်ခတ်ခဲ့ ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးစိုင်းကျော်သူဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးမြှင့်ဖို့အထိ လျာထားခြင်း ခံရသူ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ NUG၊ CRPH တို့ရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားတွေက နိုင်ငံတော် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ပြီး အခုလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတယ် ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ချုပ် ပစ်ခတ်ခံရမှုအပြီးမှာတော့ နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ လုံခြုံရေးဂယက်ထနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့မှာ စစ်ဗိုလ်ချုပ်တွေရဲ့ စီးပွားရေးအကြံပေး မင်းတေဇာညွန့်တင်ကို Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါသေးတယ်။
ဘန်ကီမွန်း ခရီးစဉ်
ကိုရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း တစ်ဖြစ်လဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ်စတာ ဘန်ကီမွန်းဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ တရားဝင်ဒီမိုကရေစီအစိုးရတစ်ရပ် ထူထောင် နိုင်မယ့် လမ်းကြောင်း ရှာဖွေပေးဖို့ ရည်ရွယ်ချက်နဲ့ ဧပြီ ၂၃ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။
နောက်တစ်ရက် ဧပြီ ၂၄ ရက်မှာတော့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်း သီးခြားတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံမှုတွေအတွင်းမှာ မစ်စတာဘန်ကီမွန်းဟာ စစ်ခေါင်းဆောင်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGနဲ့ တွေ့ဆုံအဖြေရှာဖို့ တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
မစ်စတာ ဘန်ကီမွန်းအနေနဲ့ အခုလို စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခြင်းဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့အပြင် လူမိုက်ကို ပွဲထုတ်နေခြင်းသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တုံ့ပြန်ထားပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ ကုလအတွင်းရေးမှူးချုပ်သက်တမ်းအတွင်း မြန်မာစစ်ဗိုလ်တွေနဲ့ ညှိုနှိုင်းဆောင်ရွက်မှု တွေ ပြုလုပ်ဖို့ မြန်မာကို အကြိမ်ပေါင်းများစွာရောက်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ရက်ဆက်လာနေတဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်တွေမကဘဲ အရပ်သားနေထိုင်ရာနေရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ကျူးလွန်နေပါတယ်။
ယခုတစ်ပတ်အတွင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက ဆောင်းဖွေးရွာဆေးရုံကို ဂျက်လေယာဉ်နဲ့ ဧပြီ ၂၅ ရက်မှာပဲ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို အကြောင်းမဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးပေးခန်း အဆောက်ဦ ၂ လုံး၊ ဆေးခန်းတွင်းက ကုသရေးဆိုင်ရာ ဆေးပစ္စည်းတွေ၊ ဆိုင်ကယ်နဲ့ ကားတချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် ဗုံးကြဲမှုအပြီးမှာတော့ ဆေးရုံထဲက ဖန်ပေါင်းချောင်ထဲမှာ ကျန်ရစ်ခဲ့တဲ့ သုံးရက်သား ကလေး ငယ်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။
ဧပြီ ၂၇ ရက်မှာလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထန်တလိုရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တဲ့အပြင် ကလေးငယ် ၂ ဦးအပါအဝင် ဒဏ်ရာရသူ ၆ ဦးထိ ရှိတယ်လို့ သိရပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ရေကြောင်းပညာနဲ့ လေကြောင်းပညာ ကျွမ်းကျင်လူငယ်တွေ ပေါ်ထွက် လာအောင် ဆိုပြီး ဧပြီ ၂၄ ရက်မှာ လူငယ် တစ်ထောင့်သုံးရာကျော်ကို စတင်သင်တန်း ပေးနေပါတယ်။
၄ ပတ် ကြာမြင့်မယ့် သင်တန်းမှာတော့ နျူကလီးယားသတင်းအချက်အလက်စင်တာ လေ့လာရေး အပါအဝင် စစ်ရေယာဉ်တွေနဲ့ လေကြောင်းဆိုင်ရာလေ့လာရေးအစီအစဉ်တွေကိုပါ ထည့်သွင်းသင်ကြားမယ်လို့ သိရပါတယ်။
နိုင်ငံရေး မှတ်ပုံတင်ခွင့်တွေ ဆက်တိုက်ချပေး
ရွေးကောက်ပွဲကနေတဆင့် နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုရရှိဖို့ စွမ်းဆောင်နေတဲ့ စစ်ကောင်စီဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဧပြီ ၂၀ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့နောက် တစ်ပတ် အတွင်းမှာပဲ နိုင်ငံရေးပါတီ ၄ ခုကို မှတ်ပုံတင်ခွင့် ဆက်တိုက်ချပေးခဲ့ပါတယ်။
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)တို့ကို မှတ်ပုံတင်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခွင့် တင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၆၃ ပါတီ ရှိနေပြီး ပါတီအဟောင်း ၅၀ နဲ့ ပါတီအသစ် ၁၃ ပါတီ ပါဝင်ပါတယ်။
တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် ပြည်နယ်နှင့် တိုင်းအလိုက် စည်းရုံးမည့် ပါတီ ၅၁ ပါတီ ရှိနေပါတယ်။
စစ်ကောင်စီထံမှတ်ပုံမတင်ထားတဲ့ အင်အားကြီးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-SNLD တို့ အပါအဝင် ပါတီ ၄၀ ဟာ နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခံလိုက်ရပါတယ်။
ဗဟိုကော်မတီဝင် အပြောင်းလဲရှိလာနိုင်တဲ့ KNU ကွန်ကရက်ညီလာခံ
ကရင်အမျိုးသားအစည်းအရုံး-KNUရဲ့ ၁၇ ကြိမ်မြောက် ကွန်ကရက်ညီလာခံကို ဧပြီ ၂၄ ရက်ကတည်းက စတင် ကျင်းပနေပါတယ်။
၁၀ ရက်ကြာမြင့်မယ့်ညီလာခံကနေ KNU ဗဟိုကော်မတီဝင် အပြောင်းလဲတချို့ ရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြ ပါတယ်။
ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ပုံမှန်ကျင်းပရမယ့်အချိန်ထက် ၃ နှစ်နှောင့်နှေးခဲ့ရတာဖြစ်ပြီး လက်ရှိမှာ KNU ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုး၊ ဒု-ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေ အတွင်းရေးမှူး အဖြစ် ပဒိုစောတာဒိုမူးတို့က တာဝန်ယူထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်က ထိုင်း-မြန်မာနယ်စပ်က ဒုစရိုက်မှုတွေနဲ့ မကင်းတဲ့ တရုတ် စီမံကိန်း တချို့မှာ KNUဗဟိုအလုပ်အမှုဆောင်တစ်ဦး ပါဝင်နေတာနဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝန်းက ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က KNUဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားခဲ့ဖူး ပါတယ်။
ခရမ်း PDF ၇ ဦး အဖမ်းခံရ
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က PDF တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်တွေနဲ့အတူ ဧပြီလတတိယပတ်အတွင်း ဖမ်းမိလိုက်တယ်လို့ စစ်ကောင်စီက ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒီဖြစ်စဉ်ဟာ သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်က ခရမ်းမြို့နယ် လဝက ရုံးရှေ့ ဘန်ကာ တိုက်ခိုက်ခံရပြီး ၉ ရက်အကြာမှာ ခရမ်း PDF တွေ ဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
လဝကရုံး စီးနင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ ရဲ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း အဖမ်းခံရတဲ့ ခရမ်း PDF တပ်ဖွဲ့ဝင် ၂၀ ကျော် ရှိပြီး သေဆုံးသူ ၄ ဦး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုလမှာပဲ စစ်ကောင်စီပစ်မှတ်တွေကို ၇ ကြိမ်တိုက်ခိုက်ခဲ့ပြီး ရဲ ၄ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။