bap-logo
International

ပြင်သစ်က အစိုးရဝန်ထမ်းများ၏ ဖုန်းများတွင် TikTok ၊ Twitter ၊ Instagram အသုံးပြုခွင့်ပိတ်ပင်

8O4m2w3iRzf_lTEZ9437I-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၅

ပြင်သစ်အစိုးရသည် ဒေတာလုံခြုံရေးအစီအမံအားနည်းမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာပြီးနောက် TikTok Twitter Instagram နှင့် အခြားသော ဆိုရှယ်မီဒီယာအက်ပ်အချို့ကို အစိုးရဝန်ထမ်းဖုန်းများတွင် အသုံးပြုခွင့်ပိတ်ပင်လိုက်သည်။

 

အဆိုပါပိတ်ပင်မှုမှာ ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ပြည်သူ့ကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ဝန်ထမ်းရေးရာ ဝန်ကြီးဌာနက သောကြာနေ့က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

 

"ကျွန်တော်တို့ရဲ့ အစိုးရဌာနတွေ၊ ဝန်ထမ်းတွေရဲ့ ဆိုက်ဘာလုံခြုံရေးအာမခံချက်ရှိစေဖို့အတွက် TikTok အစရှိသည့် စိတ်အပန်းဖြေ ဆိုရှယ်မီဒီယာအက်ပ်တွေကို နိုင်ငံ့ဝန်ထမ်းဖုန်းတွေမှာအသုံးပြုခွင့် ပိတ်ပင်လိုက်ပါ တယ်"ဟု စတန်နစ်လက်စ် ဂီရီနီ က သောကြာနေ့တွင် ပြောကြားခဲ့သည်။

 

စိတ်အပန်းအဖြေအက်ပ်များမှာ အစိုးရဌာနဆိုင်ရာစက်များတွင် အသုံးပြုရန် ဆိုက်ဘာလုံခြုံရေးနှင့် ဒေတာ လုံခြုံရေး အဆင့်ပြည့်မီခြင်းမရှိသည့်အတွက် အစိုးရပြန်ကြားဆက်သွယ်ရေးတွင်သာ လိုအပ်သလို အသုံးပြုခွင့်ပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မကြာသေးမီသတင်းပတ်များအတွင် ကမ္ဘာတဝှမ်းအစိုးရနှင့် ဌာနဆိုင်ရာအများအပြားက TikTok ကို အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။ ထိုထဲတွင် အိမ်ဖြူတော်၊ ဗြိတိန်ပါလီမန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ နယူးဇီလန် ပါလီမန်၊ ကနေဒါ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဂျော်ဒန်အစိုးရတို့ ပါဝင်သည်။

 

တရုတ်ကုမ္ပဏီပိုင် TikTok နှင့်ပတ်သက်သည့် လုံခြုံရေးဆိုင်ရာအန္တရာယ်များကို အမေရိကန်လွှတ်တော် အမတ်များနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက လူသိရှင်ကြား ထုတ်ဖော်သတိပေးခဲ့ကြပြီး အဆိုပါအက်ပ်မှ စုဆောင်းထားသည့် အသုံးပြုသူဒေတာမျိုးကို တရုတ်အစိုးရက အသုံးချနိုင်ကြောင်း ပြောဆိုထားခြင်း ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများက TikTok ကို ဌာနဆိုင်ရာဖုန်းများတွင် အသုံးပြုခွင့်ပိတ်ပင်ရေးတောင်းဆိုမှုများမှာ အက်ဖ်ဘီအိုင် ဒါရိုက်တာ ခရစ္စတိုဖာရွေးက အဆိုပါအက်ပ်အသုံးပြုမှုကြောင့် အမျိုးသားလုံခြုံရေးအန္တရာယ်ရှိနိုင်ကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ပြောဆိုခဲ့ပြီးနောက်ပိုင်း အရှိန်ရလာခဲ့သည်။

 

ပြီးခဲ့သည့်လကုန်ပိုင်းက ဥရောပသမဂ္ဂ၏ အကြီးဆုံးမူဝါဒရေးရာအဖွဲ့အစည်းများဖြစ်သည့် ဥ‌ရောပကော်မရှင်နှင့် ဥရောပကောင်စီတို့ကလည်း ဆိုက်ဘာလုံခြုံရေးအန္တရာယ်ကြောင့် TikTok ကို ဝန်ထမ်းများ၏ဖုန်းတွင် အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။

 

Source/ပုံ – Al Jazeera

Burma Associated Press

 

ပြင်သစ်
TikTok
Instagram
တွစ်တာ

Share With
bap-logo