Opinion
အာဏာရှင်တို့၏ တူညီသော နိဂုံး
လွန်ခဲ့သော ၂ နှစ် က
အာဏာရှင်များ၌ ဘုံတူညီချက်များရှိသလို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာများသည်လည်း စိတ်ဝင်စား စရာဖြစ်၏။ ဥပမာအားဖြင့် ယနေ့ ကမ္ဘာ့စာနယ်ဇင်းများ၏မျက်နှာစာတွင် နာမည်ဆိုးဖြင့် ကျော်ကြား သည့် ရုရှားသမ္မတ ပူတင် ဖြစ်သည်။
ပူတင်သည် ဆိုဗီယက်ခေတ်က ကေဂျီဘီ လူဟောင်းတစ်ဦးဖြစ်ပြီး သူနောက်ဆုံး တာဝန် ထမ်းဆောင် ခဲ့သည်က အရှေ့ဂျာမဏီ၌ ဖြစ်သည်။ ထိုအချိန်က စစ်အေး၏ နောက်ဆုံးကာလဖြစ်သလို နိုင်ငံရေး အခြေအနေတွေကလည်း သောင်မတင်ရေမကျရှိနေချိန် သူနှင့်ပတ်သက်သော သတင်းသည်လည်း လူသူအကြား ဟုတ်ဟုတ်ငြား ငြားမရှိခဲ့ပေ။
နောက်ပိုင်း "ဂလပ်စနော့" ကြွေးကြော်သံနှင့်အတူ ‘မီခေးလ်ဂေါ်ဗာချော့ဗ်’ အာဏာရ။ ထိုမှတဖန် ‘ဘောရစ်ယဲ့လ်ဆင်’ ဆီအာဏာပြောင်း စသည်ဖြင့် ရှိလာချိန် ပူတင်နာ မည်ကိုစကြားလာရသည်။
သို့တိုင်အောင် ထိုစဉ်က သူ့ပုံရိပ်အရ ဘာရယ်ဟု သဲကွဲစွာ ပြောနိုင်သည့်အနေတွင် မရှိခဲ့ပေ။ သာမန် ထက် အနည်းငယ်ပိုသော အနေအထား၌ပင်ရှိသေးသည်။ ယဲ့လ်ဆင်အလွန်တွင် ပူတင်နာမည်က သတင်းများတွင် ခပ်စိပ်စိပ်ကြားလာရရင်း အဆုံး၌ သဘောထားတင်းမာသူအုပ်စု၏ ခေါင်းဆောင် အဖြစ် ရောက်ရှိရင်း နိုင်ငံရေး ဇာတ်ခုံ ပေါ် ပေါ်ပေါ်ထင်ထင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင်တော့ အားလုံးသိသည့်အတိုင်း ထင်ရာစိုင်းသူအဖြစ် မှတ်ကျောက် အတင်ခံနေရပြီ ဖြစ်၏။
နိုင်ငံ့ခေါင်းဆောင်ဆိုသူများတွင် ထူးခြားသည့် အပြု အမူများပြုလုပ်ပြတတ်သော ဓလေ့ရှိကြသည်။ တရုတ်ခေါင်းဆောင် မော်စီတုန်းသည် တိုင်းပြည်အတွင်း သဘောတရားရေးရာ ပြဿနာနှင့် ရင်ဆိုင်နေရချိန် ပြည်သူ များ စိတ်အားတက်ကြွစေပြီး စည်းလုံးစေရန်ရည်ရွယ်၍ ရေကူးပြခဲ့သည်။
ပူတင်သည်လည်း အမေရိကန်ဦးဆောင်သော အနောက် အုပ်စုနှင့် ပြဿနာတစ်စုံတရာရှိနေချိန်မျိုးတွင် ကရာ တေးကစားပြခြင်း ၊ ရေခဲပြင်ထဲအမဲလိုက်ခြင်း စသည်ဖြင့်တုံ့ပြန်တတ်သည်။
စိတ်ပညာရှင်တို့ကမူ ထိုအပြုအမူတို့သည် မိမိကိုယ်ကိုအရှိထက် ပိုမြင်တတ်သူတို့၏ ထင်ယောင် ထင်မှားဖြစ်မှု (delusion) တစ်မျိုးဟု ကောက်ချက်ချသည်။ တစ်နည်း စိတ်ရောဂါ၏ အသွင်သဏ္ဌာန် ဆိုင်ရာဖော်ပြချက်ဟုဆို လိုရင်းဖြစ်သည်။
ထိုအချက်နှင့်ပတ်သက်လျင် ဗမာစစ်ခေါင်းဆောင်၏ အပြုအမူများသည်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ် စုံတရာနှင့် ကြုံတွေ့နေရသည်ဟု ဆိုနိုင်လိမ့်မည်။ မိမိကိုယ်ကို အနာဂတ်သမ္မတလောင်းဟု လွဲမှားစွာယုံကြည်လျက်က လူအများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းများကိုပင် သတိမမူတော့ဘဲ ရှေ့ဆက် တိုးနေခြင်းကား တော်ရုံတော့ မဟုတ်ပေ။
လွတ်လပ်ရေးနေ့တွင် သမ္မတအဆောင်အယောင်များဝတ်ဆင်၍မိန့်ခွန်းခြွေခြင်းကစ၍ အမျိုးသားရေး စကား တွင်တွင်ဆိုရင်း ၎င်း၏အာဏာစက် အရှည်တည်တံ့ရေးကို အားထုတ်လုံးပမ်းနေခြင်း စသည်တို့ သည် စိတ်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေတွင် ရှိသူတို့အတွက် တစ်စုံတရာခဲယဉ်းသော ကိစ္စများပင် ဖြစ်သည်။
အလားတူစွာ ပြည်သူများကို ကြက်ကလေး ငှက်ကလေးသဖွယ် စိတ်ထင်တိုင်းဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်မှုများဟူသည် သာမန်လူများအတွက် လက်တွေ့လုပ်ရန် မဆိုထားဘိ စဉ်းစား ကြည့်ရန်ပင် မလွယ်ကူသော အနေအထားဖြစ်ရာ ဗမာစစ်ခေါင်းဆောင်၏ စိတ်ပိုင်းဆိုင်ရာ တလွဲဖြစ်မှုက ကြောက်စရာကောင်းသည့် အခြေသို့ ဆိုက်နေပြီဟု ပဲဆိုရလိမ့်မည်။
အရှက်အကြောက်တရားတို့မှကင်းလွတ်ရင်း ထင်တိုင်းကြဲနေသည့် အခြေအနေဖြစ်သည်။ အလား တူစွာ ပူတင်နှင့်တူသော အခြားတစ်ခုက မိမိကိုယ်ကို အမျိုးသားရေးဝါဒီသမားအဖြစ် ပုံဖော် ပြောဆိုခြင်းဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုသည် နိုင်ငံပေါင်းများစွာကို ဝါဒရေးရာခေါင်းစဉ်တပ်ရင်း အင်အားဖြင့် အနိုင်ကျင့်သိမ်း သွင်းထားခဲ့ရာက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဤသည်ကိုပင် ကွန်မြူနစ် အစိုးရအဆက်ဆက်က ဖိနှိပ်ရင်း ပြည်ထောင်စုဟူသောခေါင်းစဉ်အောက် ဆွဲသွင်းထားခဲ့ခြင်းဖြစ်ရာ မထင်မှတ်ဘဲ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန် အင်အားကြီးရုရှား၏ အုပ်စိုးမှုထဲ ဝါဒရေးရာ လေ ဟာနယ်ဖြစ်ပေါ်ခဲ့သည်။
ထိုလေဟာနယ်ကိုဖြည့်ရန် တစ်စုံတရာ အကြောင်းပြချက်သည် အာဏာရှင်တို့ထုံးစံ အမျိုးသားရေး ဖြစ်ခဲ့ပြီး ထို့အတွက် ခေါင်းဆောင်သူက ပူတင်ဖြစ်ခဲ့သည်။ ပူတင်က ထိုသဘောထား တင်းမာသည့် အုပ်စုကို ကြိုးကိုင်ရင်း ယခင်တောက်ပခဲ့သော အမျိုးသားနိုင်ငံတော် ဟူသည့် စိတ်ကူးယဉ်မှုဖြင့် အမျိုးသားရေးစကားလုံးကို တွင်တွင်သုံးရင်း အတိတ်ဆိုဗီယက်ခေတ်ကဲ့သို့ ရည်ညွန်းဖော်ဆောင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ဗမာပြည်တွင်လည်း လွတ်လပ်ရေးရပြီးဆယ်နှစ်မျှသာ ရှင်သန်ခဲ့သောတိုတောင်းသည့် ဒီမိုကရေစီ ကာလနောက် ပိုင်းဆက်တိုက်ကြုံခဲ့ရသည်က အာဏာရှင်စနစ်ပင် ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး ဘောင်းဘီချွတ်များထံ အာဏာ အပ်ခြင်းဓလေ့က ၁၉၈၈ ခုနှစ်ထိတိုင် ရှင်သန်ခဲ့သည်။ ထိုမှတဖန် ၂၀၀၈ခြေဥအစီအမံဖြင့် ရွေးကောက်ခံများ ပေါ်လာသည့်တိုင် တိုင်းပြည်၏ အရေးပါသော ကိစ္စများ၌ စစ်တပ်၏သဘောမပါဘဲ ဘာမှလုပ်မရသည့် ပုံဖျက်ဒီမို ကရေစီစနစ်ကို ကြုံရပြန်သည်။
ထိုအချိန်များ၌ပင် စစ်အာဏာရှင်များက ယင်းတို့အာ ဏာရေရှည်ဆွဲဆန့်နိုင်အောင် လွှတ်တော်တွင်း သာမက လွှတ်တော်ပြင်ပထိပါ ဗြောင်ကျသည့်ကြိုးပမ်းမှုများနှင့်ကြိုးစားခဲ့သည်။
ထိုအထဲတွင် အမျိုးသားရေးမျက်နှာဖုံးအသုံးပြု၍ ကြိုး စားခဲ့ ခြင်းဖြစ်သည်။ တဖန်ပို၍ဆိုးသည်မှာ အမျိုးသားရေးခေါင်းစဉ်ကို လူအများစုကိုးကွယ်သည့်ဗုဒ္ဓဘာသာနှင့်တွဲစပ်ပုံဖျက်ရင်း အာဏာ ထူထောင်ရန် လုံးပမ်းခြင်းဖြစ်သည်။
ဤတွင် ရုရှားအာဏာရှင်နှင့်ဗမာစစ်အာဏာရှင်တို့ကြား တူညီချက်တစ်ခုရှိသေးသည်။ ပြည်သူအပေါ် ရက်စက်စွာ ဖိနှိပ်သည့်နေရာဖြစ်သည်။
ပူတင်က ၎င်းနှင့်သဘောထားမတူသော အတိုက်အခံများကိုနှိမ်နှင်းရာတွင် ထောက်လှမ်းရေးအဖွဲ့များ သုံး၍ လူမသိသူမသိအပြတ်ရှင်းခြင်းကစ၍ အဆိပ်ခတ်လုပ်ကြံခြင်းအဆုံး ပြုလုပ်၏။ ပြည်ပရောက် အတိုက်အခံများအားရှင်းလင်းရန် ထောက်လှမ်းရေး ယန္တရားကိုအသုံးပြု ရင်းရေဆုံးရေဖျားတိုင် လိုက်လံလုပ်ကြံသတ်ဖြတ်၏။ ထိုအထဲ သတင်းသမားများပါပြေးမလွတ်ခဲ့။
ဗမာ့စစ်ခေါင်းဆောင် အာဏာရှင်က ပူတင်ထက် နှာတဖျားသည် ဆိုရမည်။ ဗမာစစ်ခေါင်းဆောင်က အာ ဏာရှင် ဆန့်ကျင်သူများကို ခေါင်းစဉ်မျိုးစုံတပ်၍ဖမ်းဆီးနှိပ်စက်သည်။ ကမ္ဘာပေါ်တွင်မကြားဖူးသော အရက်စက်ဆုံးနည်းလမ်းများဖြင့် ညှည်းပမ်းနှိပ်စက် စစ်ဆေးခြင်းများပြုလုပ်သည်။
လူငယ်များကို ထင်သလိုဖမ်းဆီးနှိပ်စက်ခြင်းများ၊ ခြေလွန်လက်လွန်ဖြစ်၍ အသက်ဆုံးရှုံးရခြင်းများ၊ ကျေးရွာများမီးရှို့ခြင်း၊ အရပ်သားနေရာများအား လေကြောင်းမှတိုက်ခိုက်ခြင်း၊ လုယက် သတ်ဖြတ် ခြင်း၊ စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းများ စသည်ဖြင့် လူမဆန်သော ကျူးလွန်ရက်စက်မှုများစွာကို ပြုမူခဲ့ခြင်းဖြစ်သည်။
မည်သို့ဆိုစေ အာဏာရှင်တို့၏ သွားရာလမ်းဆိုသည်က ကမ္ဘာပေါ်တွင် ရှေးမဆွကတည်းက ရှိခဲ့ပြီးဖြစ်သည်။ အီရတ်အာဏာရှင်ဆက်ဒမ်ဟူစိန် တစ်ယောက် မည်မျှပင် မြေလျှိုးမိုးပျံပြီး ပုန်းအောင်း နေပါစေ အချိန်တန်သည့်အခါ ဖမ်းဆီးခံရပြီး ပြည်သူအများရှေ့ တရားစီရင်ခံရခြင်းဖြင့် နိဂုံးချုပ်ခဲ့သည်။
လစ်ဗျားအာဏာရှင် ကဒါဖီသည်လည်း သူ၏နောက်ဆုံးအချိန်များတွင် ပြေးလွှားပုန်းအောင်းရင်း ရေဆိုးမြောင်းအတွင်း ဖမ်းဆီးခံရပြီး ရုပ်ပျက်ဆင်းပျက် အသက်ပေးခဲ့ရသည်။ အလားတူစွာ ရိုမေးနီးယား သမ္မတ နီကိုလိုင်ချောင်ရှက်စကူးသည်လည်း ထိုနည်းနှင်နှင်။
ကမ္ဘောဒီးယား၌ လူပေါင်းသန်းနှင့်ချီ၍ သေဆုံးခဲ့ရခြင်းအတွက် တရားခံဖြစ်သော ခမာနီ ခေါင်းဆောင် ဟောင်းများ ထောင်ဒဏ်နှစ်ရှည်ကျသူကျ ၊ တချို့ထောင်တွင်း၌ သေဆုံး စသည်ဖြင့် အဆုံးသတ်မလှ သည့် သာဓကများရှိခဲ့သည်။
သို့ဖြစ်ရာ ပူတင်နှင့်ပတ်သက်၍ မည်သို့ ဖြစ်လာလေမလဲ ကံသေကံပြောမရသည့်တိုင် ဗမာ စစ်အာဏာရှင်နှင့် သူ၏အပေါင်းပါတစ်သိုက်အတွက် အဆုံးသတ်ခရီးကား သိပ်မဝေး တော့သည်က သေချာ၏။
ပြည်တွင်း ရေး၊ ပြည်ပရေး စသည့်အချက်များကို ချိန်ဆကြည့်လျင် ဤသည်က ငြင်းမရသည့် အရာပင်ဖြစ် သည်။ တရားမျှတမှုကို လိုလားသောပြည်သူများရှိနေသမျှ ဘယ်သောအခါမျှ ဓမ္မတရားသည် ရှုံးနိမ့်မည် မဟုတ်ခြင်းက သေချာသည်။
အစရှိလျင်အဆုံးရှိမည်။သူ့အလှည့်ပြီးလျင်ကိုယ့်အလှည့်လာမည်။တရားဆိုသည်ကလည်းဤအရာကိုခေါ်ခြင်းပင်ဖြစ်သည်။ ထို့အတွက်ညီညွတ်ကြရန် ဖြစ်သည်။ တရားသောတော်လှန်ရေးသည် အဆုံး၌ အောင်မြင်ရမည်သာဖြစ်သည်။ ထို့အတူ အာဏာရှင်၏ ကျဆုံးခန်းသည်လည်း သမိုင်း၌ ရှိခဲ့ပြီးသော သူများ၏ လမ်းစဉ်အတိုင်းသာ ဖြစ်ရမည်။
Top News
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၄ ရက် က
လွန်ခဲ့သော ၂၄ ရက် က