Urban Life
စစ်မီးထဲက တစ်ည
လွန်ခဲ့သော ၂ နှစ် က
BAP၊ မတ် ၃၀။
“အုန်း” ဟုအသံကြားချိန်တွင် ကောင်းကင်၌ မီးနီလေးနှစ်လုံးသည် အရှေ့ဘက်သို့ တဖြည်းဖြည်းရွေ့လာနေသည်။
“အောက်ဆင်း...အောက်ဆင်း၊ ဝပ်နေ” ဟူသည့်အသံများထွက်လာသည်။
စက္ကန့်နှစ်ဆယ်ခန့်အကြာတွင် “ ဖောင်း...ဖောင်း “ ဟူသည့် ပေါက်ကွဲသံနှစ်ချက် အတော် ကျယ်ကျယ် ကြားလိုက်ရသည်။ အတော်ကျယ်သောကြောင့် အနီးအနားသို့ကျသည်ဟုသဘောပေါက်လိုက်ကြသည်။
သို့သော် အော်ဟစ် ယောက်ယက်ခတ်သံများမကြားရသည့်အတွက် သိပ်တော့လည်းမနီးသေးဟု မှတ်ကြရသည်။ ပေါက်ကွဲသံကြားပြီးသည့်နောက်တွင် လူသံများထွက်လာသည်။ “ဟေး...အရေးတော်ပုံအောင်ရမည်” “ကြောက်လားဟေ့” ဟူသော ရယ်သံလွှမ်းသည့်လေသံဖြင့် လူငယ် အမျိုးသားနှစ်ဦး ကတ္တရာလမ်း ဟိုဘက်ဒီဘက်မှလှမ်းအော်ပြောနေကြသည်။
“ဟေ့ကောင်တွေလက်နက်ကြီးနဲ့မပစ်နဲ့လေ..ယောက်ျားအချင်းချင်းကို” ဟု မကြားနိုင်မှန်း သိလျက် ပင် စစ်ကောင်စီတပ်အား ရည်မှန်း၍ အချင်းချင်း လှမ်းအော်ပြောနေကြသည်။ မကြောက်သကဲ့သို့အော်ဟစ်ရင်းရယ်မောနေကြသော်လည်း မည်သူမျှမအိပ်ကြတော့ဘဲ လက်နက်ကြီးသံကို နားစွင့်နေကြသည်။
စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် ဒီးမော့ဆိုမြို့နယ်ရှိတစ်နေရာတွင်ဖြစ်သည်။ စစ်ကောင်စီသည် ကရင်နီဒေသအား ထပ်မံစစ်ကြောင်းထိုးနေလျက်ရှိသည်။ စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသ အတွင်းရှိကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်များ ပိုမိုများပြားလာသည်။
စစ်ဘေးရှောင်အရပ်တွင်မဟုတ်သည့်တိုင် လက်နက်ကြီးပေါက်ကွဲသံကို ကျယ်လောင်စွာကြားရပြီးနောက် ကတ္တရာလမ်းမဘေးမှ လူနေအိမ်အချို့ မီးပင်မဖွင့်တော့ပေ။ လမ်းမပေါ်ထွက်နေသူလည်း မည်သူမျှမရှိတော့။ ကားနှင့် ဆိုင်ကယ်တစ်စီးတစ်လေသာ အရှိန်ပြင်းစွာဖြတ်မောင်းသွားကြသည်။
ကားလမ်းမဘေး တစ်လျှောက်တွင်လူနေထိုင်သည့်အဆောက်အဦငယ်များရှိကြသော်လည်း မှောင်မဲလျက် ရှိသည်။ လမ်းမီးမှာ အစကတည်းကမရှိသဖြင့်ထုတ်ဖော်ပြောရန်မလိုပေ။
အိမ်အတွင်းရှိလူများမှာ ၎င်းတို့အနီးအနားသို့ပင် ကျသည်ဟု ယူဆနိုင်အောင်ကျယ်လောင်သည့် ပေါက်ကွဲသံ ကြားရပြီးနောက်တွင် ထပ်မံကျလာနိုင် သည့်လက်နက်ကြီးသံများကို နားစွင့်ရင်း ငြိမ်သက် နေကြသည်။
အိမ်အတွင်းရှိလူများမှာ ၎င်းတို့အနီးအနားသို့ပင်ကျသည်ဟု ယူဆနိုင်အောင်ကျယ်လောင်သည့် ပေါက်ကွဲသံ ကြားရပြီးနောက်တွင် ထပ်မံကျလာနိုင်သည့်လက်နက်ကြီးသံများကို နားစွင့်ရင်း ငြိမ်သက်နေကြသည်။
သီချင်းအော်ဆိုရင်း ရင်ဆိုင်ကြသူတချို့ရှေ့တွင်တော့ ခေါင်ရည်အိုးနှင့် ဘီယာဘူးတချို့ရှိသည်။ ဂစ်တာ တစ်ခု၊ ယူကလေးလေးတစ်ခုနှင့် သီချင်းတစ်ပုဒ်၏ကော့ဒ်(ဂီတာသံစဥ်ပြစာရွက်)ကိုဖော်ပြသော ဖုန်း မျက်နှာပြင် တစ်ခုလည်းရှိသည်။ ကော့ဒ်သည် နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင် လူငယ်တစ်ဦး အတွက်သာ ဖြစ်ပြီး လူကြီးပိုင်းသီဆိုတီးခတ်သူများအတွက် ဂီတာတီးရန် ကော့ဒ်သုံးသည့်ဓလေ့မရှိပေ။
၎င်းတို့အနီးအနားတွင် ဗုံးခိုကျင်းလည်းမရှိ။ လက်နက်ကြီးထပ်မံကျလာပါက အချိန်မီ ရှောင်တိမ်းနိုင်ရန် အချင်းချင်း ဖေးမနိုင်ရုံ စုစည်းနေကြသည်။ ကြိုမှန်းမရသော တစ်စုံတစ်ခုကို ရင်ဆိုင်ကြသည့်အခါ အနားတွင်အဖော်များရှိပြီး တစ်ဦးထဲမဟုတ်ဟူသည့် အသိသည် ကြောက် စိတ်ကို ပိုမိုတွန်းလှန်နိုင်သည်ဟု ထင်ကြသည်။
၎င်းတို့သီချင်းစဆိုနေချိန်၌ပင် နောက်ထပ်လက်နက်ကြီးသံ နှစ်ချက်ခန့် ထပ်မံကြားလိုက်ရသေးသည်။ အသံပိုတိုးသည့် ပေါက်ကွဲသံများကိုလည်း တစ်နာရီအတွင်း မိနစ်အနည်းငယ်ခြားကာ ကြားရသည်။ ပထမ အခါတုန်းကကဲ့သို့ မကျယ်လောင်တော့သည့်အပြင် ၎င်းတို့ရှိရာနေရာမှနေ၍ ကောင်းကင်တွင်မြင်ရလောက်အောင်လည်းမဟုတ်တော့။
ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း နှစ်ခုလုံးပြတ်တောက်သည့်နေရာဖြစ်ရာ မိမိမြင်ရသောနေရာ အပြင်ဘက်တွင် ဘာဖြစ်နေမှန်းလည်းမသိနိုင်ကြပေ။
အင်တာနက်နှင့်ဖုန်းလိုင်းမိရန် တောင်ထိပ်သို့တက်သုံးရသည်။
လက်နက်ကြီးကျထားသည့်အချိန်တွင် အပြင်ထွက်ရန်နှင့် တောင်ထိပ်သို့တက်ရန်မှာ ပိုမိုမဝံ့ရဲသည့် အပြုအမူဖြစ်သည်။ ထို့ကြောင့် လက်နက်ကြီးသည် မည်သည့်နေရာသို့ကျပြီး အထိအခိုက် မည်မျှရှိသည်ကို အသံကြားပြီး ချက်ချင်း ဆက်သွယ် စုံစမ်းနိုင်ခြင်းမရှိပေ။
ကရင်နီဒေသ၏ ဝင်ပေါက်တွင်ပင်ရှိသည့်ထိုမြို့နယ်၏ ကားလမ်းမတစ်လျှောက်တွင် လျှပ်စစ်ကြိုး များ သွယ်တန်းထားသည့်ဓါတ်တိုင်များရှိသည်။ ဖုန်းတာဝါတိုင်ကြီးတစ်ခုမှာလည်း ' ဟီးခနဲ' ထီးထီးကြီးရပ်နေသည်။ သို့သော် နှစ်ခုလုံးအလုပ်မလုပ်ကြပေ။ ထို့ကြောင့် လျှပ်စစ်မီးလည်း မလာသလို အခြားတာဝါတိုင် လိုင်းမိသည့် တောင်ပေါ်မှမဟုတ်လျှင် ဖုန်းလိုင်းလည်းမမိပေ။ ဖုန်းလိုင်းနှင့်အတူ အင်တာနက်လိုင်းလည်း ပြတ်တောက်လျက်ရှိသည်။
ရွာရှိ အိမ်အချို့တွင် ရုပ်သံဂြိုလ်တု စလောင်းများရှိသော်လည်း လျှပ်စစ်မီးမရှိသဖြင့် မသုံးနိုင်ကြပေ၊ အသုံးမဝင်သော်လည်း ဖြုတ်မပစ်ထားကြသေး။ မီးထွန်းရုံနှင့် ဖုန်းအားသွင်းရုံတတ်နိုင်သည့် ဆိုလာပြားကို အများအားဖြင့် အသုံးပြုကြသည်။ ထို့ကြောင့် လက်နက်ကြီးကျသည့်ညတွင် တီဗွီ ဖွင့်ထားသံလည်းမရှိပေ။ ဆိုလာမီးမှိန်တုပ်တုပ်အဆောက်အဦများနှင့် လှုပ်ရှားနေသော လူသံ၊ကားသံ၊ ဆိုင်ကယ်သံများသာရှိသည်။
ဖေဖော်ဝါရီနှောင်းပိုင်းတွင် စစ်ကောင်စီ၏ထပ်မံစစ်ကြောင်းထိုးမှုကြောင့် စစ်ကောင်စီတပ်နှင့်ဒေသ ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေသည့်အချိန်ဖြစ်ရာ စစ်ကောင်စီဘက်မှ လာသည့် လက်နက်ကြီး ဟူသည်ကိုသာခန့်မှန်းနိုင်သည်။
“အညာသူရေ..တောင်ပေါ်မြေမှာ ကယန်းဟင်းစားနိုင်ရင်လိုက်ခဲ့ပါ“ ဟူ၍သီချင်းစာသားကိုကယန်းနောက်ခံဖြင့်ပြောင်းဆိုလိုက်ခြင်းဖြစ်သည်။ “မက်ခါသီးကွ..မက်ခါသီး” ဟုနောက်တစ်ဦးကအကြံပေးရာ “အညာသူရေ တောင်ပေါ်မြေမှာ မက်ခါသီးစားနိုင်ရင်လိုက်ခဲ့ပါ” ဟူ၍ဖြစ်သွားပြန်တော့သည်။ သီချင်းဆိုရင်း လက်နက်ကြီးကျသံထပ်ကြားရပါက ခဏရပ်ကာငြိမ်နေလိုက်ပြီး အသံမှာသိပ်မကျယ်နိုင်သည့် အဝေးကဟု ယူဆရလျှင် ဂစ်တာတီးရင်း သီချင်းပြန်ဆိုကြပြန်သည်။
မျက်နှာချင်းဆိုင်၏ တစ်ဖက်ဘက်ကားလမ်းမှ ခြံဝန်းတွင်လည်း စုဖွဲ့စကားပြောနေကြသည့် တစ်ဝိုင်းရှိသေးသည်။ လက်နက်ကြီးသံကြားပြီးလျှင် နှစ်ဖွဲ့အပြန်အလှန်အော်ဟစ်စနောက်ကြသည်။
သို့ဖြင့် ရောက်မလာဘူးဟုလည်း အာမခံချက် မရှိ သလို ထွက်ပြေးတိမ်းရှောင်ရန်အထိလည်း မလိုအပ်သည့် ထိုညကဲ့သို့ စစ်ဘေးအခြေအနေကို အဆင်ပြေသလို စုပေါင်းရင်ဆိုင်လိုက်ကြသည်။
သို့ဖြင့် ရောက်မလာဘူးဟုလည်းအာမခံချက်မရှိသလို ထွက်ပြေးတိမ်းရှောင်ရန်အထိလည်း မလိုအပ်သည့် ထိုညကဲ့သို့ စစ်ဘေးအခြေအနေကို အဆင်ပြေသလို စုပေါင်းရင်ဆိုင်လိုက်ကြသည်။
“အရေးကြီးပြီ ညီနောင်အပေါင်းတို့........။ ငါတို့ရဲ့သမိုင်းအသစ်ကို ငါတို့သွေးနဲ့ရေးခဲ့ပြီ....။ “ ဟူသည့် သီချင်းကို လက်နက်ကြီးသံကိုနားစွင့်ရာမှ ပြန်လည်စတင်သီဆိုရာတွင်အော်လိုက်သည်။
ထို့နောက် ဟိုသီချင်းဆိုပါရန် ဒီသီချင်းဆိုပါရန်ဝိုင်းဝန်းအကြံပေးနေကြသည်။ “အဲ့သီချင်းက ဘယ် လို ဆိုရတာလဲ” ဟု သီချင်း၏တေးသွားသံစဥ်ကိုပြန်မေးသည်။ ခေါင်းရှစ်လုံးခန့်ရှိသည်ဖြစ်ရာ သီချင်း၏ အစကိုမမှတ်မိလျှင်ပင် အခြားတစ်နေရာရာ၏စာသားနှင့်တီးလုံးကိုတော့အစဖော်မိသည် မို့ ထိုမှတ်မိသည့်နေရာမှပင်စတင်သီဆိုရင်းတစ်ပုဒ်ပြီးမြောက်ကြသည်။
လက်နက်ကြီးမှာ မည်သည့်နေရာသို့ကျသွားသည်ကိုမမေးမိကြတော့ပေ။ ထိုသို့တေးသီဆိုနေလာ ကြပြီးနောက် နှစ်နာရီခွဲခန့်အကြာတွင်ဝိုင်းသိမ်းလိုက်ကြသည်။ စောစောအိပ်သည့်ဓလေ့ ရှိသည့် အရပ်ဖြစ်သောကြောင့်လည်းဖြစ်သည်။ ဝိုင်းသိမ်းလိုက်သော်လည်း လက်နက်ကြီးသံကိုမူ ဆက်တိုက်နားစွင့်နေကြဆဲဖြစ်သည်။
နောက်တစ်နေ့တွင် ထိုလက်နက်ကြီးကျရောက်သည့်နေရာကို သိနိုင်ကြပြီဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ထိုနေရာအနီးတဝိုက်လူစည်ကားရာနေရာကိုလက်နက်ကြီးကျရောက်ခဲ့သည်။ ယင်းနေရာတွင် လက်နက်ကြီးကျသွားခြင်းသည် လူမှုကွန်ယက်၌ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီ တပ်အတွက် လက်နက်ကြီးပစ်လွှတ်သည့်အခါ မည်သည့်အရပ်ကို ကျနိုင်သည်ကို သိသွားနိုင်သည့်အတွက်စစ်ရေး အမြင်အရ မကောင်းဟု ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကသုံးသပ်ကြသည်။
ဝေးလံသည့်အရပ်မှ လက်နက်ကြီးပစ်ရာတွင် ဦးတည်သည့် ပစ်မှတ်ကို ချိန်ရသည့် ဂဏန်း အတိအကျကို သိရန်ခက်သည်။ ကနဦးတွင် စစ်ကောင်စီ လက်နက်ကြီးသည် ခန့်မှန်းခြေဖြင့် ရမ်းသမ်းပစ်ခက်ခြင်းဖြစ်သည်။ အဆိုပါလက်နက်ကြီး ကျသည့်နေရာသည် ၎င်းတို့ပစ်မှတ် ဖြစ်သည့်နေရာဖြစ်ပါက ထိုလက်နက်ကို ပစ်စဥ်ကချိန်ခဲ့သည့် ဒီဂရီဂဏန်းကိုမှတ်ထားပြီး ထပ်မံအသုံးချနိုင်သည်။ ထို့ကြောင့် လက်နက်ကြီးကျသည့်နေရာအတိအကျကို လူမှုကွန်ယက်တွင် မပျံ့နှံ့စေလိုခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုနေ့ညက လက်နက်ကြီးမည်သည့်နေရာကျလဲဟု မေးလျှင် ထိုရွာရှိရာ အရှေ့ဘက် သို့ အနောက် ဘက်ဟု အရပ်မျက်နှာနှင့်သာရည်ညွှန်းပြောဆိုနေကြသည်ကိုသာ ကြားရမည်ဖြစ်သည်။
Burma Associated Press