bap-logo
Politics

မြန်မာသံအမတ်ဟောင်းကို ပိုင်နက်ကျူးလွန်မှုဖြင့် ဗြိတိန်ရဲက စစ်ဆေးနေ

FjwqhLcP4VVqAQ7DgP6kZ-image

လွန်ခဲ့သော တစ်နှစ် က

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် လန်ဒန်ရှိ သံတမန်အိမ်ရာမှထွက်ခွာရန် ငြင်းဆိုခဲ့သည့်အတွက် ပိုင်နက်ကျူးကျော်မှုဖြင့် ဗြိတိသျှရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟု ၎င်း၏ ရှေ့နေက Reuters သို့ ပြောသည်။

 

ဦးကျော်ဇွာမင်းသည် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် ၎င်း၏ သံရုံးကို လအတန်ကြာ ပိတ်ထားခဲ့ကာ မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုပြီးနောက် စစ်အာဏာရှင်တို့၏ ကိုယ်စားလှယ်ဖြင့် အစားထိုးခံရသည်။

 

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် ၎င်းအချိန်က ဗြိတိသျှအစိုးရ၏ အားပေးထောက်ခံမှုဖြင့် လန်ဒန်အနောက်မြောက်ပိုင်းရှိ သံချွန်ကြိုးများနှင့် CCTV ကင်မရာများဝန်းရံထားသည့် အိမ်ကြီးအိမ်ကောင်းဖြစ်သော သံအမတ်အိမ်ရာတွင် နေထိုင်ခဲ့သည်။ တရားမဝင်သောအစိုးရက အုပ်ချုပ်နေသည့်အတွက်ဆိုကာ ၎င်းအိမ်ကို သံရုံးသို့ ပြန်ပေးရန် ငြင်းဆိုခဲ့သည်။

 

ပြီးခဲ့သည့်နှစ်တွင် စစ်အာဏာရှင်တို့၏ ဖိအားပေးမှုကြောင့်ဟုဆိုကာ ဗြိတိန်က ဦးကျော်ဇွာမင်းကို အိမ်ရာမှ ထွက်ခွာရန် တောင်းဆိုခဲ့သည်ကို Reuters က တင်ပြခဲ့သည်။

 

ယခုသီတင်းပတ်အစောပိုင်းတွင် ဦးကျော်ဇွာမင်းကို "သံတမန်ဥပစာကို ကျူးကျော်သည်ဟု စွပ်စွဲ ချက်ဖြင့် ရဲတပ်ဖွဲ့ ကမေးမြန်းခဲ့သည်ဟု လန်ဒန်အခြေစိုက် Peters & Peters မှ ရှေ့နေ Neil Swift က ပြောကြားသည်။ ကျူးလွန်မှုသည် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် နှစ်ရပ်လုံး ကျခံရနိုင်သည်။

 

သံတမန်အိမ်ရာဟာ မြန်မာအစိုးရရဲ့ ပိုင်ဆိုင်မှုအဖြစ် ရှိနေဆဲပါ။ တောင်းဆိုလာတဲ့အခါ ကျွန်တော်တို့ရဲ့ အမှုသည်ဟာ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ခံရတဲ့ မြန်မာအစိုးရကို ကျေကျေနပ်နပ် အိမ်ရာသော့ လွှဲပြောင်းပေးဖို့ အမြဲအသင့်ပါ။ ဟု Reuters ကို Swift က ပြောသည်။

 

လန်ဒန်ရှိ မြန်မာသံရုံး၊ ဗြိတိန်နိုင်ငံခြားရေးရုံးနှင့် လန်ဒန်မြို့တော်ရဲတပ်ဖွဲ့တို့ကိုမှတ်ချက်ပေးရန် တောင်းဆိုသော်လည်း အကြောင်းမပြန်ခဲ့ပါ။

 

ဦးကျော်ဇွာမင်းကို ရဲက ဩဂုတ်လ ၁၅ ရက်နေ့တွင် စစ်ဆေးမေးမြန်းခဲ့သော်လည်း အရေးယူမှုမပြုလုပ်သေးပါဟု Swift က ပြောသည်။ ဗြိတိန်ရှေ့နေချုပ်က ၎င်းကို အရေးယူရန် လုံလောက်သော သက်သေအထောက် အထား ရှိ မရှိ ဆုံးဖြတ်မည်ဟု ၎င်းက ပြောသည်။

 

အရေးယူမှုများ ပြုလုပ်ခဲ့ပါက ဗြိတိန်၏ ယခင်က ဦးကျော်ဇွာမင်းကို ထောက်ခံအားပေးခဲ့မှုများ၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တို့ကို ပိတ်ဆို့အရေးယူမှုခဲ့မှုများ၊ စစ်တပ်ကို မျက်နှာစာမျိုးစုံမှ တိုက်ခိုက်နေကြသော ခုခံကာကွယ်ရေးလှုပ်ရှားမှုများဖြစ်ပေါ်စေခဲ့သည့် ဆန့်ကျင်သူတို့အပေါ် ရက်စက်စွာ ဖြိုခွင်းခဲ့မှုများသည် နိုင်ငံရေးအရမေးခွန်းထုတ်ဖွယ်ဖြစ်လာမည်ဖြစ်သည်။

 

မြန်မာတာဝန်ခံမှုစီမံချက်အခွင့်အရေးလှုပ်ရှားသူများအဖွဲ့၏ Chris Gunness က "အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး ဗိုလ်ချုပ်တွေကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဗြိတိသျှအာဏာပိုင်တွေအနေနဲ့ တရားမဝင်တဲ့ စစ်အာဏာရှင်တွေရဲ့ ရွှေ့ကွက်ကို ခွင့်ပြုရမယ်ဆိုတာ စိတ်ကူးကြည့်လို့တောင် မရပါဘူး။” ဟု ပြောသည်။

 

ဗြိတိန်သည် အခြားအနောက်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထွန်းကားရေးနှင့် မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားအချို့ကို ပိတ်ဆို့ဒဏ်ခတ်ရန် တောင်းဆိုခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

 

အာဏာသိမ်းပြီးနောက် အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည့် ဖြုတ်ချခံရသော မြန်မာနိုင်ငံရေးသမားများနှင့် အခြား ဒီမိုကရေစီလိုလားသူ မဟာမိတ်များက အမျိုးသားညီညွတ်ရေးအစိုးရNational Unity Government (NUG) ဟု စင်ပြိုင်အုပ်ချုပ်မှု ထူထောင်ထားသည်။

 

ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံအများစုက စစ်အာဏာရှင် သာမက NUG ကိုပါ တရားဝင် အသိအမှတ် မပြုထားပါ။

 

သို့သော် ဂျူလိုင်လ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်အာဏာရှင်က လန်ဒန်သံရုံး ယာယီအကြီးအကဲတစ်ဦးကို ဗီယင်နာသံတမန်ဆက်ဆံရေးသဘောတူညီချက်အရ ဗြိတိသျှအစိုးရ၏ အသိအမှတ်ပြုမှုမလိုအပ်ဘဲ ခန့်အပ်ခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ ဇန်နဝါရီလ ၃၁ ရက် ၂၀၂၃ ခုနှစ် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၊ သံတမန်အိမ်ရာမှ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်ဇွာမင်း (Photo: REUTERS/Toby Melville/File Photo )

 

Burma Associated Press

အမေရိကန်
မြန်မာ
သံရုံး
အဖမ်းခံရ

Share With
bap-logo