bap-logo
Article

တရုတ်၏ ခါးပတ်နှင့် လမ်းစီမံကိန်းမှ အီတလီ နှုတ်ထွက်ရခြင်း အကြောင်းရင်း

685KK5sx2D9dwtnpErk93-image

လွန်ခဲ့သော တစ်နှစ် က

၂၀၁၉ ခုနှစ် တရုတ်သမ္မတ Xi Jinping ၏ရောမသို့ လာရောက်စဉ်အတွင်း တရုတ်၏ ခါးပတ်နှင့် လမ်း စီမံကိန်း Belt and Road Initiative (BRI) ကို အီတလီ ပူးပေါင်းပါဝင်လိုက်သည့်အတွက် G7 နိုင်ငံများမှ ပထမဆုံး ပါဝင်လာသူနိုင်ငံအဖြစ် အမေရိကန်နိုင်ငံနှင့် ဥရောပကို အံ့အားသင့်စေခဲ့သည်။

 

တရုတ်ဘဏ်များနှင့် ကုမ္ပဏီများသည် ဓာတ်အားပေးရုံများ၊ ရထားလမ်းများ၊ အဝေးပြေးလမ်းများ၊ ဆိပ်ကမ်းများမှသည် ဆက်သွယ်ရေးအဆောက်အအုံများ၊ ဖိုင်ဘာကြိုးဆက်သွယ်မှုများနှင့် ခေတ်မီ မြို့တော်များအထိ ဘဏ္ဍာရေးထောက်ပံ့မှုများနှင့် တည်ဆောက်ရေးများ လုပ်ကိုင်ခဲ့ကြသည်။

 

ငါးနှစ်ကြာ နားလည်မှုစာချွန်လွှာကို မတ်လ ၂၀၂၄ တွင် သက်တမ်းတိုးရမည်ဖြစ်သော်လည်း အီတလီက စီမံကိန်းမှ နှုတ်ထွက်မည့် အရိပ်အရောင်များ ပြသလာသည်မှာ စီမံကိန်း၏ ကတိကဝတ်များ မကိုက်ညီခြင်းအပေါ် စိတ်ပျက်မှုနှင့် တရုတ်အပေါ် အီတလီ၏ မဟာဗျူဟာ ပြန်လည်ဆန်းစစ်အကဲဖြတ်ခြင်းတို့ကို ထင်ဟပ်နေခြင်းဖြစ်သည်။

 

၎င်းစီမံကိန်းက အီတလီကို ဆွဲဆောင်မှုရှိခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုအတွင်း စီးပွားပျက်ကပ် သုံးကြိမ်ခံစားခဲ့ရမှု၊ တရုတ်၏ ကြီးမားသော ဈေးကွက်သို့ အီတလီပို့ကုန်များ ချဲ့ထွင်တင်ပို့နိုင်ခွင့်တို့ကြောင့် ဖြစ်သည်။ ယင်းအချိန်က လူကြိုက်များသည့် အီတလီအစိုးရသည် ဥရောပသမဂ္ဂအပေါ် သံသယရှိနေပြီး ၎င်း၏ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ လိုအပ်ချက်တို့အတွက် တရုတ်ဘက်သို့ အလေးသာ နေခဲ့သည့်အချိန်ဖြစ်ကာ အီတလီတို့သည် ဥရောပ၏ စွန့်ခွာရှောင်ဖယ်မှုကို ခံစားနေခဲ့ရသည်။

 

အီတလီက ခါးပတ်နှင့် လမ်းစီမံကိန်းကို ပါဝင်လိုက်ခြင်းဖြင့် နိုင်ငံရေးအလေးသာမှု ရယူနိုင်သည့် အခွင့်အလမ်းအဖြစ် ရှုမြင်ကာ တရုတ်၏ အာရုံစိုက်မှုနှင့် ရင်းနီးမြှပ်နှံမှုများကြောင့် အခြားနိုင်ငံများ ကို ထိုးနှက်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။

 

တရုတ်သမ္မတ Xi တွင်လည်း အီတလီကို ထည့်သွင်းပါဝင်စေခြင်းမှာ ၎င်း၏ ကိုယ်ပိုင် အကြောင်းပြချက်ရှိသည်။ ရှေးဟောင်း ပိုးလမ်းမ၏ အဆုံးသတ်နိုင်ငံဖြစ်ပြီး အီတလီ၏ ခါးပတ်နှင့် စီမံကိန်းတွင် ပါဝင်မှုသည် Xi ကိုယ်ပိုင် နိုင်ငံခြားရေးမူဝါဒက တရုတ်၏ အောင်မြင်မှုနှင့် လွှမ်းမိုးနိုင်မှု ရွှေခေတ်ကို ချိတ်ဆက်ရန် အထောက်အပံ့ ပေးနိုင်ခြင်း ကြောင့်ဖြစ်သည်။

 

တရုတ်သမ္မတ Xi တွင်လည်း အီတလီကို ထည့်သွင်းပါဝင်စေခြင်းမှာ ၎င်း၏ ကိုယ်ပိုင် အကြောင်းပြချက်ရှိသည်။ ရှေးဟောင်း ပိုးလမ်းမ၏ အဆုံးသတ်နိုင်ငံဖြစ်ပြီး အီတလီ၏ ခါးပတ်နှင့် စီမံကိန်းတွင် ပါဝင်မှုသည် Xi ကိုယ်ပိုင် နိုင်ငံခြားရေးမူဝါဒက တရုတ်၏ အောင်မြင်မှုနှင့် လွှမ်းမိုးနိုင်မှု ရွှေခေတ်ကို ချိတ်ဆက်ရန် အထောက်အပံ့ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။

 

နှစ်နိုင်ငံအကြား ရှည်လျားသော ချိတ်ဆက်မှုများလည်း ရှိပါသည်။ အီတလီသည် ဥရောပတွင် တရုတ်လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား အဝတ်အထည်၊ သားရေပစ္စည်းများနှင့် အခြားကုန်စည်များ ထုတ်လုပ်မှုတွင် နက်ရှိုင်းသော ချိတ်ဆက်မှုများ ရှိသည်။ တရုတ်သည် ဥရောပတွင် ဩဇာလွှမ်းမိုးမှုတိုးမြှင့်ခြင်း၊ ဥရောပသမဂ္ဂအတွင်း သပ်လျှိုခြင်း၊ ဝါရှင်တန် (အမေရိကန်နိုင်ငံ)နှင့် ဘရပ်ဆဲ(ဥရောပသမဂ္ဂ)တို့အကြား စုစည်းမှုမရှိစေခြင်းတို့အတွက် နည်းလမ်း ရှာဖွေနေစဉ် အီတလီက ဖိအားပေးနိုင်မည့် အားနည်းချက်ဆုံမှတ်ကဲ့သို့ ဖြစ်နေခဲ့သည်။

 

၎င်းအချက်များ ထင်ရှားလာသော်လည်း ခါးပတ်နှင့် လမ်းစီမံကိန်းသည် အီတလီ၏ မျှော်လင့် ချက်နှင့် ရည်မှန်းချက်များ မပြည့်စုံစေခဲ့ပါ။ စီမံကိန်း၏ လုပ်ပိုင်ခွင့်အရ အီတလီသည် တရုတ်နှင့် အခွန်နှစ်ထပ်ဆောင်ခြင်းဆိုင်ရာများမှသည် ဝက်သားတင်ပို့မှု၊ ယဉ်ကျေးမှုပစ္စည်းများ၊ အမွေအနှစ် နေရာများများအတွက် သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များ အသိအမှတ်ပြုခြင်းတို့နှင့် အသေးစား စီးပွားရေးဆိုင်ရာ အသေးစား သဘောတူညီချက်များအတွက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များ အများအပြား လက်မှတ်ရေးထိုးခဲ့ရသည်။

 

သို့သော် ၎င်း အစီအစဉ်များသည် အီတလီ-တရုတ် စီးပွားရေးပူးပေါင်းစပ်မှု၏ လမ်းကြောင်းကို အခြေခံအရ ပြောင်းလဲမှု မဖြစ်စေခဲ့ပါ။ စီမံကိန်းကို အီတလီပူးပေါင်းချိန်မှစ၍ ၎င်း၏ တရုတ်သို့ ပို့ကုန်တန်ဖိုးမှာ ယူရို ၁၄. ဘီလီယံမှ ၁၈. ဘီလီယံမျှသာ တိုးတက်လာခဲ့သော်လည်း တရုတ်က အီတလီသို့ တင်ပို့မှုမှာ ယူရို ၃၃. ဘီလီယံမှ ၅၀. ဘီလီယံသို့ အမြောက်အများ တိုးတက်လာခဲ့သည်။

 

အီတလီတွင် တရုတ်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုမှာ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၆၅၀ မီလီယံမှ ၂၀၂၁ ခုနှစ်တွင် ၃၃ မီလီယံအထိ လျော့ကျသွားပြီး ဥရောပရှိ စီမံကိန်းတွင်မပါဝင်သည့် နိုင်ငံများတွင် တရုတ်၏ ရင်းနှီးမြှပ်နှံမှုများက အီတလီတွင် ရင်းနှီးမြှပ်နှံသည်ထက် ပိုမိုသာလွန်သွားခဲ့သည်။

 

အခြား အစီရင်ခံစာများအရ တရုတ်သည် ၂၀၀၅ ခုနှစ်မှ စတင်၍ အီတလီတွင် ဒေါ်လာ ၂၄ ဘီလီယံ ရင်းနှီးမြှပ်နှံခဲ့ပြီး ခါးပတ်၊ လမ်းစီမံကိန်းတွင် အီတလီပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်လာ ၁.၈၃ ဘီလီယံသာ ရင်းနှီးမြှပ်နှံခဲ့သည်။ အီတလီအနေဖြင့် ခါးပတ်၊ လမ်းစီမံကိန်းတွင် ပါဝင်ခဲ့သော်လည်း တရုတ်နိုင်ငံနှင့် အထူးအဆင့်အတန်းတစ်ရပ် ပိုမိုမရရှိခဲ့ပေ။ သို့မဟုတ် တရုတ်နှင့် ပိုမိုကုန်သွယ်ခွင့်၊ ရင်းနှီးမြှုပ်နှံမှု ပိုမို မရရှိနိုင်ဟူသော အတွေ့အကြုံကိုသာ ရရှိခဲ့သည့်အတွက် စီမံကိန်းတွင် မပါဝင် ခြင်းထက် ထူးခြားသာလွန်မှု မရှိခဲ့ပေ။

 

ခါးပတ်နှင့် လမ်းစီမံကိန်းသည် စီးပွားရေဖြေဆေးမဟုတ်သည်ကို ရှင်းလင်းစွာ သိရှိရပြီးနောက် အီတလီအစိုးရသည် ဆက်လက်ပါဝင်ရန် သင့် မသင့် ပြန်လည်အကဲဖြတ်ဆန်းစစ်မှုများ ပြုလုပ်လာကြသည်။ ယခင်နှစ်က အီတလီဝန်ကြီးချုပ် Giorgia Meloni သည် ၎င်းစီမံကိန်းမှ နှုတ်ထွက်ခြင်းဖြင့် အမှားပြင်ရန် ရည်ရွယ်ပြီး စီမံကိန်းကို ပါဝင်ခြင်းသည် "ကြီးမားသော အမှား” တစ်ခုဟု ညွှန်းဆိုခဲ့သည်။

 

အီတလီအနေဖြင့် စီမံကိန်းကို ပါဝင်ပြီးနောက် အကျိုးအမြတ် နည်းပါးမှုကို သူမက ကိုးကားဖော်ပြခဲ့ပြီး "အီတလီသည် ပိုးလမ်းမ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားသည့် တစ်ဦးတည်းသော G7 အဖွဲ့ဝင်ဖြစ်သော်လည်း တရုတ်နှင့် ခိုင်မာသည့်စီးပွားရေးဆက်ဆံမှုနှင့် ကုန်သွယ်စီးဆင်းမှုတို့ မရှိသည့် ဥရောပနိုင်ငံ(သို့မဟုတ် အနောက်နိုင်ငံ) မဖြစ်ကြောင်း” မှတ်ချက်ပြုခဲ့သည်။ မကြာသေးခင်ကပင် အီတလီကာကွယ်ရေးဝန်ကြီး Guido Crosetto က အီတလီ၏ စီမံကိန်းတွင် ပါဝင်ရန် ဆုံးဖြတ်မှုသည် "မပြင်မဆင်ဘဲ မိုက်မဲစွာလုပ်ဆောင်မှု” ဟု ပြောဆိုခဲ့သည်။

 

၎င်းစီမံကိန်းမှ အီတလီနှုတ်ထွက်ခြင်းသည် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုအပေါ် ကြီးထွားလာသော အတ္တလန်တိတ် ပေါင်းစည်းမှုကို ထင်ဟပ်စေမည်ဖြစ်သည်။ ဥရောပနိုင်ငံများသည် တရုတ်အပေါ် မိတ်ဖက် သို့မဟုတ် ယှဉ်ပြိုင်ဖက်အဖြစ် မရှုမြင်ဘဲ ရန်ပြိုင်ဘက်အဖြစ် ရှုမြင်မှု တိုးမြင့်လာခဲ့သည်။

 

"တရုတ်ကွန်မြူနစ်ပါတီရဲ့ ရှင်းလင်းတဲ့ ရည်မှန်း ချက်က နိုင်ငံတကာ အစီအစဉ်မှာ တရုတ်က ဗဟိုချက်ဖြစ်နေဖို့ စနစ်တကျ ပြောင်းလဲရေးပဲ ဖြစ်တယ်။”

 

မကြာသေးခင်ကပင် ဥရောပကော်မရှင်အကြီးအကဲUrsula von der Leyen က "တရုတ်ကွန်မြူနစ်ပါတီရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်က နိုင်ငံတကာ အစီအစဉ်မှာ တရုတ်က ဗဟိုချက်ဖြစ်နေဖို့ စနစ်တကျ ပြောင်းလဲရေးပဲ ဖြစ်တယ်။” ဟု ခါးပတ်နှင့် လမ်းစီမံကိန်းကို သက်သေခံအဖြစ် ဖော်ညွှန်းပြောဆိုခဲ့သည်။

 

ယူကရိန်းကို ကျူးကျော်စစ်တိုက်နေ့သည့် ရုရှားကို ဘေဂျင်းက ထောက်ပံ့အားပေးမှုပြုလိုက်ခြင်းသည် အီတလီအပါအဝင် ဥရောပအစိုးရများ၏ တရုတ်အပေါ် အမြင်ရှင်းသွားစေခဲ့သည်။ "၁၇+" ပူပေါင်း ဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်နှင့် နီးစပ်မှုကို ရှာဖွေခဲ့ကြသည့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံများသည်လည်း ၎င်းအမြင်သို့ ပြောင်းလဲနေကြပြီ ဖြစ်သည်။

 

တရုတ်အပေါ် ၎င်းကဲ့သို့ ဗျူဟာပြောင်းလဲခြင်းသည့်အနေဖြင့် Meloni က ဝန်ကြီးချုပ် လောင်းအနေဖြင့် "အီတလီ ဒါမှမဟုတ် ဥရောပကို တရုတ်ရဲ့ ချဲ့ထွင်မှုအပေါ် မျက်နှာသာပေးဖို့ ကျွန်မမှာ နိုင်ငံရေးဆန္ဒမရှိပါ။” ဟု ပြောကြားခဲ့သည်။

 

ဝန်ကြီးချုပ်တာဝန်ယူပြီးနောက်တွင် သူမသည် အမာခံ ယူကရိန်းထောက်ခံသူတစ်ယောက် ဖြစ်ခဲ့ပြီး မကြာသေးခင်က အမေရိကန်သမ္မတ Joe Biden နှင့် တွေ့ဆုံစဉ် "တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို နှစ်နိုင်ငံ၊ နိုင်ငံစုံ ညှိနှိုင်းမှု အားကောင်းစေရန်”၊ "ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းမှု၏ အရေးပါမှု" ကို အလေးထား ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

 

စီမံကိန်းလက်ခံသူနိုင်ငံများ အကြွေးနွံနစ်နေခြင်း၊ တရုတ်ဘဏ်များက ချေးငွေအန္တရာယ် လျော့ချနေခြင်း၊ တရုတ်တိုင်ငံ၏ ပြည်တွင်း စီးပွားရေးစိန်ခေါ်မှုများ မြင့်တက်လာနေခြင်းတို့ကြောင့် အီတလီ၏ နှုတ်ထွက်မှုသည် လုပ်ငန်းလျော့ချနေရသည့် ခါးပတ်နှင့်လမ်းစီမံကိန်းအပေါ် နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်သည်။

 

ဥရောပနိုင်ငံများသည် ၎င်းတို့နိုင်ငံများ၏ စီးပွားရေး "အန္တရာယ်လျော့ချခြင်း” အပေါ် အာရုံစိုက်မှု တိုးမြှင့်လာနေပြီး တရုတ်အပေါ် စီးပွားရေးမှီခိုမှု တိုးမြှင့်ရန် တွန့်ဆုတ်နေကြမည်ဖြစ်သည့်အတွက် ခါးပတ်နှင့် လမ်းစီမံကိန်းကို အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများ ပူးပေါင်းပါဝင်မည့် အစီအစဉ် မတွေ့ရှိနိုင်သေးပါ။

 

ယူကရိန်းကို Putin ကျူးကျော်မှုနှင့် ဘေဂျင်းက မော်စကိုနှင့် ပူးပေါင်းမှုတို့သည်လည်း ပထဝီနိုင်ငံရေးကို ထင်ရှားသောအနေအထားသို့ ပြန်လည်ရောက်ရှိစေခဲ့ပြီး ဥရောပနိုင်ငံများ အနေဖြင့် ဘေဂျင်း၏ ရည်ရွယ်ချက် များကို ပိုမိုသံသယ ဝင်စေခဲ့သည်။

 

ဘေဂျင်းတွင် ကျင်းပမည့် ခါးပတ်နှင့် လမ်း ဖိုရမ်ကို ရုရှားသမ္မတ Vladimir Putin တက်ရောက်မည့် အစီအစဉ်သည် ၎င်းစီမံကိန်း၏ ပထဝီနိုင်ငံရေးသဘာဝကို ပိုမိုထင်ရှားစေခဲ့သည်။ ထို့ကြောင့်ပင် အီတလီ၏ စီမံကိန်းမှ နောက်ပြန်လှည့်ခြင်းသည် စီးပွားရေးအရဆိုသည်ထက် ဥရောပနိုင်ငံများ ရင်ဆိုင်နေရသည့် ပထဝီနိုင်ငံရေး အရှိတရားကြောင့် ဖြစ်သည်။

 

ကိုးကား - Council on Foreign Relations

ပုံစာ - မတ်လ ၂၀၁၉ ခုနှစ် အီတလီနိုင်ငံ Rome မြို့တွင် အစည်းအဝေးမစတင်မီ အီတလီဝန်ကြီးချုပ်ဟောင်း Giuseppe Conte နှင့် တရုတ်သမ္မတ Xi Jinping တို့ကို တွေ့ရစဉ်။ (Photo: Yara Nardi/Reuters )

 

 

တရုတ်
အီတလီ
ခါးပတ်နှင့် လမ်းစီမံကိန်း

Share With
bap-logo