Politics
ဒေါနမွမ်းမံစစ်သင်တန်းဆင်း၊ အာဏာရှင်တို့နိဂုံးချုပ်တော့မည်ဟု ဝန်ကြီးချုပ်ဆို
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၈
တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနမွမ်းမံ စစ်သင်တန်း ဆင်းပွဲကို ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့ပြီး အာဏာရှင်တို့နိဂုံးချုပ်တော့မည်ဟု ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်း ပြောကြားခဲ့သည်။
စစ်ကောင်စီကို မြန်မာတစ်နိုင်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန် တော်လှန်တိုက် ထုတ်နေသည့်အတွက်ကြောင့် အာဏာရှင်တို့နိဂုံးချုပ်တော့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်များနှင့် ဂုဏ်ပြုငွေ ဆယ်သိန်းကျပ် ပေးအပ်ကြောင်းသိရသည်။
လက်ရှိတွင် နိုင်ငံရေးနှင့် စစ်ရေးထူးကဲသာလွန်သည့်အကျိုးရလဒ်များဖြစ်ပေါ်နေပြီး NUG ခေါင်းဆောင်များက တော်လှန်ရေးရဲဘော်များနှင့် အတူတသားတည်းရှိနေကြောင်း၊ စစ်ဒေသကြီးအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက ဆက်လက် ပြောကြားသည်။
တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ စည်းစည်းလုံးလုံး ပေါင်းစပ် ညှိနှိုင်းကာ လုပ်ဆောင်နေကြောင်း ဆိုသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ပိုမို ကြိုးစားအားထုတ်ပေးရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆက်လက် ပြောကြားသည်။