bap-logo
International

တရုတ်၏ အာဖဂန်ရင်းနှီးမြှုပ်နှံမှု အမှန်တကယ်အလုပ်ဖြစ်လာနိုင်မလား

3Cp6C5rDvBHRqFR_6AFzt-image

လွန်ခဲ့သော ၂ နှစ် က

ကဘူးလ် - ဖေဖော်ဝါရီ ၂၈

အာဖဂန်တာလီဘန်အစိုးရသည် ပြီးခဲ့သည့်လက တရုတ်ကမ္ပဏီတစ်ခုနှင့် ၂၅ နှစ်ကြာမြင့်မည့် ဒေါ်လာ သန်းပေါင်းများစွာတန် ရေနံထုတ်လုပ်ရေးစာချုပ်တစ်ခုကို ချုပ်ဆိုပြီးနောက် နိုင်ငံအတွင်း အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပထမဆုံး မြင်တွေ့ခွင့်ရခဲ့သည်။

 

အဆိုပါစီမံကိန်းမှာ အာဖဂန်ပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ ယူဆောင်လာဖွယ် ရှိသော်လည်း စာချုပ်စာတမ်းများကိုင်တွယ်ရာတွင် မရိုးဖြောင့်သည့် တရုတ်၏ မှတ်တမ်းများကြောင့် ကျွမ်းကျင်သူများက သတိထား စောင့်ကြည့်လျှက်ရှိသည်။

 

တာလီဘန်အစိုးရသည် တရုတ်အမျိုးသားရေနံကုမ္ပဏီ (CNPC) ကုမ္ပဏီခွဲ ရှင်ကျန်းဗဟိုအာရှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ (CAPEIC) နှင့် ၁ ဒသမ ၇ ကီလိုမီတာရှည်လျားသည့် အမူးဒါရီယာ မြစ်ဝှမ်းရှိ ရေနံထုတ်ယူရေး စာချုပ်တစ်ခုကို ဇန်နဝါရီ ၆ ရက်တွင် ချုပ်ဆိုခဲ့သည်။

 

စာချုပ်အရ တရုတ်ကုမ္ပဏီဘက်က ပထမနှစ်တွင် ကန်ဒေါ်လာ သန်း ၁၅၀၊ နောင်သုံးနှစ်အတွင်း သန်း ၅၄၀ ရင်းနှီးမြှုပ်နှံမည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူက တွစ်တာတွင် ရေးသားခဲ့သည်။

 

"နေ့စဉ် ရေနံထုတ်ယူမှုက တန် ၁,၀၀၀ ကနေ ၂၀,၀၀၀ ကြား ရှိမှာပါ။ စာချုပ်အရ အာဖဂန်အစိုးရဘက်က က နဦး ၂၀ ရာခိုင်းနှုန်းရရှိမှာဖြစ်ပြီး တဖြည်းဖြည်း ၇၅ ရာခိုင်နှုန်းထိ တိုးမြှင့်ရရှိသွားမှာပါ" ဟု ပြောရေး ဆိုခွင့်ရှိသူက ဇဘိဟုလာ မူဂျာဟစ် (Zabihullah Mujahid) က ဆိုသည်။

 

အာဖဂန်သတ္တုတွင်းနှင့် ရေနံဝန်ကြီးဌာနလက် အောက်ရှိ အဖဂန်ရေနံအာဏာပိုင် ညွန်ကြားရေးမှူးချုပ်ဟောင်း၊ အဆိုပါနယ်ပယ်၌ ကျွမ်းကျင်သူ အဗ္ဗဒူ ဂျလယ် ဂျာမရီနီ (Abdul Jalil Jumrainy) က အာဖဂန်-တရုတ် စာချုပ်နှင့် ပတ်သက်၍ "ပြည်သူတွေ ရုန်းကန်နေရတဲ့ အခုအခြေ အနေကို ကြည့်ပြီးပြောရရင်တော့ ‌ဒီစီမံကိန်းဟာ စီး ပွားရေးအသက်ရှူပေါက်အတွက် ဝင်ငွေရလမ်းတစ်ခု ဖြစ် လာနိုင်ပါတယ်။ ဒီကနေတစ်ဆင့် အာဖဂန်ပြည်သူတွေလည်း အကျိုးရှိမယ်ပေါ့။ အကျိုးအမြတ် အများစုက အ စိုးရဆီကို သွားတယ်ဆိုရင်တောင် အလုပ်အကိုင်တွေ ရှိလာမယ်၊ နောက်ပြီး တချို့သော အာဖဂန်လူမျိုးတွေရဲ့ ကျွမ်းကျင်မှုကို အသုံးချခွင့်ရမယ် ဆိုတော့ ကောင်းတယ်ပဲ ပြောရမှာပါ" ဟု ပြောကြားခဲ့သည်။

 

သို့သော် "စီမံကိန်း လုပ်ဆောင်ပုံအပေါ် မူတည်ဦးမည်" ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

 

အဆိုပါစီမံကိန်းကြေညာချက်ထွက်ပေါ်လာပြီးနောက် သောကပတ်လည်ဝိုင်းနေသည့် နိုင်ငံအတွက် လက်ခုပ်သံ တချို့ကြားရလင့်ကစား ဝါရင့်အာဖဂန်ကျွမ်းကျင်သူများမှာ "ကောင်းပါသည်" ဆိုသည်ကို သတိကြီးကြီးထား၍ သာ ပြောဆိုနိုင်ကြသည်။

 

အကြောင်းမှာ တရုတ်၏စီမံကိန်းမှာ အစသာရှိသေးသည်ကတစ်ကြောင်း၊ ယခင် အာဖဂန်အစိုးရလက်ထက် အ ကျင့်ပျက်ခြစားမှုကြောင့် ဖျက်သိမ်းခဲ့ရသည့် စီမံကိန်းနှင့် တူညီနေသည်ကတဖုံ ကြောင်းကြောင်းကြောင့်ပင် ဖြစ်သည်။ ယခင် အာဖဂန်အစိုးရလက်ထက်တွင် ရေနံရှာဖွေ-မျှဝေသုံးစွဲရေး စီမံကိန်းတစ်ခုကို တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီနှင့် အာဖဂန်ကုမ္ပဏီ Watan Group တို့ကြား ၂၀၁၁ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုး ဖူးသည်။

 

ယခင် ၂၅ နှစ်သက်တမ်းရှိ သဘောတူစာချုပ်အရ ရေနံ စည် ၈၇ သန်းထုတ်ယူရန် ကန်ဒေါ်လာ သန်း ၄၀၀ ကနဦးရင်းနှီးမြှုပ်နှံမှုရန် မျှော်လင့်ခဲ့သော်လည်း နောက်ဆုံးတွင် အဖဂန်နစ္စတန်အတွက် ဘဏ္ဍာငွေ ၇ ဘီလျံသာ ရရှိခဲ့သည်။

 

တရုတ်သည် အာဖဂန်နစ္စတန်အတွင်း ကြေးနီ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအဝင် သဘာဝသယံဇာတ ရှာဖွေ တူးဖော်ရေးအတွက် အရေးပါသော ရင်းနှီးမြှုပ်နှံသူ ဖြစ်လာလိမ့်မည်ဟု ယခင်အစိုးရ မျှော်လင့်ခဲ့သည့်တိုင် မဆိုစလောက်သာ အကောင်အထည်ပေါ်ခဲ့သည်ကို တွေ့ရသည်။

 

"အမူးဒါရီယာ မြစ်ဝှမ်းရေနံရှာဖွေတူးဖော်ရေးမှာ CNPC ကုမ္ပဏီနှင့်ပတ်သက်ပြီး ထိန်းချုပ်ရေး၊ ဘတ်ဂျက် ခွဲဝေရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတချို့ရှိခဲ့တယ်။ အဲဒီကိစ္စကို အာဖဂန်အစိုးရဘက်က တင်ပြပြီး အမှီအခိုကင်းတဲ့ ပြင်ပစာရင်းစစ်ခေါ်လိုက်တော့ တရုတ်ကုမ္ပဏီဘက်က ရေနံတွင်းတွေကိုပိတ်ပြီး ဝန်ထမ်းတွေကို ခေါ်ထုတ် သွားတယ်။ သူတို့လက်ထဲမှာ ကုန်ကျစရိတ်တွေ မတရားများပြီး စာချုပ်တွေဆိုရင် ပစ္စည်းဝယ်ယူရေး စည်းကမ်း မလိုက်နာဘဲ တရုတ်ကုမ္ပဏီတွေကို ပေးပစ်တယ်" ဟု ဂျာမရီနီက ပြန်ပြောပြသည်။

 

ရေနံရှာဖွေရေးသဘောတူစာချုပ် ပြန်လည်အသက်သွင်းရေးအတွက် အာဖဂန်အစိုးရဘက်က အကြိမ်ကြိမ် ကြိုး စားခဲ့သော်လည်း ညှိနှိုင်းမှု အောင်မြင်ခြင်းမရှိခဲ့ချေ။

 

ယခုချုပ်ဆိုထားသည့် အမူးဒါရီယာစာချုပ်တွင်မူ ထည့်သွင်းချုပ်ဆိုထားသည့်အချက်များအားလုံးကို တစ်နှစ် အတွင်း အကောင်အထည်မဖော်ပါက စာချုပ်အလို အလျောက် ပြက်ပြယ်မည်ဖြစ်ကြောင်း တရုတ်တို့၏ တရုတ်ကုမ္ပဏီများ၏ တော်ရိလျော်ရိနိုင်သောလုပ်ရပ်ကို သတိထားလျှက် တာလီဘန် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 

မည်သို့ပင်ဆိုစေကာမူ လက်ရှိတာလီဘန်တို့၏ အပယ်ခံဘဝကို ထည့်တွက်ပါက တရုတ်နှင့်စာချုပ်မှာ နိုင်ငံရေး အရ အရေးပါသည်ဟု ဆိုနိုင်ကြောင်း တရုတ်ပထဝီနိုင်ငံရေးအထူးပြုလေ့လာသည့် ဆွီဒင်အခြေစိုက် သုတေ သန အင်တီကျု SIPRI မှ သုတေသီ Jiayi Zhou က မှတ်ချက်ပြုသည်။

 

"ဒီကိစ္စ အရမ်းကြီး အံ့ဩစရာကောင်းနေသလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ တရုတ်ကုမ္ပဏီတွေဟာ ပြီးတဲ့နှစ်တစ်နှစ်လုံး တာလီဘန်တွေနဲ့ ဆက်သွယ်လှုပ်ရှားနေခဲ့တာပါ။ ၂၀၀၈၊ ၂၀၁၁ စာချုပ်တွေ ပြန်ညှိရေး၊ ပြန်စရေး ကိစ္စတွေ အပါအဝင်ပေါ့။ တကယ်တော့ အခု စာချုပ်ဟာ အဲဒီညှိနှိုင်းမှုတွေရဲ့ ရလဒ်ပါပဲ။"

 

တရုတ်နိုင်ငံသည် တာ့ခ်မင်နစ္စတန်မှ သဘာဝ ဓာတ်ငွေ့ကို ပိုက်လိုင်းလေးခုဖြင့် တင်သွင်းပြီး သုံးခုမှာ ဥဇဘက် ကစ္စတန်နိုင်ငံကို ဖြတ်သန်း၍ တစ်ခုမှာ တာဂျစ်ကစ္စတန်ကို ဖြတ်သန်းသည်။ လက်ရှိစီမံကိန်း အထမြောက်ပါက အာဖဂန်နစ္စတန်သည် တရုတ်ဓာတ်ငွေ့လိုင်း ၄ လိုင်းတွင် ပါဝင်လာမည်ဖြစ်သည်။

 

Source – Al Jazeera/CFR

 

ပုံစာ။ တာလီဘန် နိုင်ငံရေးအကြီးအကဲ မူလာအဗ္ဗဒူဂါနီဘာရဒါ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

 

Burma Associated Press

 

တရုတ်
အာဖဂန်နစ္စတန်
တာလီဘန်

Share With
bap-logo