bap-logo
Urban Life

ပွဲစားနှင့် လူလိမ်လက်က မလွတ်နိုင်သေးသည့် နိုင်ငံကူးလက်မှတ်

xLDFJcb19bZ3EKfTlvyqP-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၁၆။

 

နိုင်ငံကူးလက်မှတ် သို့ ပတ်စ်ပို့ လိုအပ်ချက်မြင့်မားလာမှုကို မဖြည့်တင်းနိုင်မှုကြောင့် ယင်းနယ်ပယ်တွင် အလိမ်အညာများပေါများလာသည်။

 

အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်မငြိမ်မှုများနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးများတွင် ထိခိုက်မှုပြင်းထန်လျက် ရှိသည်။ လုပ်ငန်းများလည်ပတ်ရန် ခက်ခဲကြခြင်းကြောင့် အလုပ်လက်မဲ့ဦးရေနှုန်း ထိုးတက်လာသည်။ အကျိုးဆက်အနေဖြင့် ပြည်ပသို့ အလုပ်အကိုင်ရှာဖွေကာ နိုင်ငံမှ ထွက်ခွာသည့် ဦးရေလည်း တိုးတက်လာသည်။ ထိုအခြေအနေသည် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လိုအပ်ချက်ကို ခုန်တက်သွားစေသည်။

 

နိုင်ငံကူးလက်မှတ်လိုအပ်ချက် ခုန်တက်သွားသော်လည်း နိုင်ငံ့အာဏာကို ဆုပ်ကိုင်ထားဆဲဖြစ်သည့် အာဏာသိမ်းစစ်ကောင်စီသည် ထိုလိုအပ်ချက်ကို ယခုတိုင်မဖြည့်ဆည်းနိုင်သေးပေ။ ထို့အပြင် နိုင်ငံသားတို့၏ကိုယ်ရေးအချက်အလက်များအား စမတ်နည်းပညာသို့ ပြောင်းလဲသိမ်းဆည်းနေသည့် စနစ်ကို ဖြည်းညှင်းစွာ အကောင်အထည်ဖော်နေလျက်ရှိသည်။ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ချိတ်ဆက် အလုပ်လုပ်ရသည့် နိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင်လည်း စာရွက် စာတမ်းများအစား နည်းပညာကို ပြောင်းလဲအသုံးပြုလာသည်။

 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လူထုအုံကြွမှုနှင့် လက်နက်ကိုင်တော်လှန်ရေးများတွင် နိုင်ငံတဝှမ်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ပတ်စ်ပို့ရုံးများ လပေါင်းများစွာပိတ်ထားခဲ့သည်။ ၂၀၂၂ တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လည်ပတ်လာသည်။ ပြန်လည်လည်ပတ်လာသည့်အချိန်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးဝင်ရန် လူကိုယ်တိုင်တန်းစီရသည့် တိုကင်စနစ်အစား စမတ်နည်းပညာဖြင့် စကန်ဖတ်၍ စာရင်းသွင်းသည့် QR ကုဒ်စနစ်သို့ပြောင်းလဲလာခဲ့သည်။

 

နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးဝင်ရန် လူကိုယ်တိုင်တန်းစီရသည့် တိုကင်စနစ်အစား စမတ်နည်းပညာဖြင့် စကန်ဖတ်၍ စာရင်းသွင်းသည့် QR ကုဒ်စနစ်သို့ပြောင်းလဲလာခဲ့သည်။

 

 

၂၀၂၂ ခုနှစ် ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံး ပြန်ဖွင့်သည့်အချိန်တွင် ပတ်စ်ပို့လုပ်ရာ၌ စမတ်နည်းပညာကို တစ်ဖြည်းဖြည်း စတင်ထည့်သွင်းလာခဲ့သည်။ လူကိုယ်တိုင်တန်းစီကာ တိုကင်ယူရသည့်စနစ်မှ အွန်လိုင်းမှတဆင့်တန်းစီကာ QR ကုဒ်ယူ၍ တိုကင်ယူရသည့်စနစ်သို့ ပြောင်းလဲလိုက်သည်။ ယခုကာလတွင် ပတ်စ်ပို့ရုံးများ၌ တိုကင်ယူသည့်စနစ်တွင်သာမက ပတ်စ်ပို့လုပ်မည့်သူ၏ ကိုယ်ရေးနောက်ခံများနှင့် အချက်အလက်များကို စစ်ဆေးရာတွင်လည်း စမတ်နည်းပညာသုံးလာသည်။

 

EID ( Electronic Indentity ) ဟူသည့် စနစ်ကို အသုံးပြုကာ ပတ်စ်လျှောက်ထားသူများ၏ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးသည့်နည်းကို အသုံးပြုနိုင်သည့်အဆင့်ရောက်လာပြီဖြစ်သည်။

 

နိုင်ငံသားများ၏ နောက်ခံအချက်အလက်များကို အီလထရောနစ်နည်းပညာဖြင့် ထည့်သွင်းသိမ်းဆည်းထားပြီးဖြစ်သည်။ ပတ်စ်ပို့လုပ်ခြင်းကဲ့သို့ လိုအပ်လာသည့်အချိန်တွင် ထိုအီလထရောနစ်စာရင်းများတွင် ပြန်လည်ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ မိမိလက်ထဲမှ စာရွက်စာတမ်းနှင့် ၎င်းတို့ စစ်ဆေးနေသည့် EID တွင် တိုက်ဆိုင်စစ်ဆေး၍ တူညီမှသာ ထိုအဆင့်ကိုကျော်ဖြတ်နိုင်သည်။ EID တွင်တစ်စုံတစ်ရာလွဲနေပါက လူဝင်မှုကြီးကြပ်ရေးရုံးသို့သွား၍ EID တွင် ပြုပြင်ပြီးမှသာ စာအုပ်ဆက်လုပ်နိုင်သည်။ လူဝင်မှုကြီးကြပ်ရေးရုံးမှာလည်း EID ကို ပုံမှန်အားဖြင့် အစစ်မခံပေ၊ ပတ်စ်ပို့ရုံး၏ စာပါမှသာ စစ်ဆေးပေးသည်။ ထို့ကြောင့် ပတ်စ်ပို့ရုံးမသွားမီ EID စစ်သွားရန်မဖြစ်နိုင်သဖြင့် နယ်မှရန်ကုန်တွင် နိုင်ငံကူးလက်မှတ်လာလုပ်သူများ ပိုမိုအခက်တွေ့ရသည်။

 

စာအုပ်များမှ ကွန်ပျူတာစခရင်ပေါ်သို့ ရောက်သွားခြင်းဖြစ်ပြီး ပိုမိုတိကျသောအချက်အလက်များကို လွယ်ကူစွာ ထုတ်ပေးနိုင်သည်။ စစ်ကောင်စီသည် နိုင်ငံတွင်း သန်းခေါင်စာရင်းအား အီလက်ထရောနစ်ဒေတာ အဖြစ်သို့ တစ်စစပြောင်းနေခြင်း၏ အစိတ်အပိုင်းများလည်း ဖြစ်သည်။

 

ထို့အပြင် ပျောက်ဆုံးသည့် နိုင်ငံကူးလက်မှတ်များကို ယခင်ကဲ့သို့ အလွယ်ပြန်လျှောက်ခွင့်မပေးတော့ပေ။ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း သတင်းစာတွင် ထည့်ကြော်ငြာရသည်။ ထိုကြော်ငြာ ၆ လ ကြာသည့် နောက်ပိုင်းမှသာ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးလျှောက်ထားပြီး အသစ်လုပ်ခွင့်ရှိသည်။ ထို့အပြင် နိုင်ငံကူး လက်မှတ်လုပ်ရန် အစိုးရအား ပေးသွင်းရသည့်ငွေသည် အသစ်လျှောက်သူများအတွက် စာအုပ်ဖိုးငွေ ၃၅,၀၀၀ ကျပ်သာ ကျသင့်သော်လည်း ပျောက်ဆုံးသူများအတွက် စာအုပ်ဖိုးအပြင် ဒဏ်ကြေး ငါးသောင်းခြောက်ထောင်ကျပ်ပေါင်း၍  ၉၁,၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်သည်။

 

တစ်နိုင်ငံလုံး၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးအချုပ်ဖြစ်သည့် ရန်ကုန်မြို့၌ ပတ်စ်ပို့လုပ်ရာတွင် ဆောင်ရွက်ရသည့်လုပ်ငန်းစဥ်များတွင် မြန်မာလူထုနှင့် ကောင်းစွာမရင်းနှီးသေးသည့် စမတ်နည်းပညာကို များစွာအသုံးပြုထားသည်ဖြစ်ရာ ဘေးမှအကူအညီများလိုအပ်လာသည်။

 

 

 

နည်းပညာနှင့်ပတ်သက်သော ပြောင်းလဲမှုများကို ပတ်စ်ပို့ရုံးသည်စာနှင့်တကွသာ ရှင်းလင်းဖော်ပြထားသည်။ ဤသို့ဖြင့် ပတ်စ်ပို့ရုံးသို့ဝင်ရန်အတွက် တိုကင်ယူရာတွင်ပင် ပွဲစားများ၏အကူအညီကိုလိုအပ်လာသည်။ ယခင်ပတ်စ်ပို့ရုံးရှေ့တွင် ခြေရှုပ်နေတတ်ကြသည့် ပွဲစားများသည် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပလူပျံနေကြသည်။  

 

ပတ်စ်ပို့ရုံးဝန်းကျင်တွင် ဘားရတ်အကာများ ချထားပြီး လူစုခြင်းမရှိစေရန် ပတ်စ်ပို့ရုံးအရှေ့မှ ကင်းတဲသည် ဂရုတစိုက်ရှိသည်။ ရုံးအတွင်းသို့ လွယ်အိတ်များ၊ လက်ကိုင်အိတ်အသေးများပင်ယူဆောင်ခွင့်မပေးပေ။ အဖော်မပါပါက အိတ်များအားအနီးရှိ ပန်းခြံမှ အများသုံးအိမ်သာတွင်လည်းကောင်း ရုံးအရှေ့တွင် အိတ်သိမ်းပေးသည့် ဝန်ဆောင်မှုပေးသည့်သူများအားလည်းကောင်းအပ်ထားရုံသာရှိသည်။ အိတ်ထားရန် အစီအစဥ်တစ်စုံတစ်ရာလည်းမရှိပေ။ ပတ်စ်ပို့ ရုံးအပေါက်နှင့် ကိုက် ၅၀ ခန့်ကွာသည့် ထိုကင်းတဲနေရာမှာပင် လိုအပ်သည့် စာရွက်စာတမ်းနှင့် ပိုက်ဆံသာယူခွင့်ရှိသည်။ ရေဗူးနှင့် အစားအစာပင် သယ်ခွင့်မရှိပေ။ ယခုကာလ ပတ်စ်ပို့ အသစ်လျှောက်ချင်သူ၊ သက်တမ်းတိုး၊ အပျောက်လျှောက် စသည့် ပတ်စ်ပို့နှင့် မကင်းနိုင်သူတိုင်း ထိုဒုက္ခများကို ခါးစည်းခံကြရသည်။

 

ယခုကာလတွင် ပတ်စ်ပို့နှင့်သက်ဆိုင်သည်များ ပြုလုပ်ရန်အတွက် ပတ်စ်ပို့ရုံးထဲဝင်နိုင်ရမည်၊ ထို့နောက် မိမိအချက်အလက်များနှင့် စစ်ကောင်စီ၏ အီလက်ထရောနစ်ဒေတာ စာရင်းတွင် သွင်းထားသည့် အချက်အလက်များ ကိုက်ညီမှုရှိမရှိ စစ်ဆေးရမည်၊ မိမိ၏မျက်လုံးစကန်နှင့် လက်ဗွေအမှတ်အသားတို့ကို ပေးခဲ့ရမည်၊ လက်ရှိစစ်ကောင်စီအား ဆန့်ကျင်နေသည့် စာရင်းဝင်ထားသည့်သူများ (ဝရမ်းထုတ်ခံထားရသူများ၊ စီဒီအမ်ဝန်ထမ်းများ) မဖြစ်ရန်လည်းလိုအပ်သည်၊ ၎င်းတို့ဘက်မှ သံသယကင်းလျှင် နောက်နှစ်ပတ်ခန့်တွင် စာအုပ်လာထုတ်နိုင်သည့် စလစ်ထုတ်ပေးသည်။ စလစ်တွင်ပါသည့် ရက်နှင့်အချိန်အတိုင်း စာအုပ်သွားထုတ်ရုံသာ ရှိတော့သည်။

 

ထိုအဆင့်များတွင် ရုံးဝင်နိုင်ရန် တိုကင်ယူသည့်အဆင့်၌ QR စနစ်အသုံးပြုလိုက်သည်ဖြစ်ရာ နည်းပညာနှင့် အလှမ်းကွာသူများ၊ အင်တာနက်အခက်အခဲရှိသူများ၊ အွန်လိုင်းမှတဆင့် စာရင်းသွင်းခြင်း မပြုလုပ်တတ်သူများသည် ကိုယ်တိုင်အွန်လိုင်းဘိုကင်မယူနိုင်တော့ပေ။ ထိုလိုအပ်ချက်ကို ဖြည့်ပေးသည့် ပွဲစားများသည် အွန်လိုင်းဘိုကင် သို့မဟုတ် ပတ်စ်ပို့ရုံးဝင်ရန် QR တစ်စောင်လျှောက်ပေး၍ တစ်ခုလျှင် ရှစ်ထောင်မှ တစ်သောင်းကျပ်ဝန်းကျင်ဖြင့် ဈေးကွက်ဖြစ်လာသည်။ ထိုသို့ ၂၄ နာရီ ဘိုကင်မဖွင့်ပေးမီတွင် ၎င်းတို့ဖွင့်ထားသည့်အချိန်တွင်သာ အပြိုင်အဆိုင် ဘိုကင် တင်ကြရသဖြင့် ရုံးဝင်ရန် QR ဘိုကင်ယူသည့်ဝန်ဆောင်မှုသည် ပိုမိုဈေးကြီးသည်။

 

၂၀၂၁ အာဏာသိမ်းပြီးနောက် စီးပွားရေးအခြေအနေယိုင်ထိုးသွားသည့်မြန်မာနိုင်ငံတွင်  ပုံမှန်ပတ်စ်ပို့ စာအုပ်လုပ်လျှင် ရုံးဝင်ပြီးနောက် နှစ်ပတ်ဝန်းကျင်ခန့်ကြာလျှင်စာအုပ်ရသည်။ ယခုကာလတွင် ရုံးဝင်ရန် တိုကင်ယူရသည်ပင် ခြောက်လခန့်စောင့်ရသည်။ အွန်လိုင်းဘိုကင်တင်သည့်စနစ်သို့ပြောင်းထားရာ ၂၄ နာရီ နေ့ရက်မရွေး ဘိုကင်တင်နိုင်ပြီး တစ်ရက်စာဘိုကင်တင်သလောက် ပတ်စ်ပို့မထုတ်ပေးနိုင်သဖြင့်  ရုံးဝင်နိုင်သည့်ရက်မှာ ထိုကဲ့သို့ လများစွာစောင့်ရလေသည်။ ယခုလ ဩဂုတ်တွင် အွန်လိုင်းဘိုကင် တင်သူများသည် ယခုနှစ်ဒီဇင်ဘာနောက်ဆုံးပိုင်းနှင့် နောက်နှစ် ဇန်နဝါရီလတိုင်စောင့်ရမည်ဖြစ်သည်။

 

အခြေအနေအရ ပတ်စ်ပို့အလျင်လိုသူများလည်းရှိရာ ထိုသူများသည် လူလိမ်များအတွက် ပစ်မှတ်ကောင်းများဖြစ်လာကြသည်။

 

 

အခြေအနေအရ ပတ်စ်ပို့အလျင်လိုသူများလည်းရှိရာ ထိုသူများသည် လူလိမ်များအတွက် ပစ်မှတ်ကောင်းများဖြစ်လာကြသည်။ အွန်လိုင်းတွင်တန်းစီစရာမလိုဘဲ ပတ်စ်ပို့စာအုပ်အား တစ်ပတ်အတွင်း သို့ နှစ်ပတ်အတွင်းရမည်ဟု လိမ်လည်ခြင်းများပင်။ ထိုသူများသည် အများအားဖြင့် ၎င်းတို့ကိုယ်ပိုင် ငွေလွှဲအကောင့်များကို မသုံးကြဘဲ တစ်ပါးသူ၏အကောင့်များကိုသုံးကြသည်။ ရန်ကုန်၌ အမြန်လမ်းကြောင်းဖြင့် ပတ်စ်ပို့လုပ်ရာတွင် ၈ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိသည်။ ဩဂုတ် ဒုတိယအပတ်ဝန်းကျင်တွင်မူ ရန်ကုန်နှင့် မန္တလေးနှစ်ခုလုံးတွင် အမြန်လမ်းကြောင်းများ ပိတ်ထားသည်ဟု ပတ်စ်ပို့အမြန်လုပ်သည့် အသိုင်းအဝန်းအတွင်း သတင်းများပျံ့နေသည်။ ထိုပတ်စ်ပို့အမြန်လုပ်ခြင်းသည် ပတ်စ်ပို့ရုံးမှ တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ပေ။ ရုံးအတွင်းရှိ နီးစပ်ရာနှင့်သက်ဆိုင်ရာများသို့ ရေလောင်းခြင်းနည်းဖြင့် အမြန်ရနေကြခြင်းဖြစ်သည်။  

 

လူမှုကွန်ယက်ပေါ်တွင် ပတ်စ်ပို့အမြန်လုပ်ရန် သုံးသိန်း ဝန်းကျင်ဖြင့် ဆောင်ရွက်ပေးမည် ဟူသည့်ကြော်ငြာများလည်းရှိသည်။ လေးသိန်းဝန်းကျင်နှင့် ငါးသိန်းဝန်းကျင်အထိ ဈေးခေါ်သည်များလည်းရှိသည်။ Facebook လူမှုကွန်ယက်မှ ပတ်စ်ပို့လုပ်သည့် ဂရုများတွင် ပေါက်ဈေးထက်ပိုနည်းနေသည့် ယင်းတို့သည် အလိမ်ပေ့ချ်များသာဖြစ်ကြောင်း မကြာခဏ အချင်းချင်းသတိပေးကြသည်။ ၎င်းတို့သည်အလိမ်ပေ့ချ်များဖြစ်ပြီး အမှန်တကယ်အမြန်လုပ်ပေးနိုင်သည့် ဝန်ဆောင်မှုများမှာလည်း ရှားပါးသည်။

 

လူမှုကွန်ယက်ရှိ ပတ်ပို့အမြန်လုပ်ပေးသည့် ဝန်ဆောင်မှုအချို့ကို ကိုယ်တိုင်ဖုန်းဆက်ကြည့်ရာတွင် စာအုပ်လုပ်လိုလျှင် ဆယ်ရက်အမြန်အတွက် တစ်ဈေးဖြစ်ပြီး တစ်ပတ်အမြန်ဆိုလျှင် ပိုပေးရသည်။ မိမိ၏ သန်းခေါင်စာရင်းဓါတ်ပုံ၊ မှတ်ပုံတင်ဓါတ်ပုံ၊ မိမိသွားမည့်နိုင်ငံ၊ လျှောက်ထားလိုသည့် နိုင်ငံကူးလက်မှတ်အမျိုးအစားစသည့် အချက်အလက်များကိုလည်းတစ်ပါတည်း မက်ဆေ့ပို့ပေးရသည်။

 

၎င်းတို့သည် ဖုန်းမှတဆင့် စတင်စကားပြောပြီးနောက် မက်ဆင်ဂျာ သို့မဟုတ် viber အကောင့်မှတဆင့် အချက်အလက်များကို လက်ခံပြီး အဆက်အသွယ်ပြုကြသည်။ ထိုအကောင့်များသည် အတုများသာဖြစ်ပြီး ၎င်းတို့၏နောက်ကြောင်းကို ပြသနိုင်သည့်တစ်စုံတစ်ရာရှိမနေပေ။ ပတ်စ်ပို့စာအုပ်အတွက် ပြီးစီးကြောင်းတစ်စုံတစ်ရာမပြသနိုင်သေးမှာပင် အလုပ်သဘောအရဟုဆိုကာ စရံငွေတောင်းကြသည်။ စရံငွေလွှဲပေးပြီးနောက် စာအုပ်ထုတ်ရန်ဟုဆိုကာ QR ကုဒ် သို့မဟုတ် စလစ်အတု သို့မဟုတ် မိမိအချက်အလက်မှာတစ်စုံတစ်ရာချို့ယွင်းမှု စသည်တို့ကို အကြောင်းပြကာ  ထပ်မံငွေတောင်းသည်။

 

ယုံကြည်၍ ၎င်းတို့ ခေါ်သည့်ဈေးအတိုင်း အကုန်လွှဲပေးပြီးပါက ဖုန်းမကိုင်တော့သကဲ့သို့ ၎င်းတို့၏ အကောင့်များကိုလည်း ဆက်သွယ်၍မရတော့ပေ။ ထိုသို့ ငွေကြိုမပေးပါကလည်း မလုပ်ပေးနိုင်ဟုဆိုကာ ပတ်စ်ပို့အမြန်လိုအပ်နေသူများကို အကြပ်ကိုင်တတ်သည်။ ထိုလူလိမ်များသည် ပေ့ချ်များခွဲ၍ အလုပ်လုပ်ကြသော်လည်း တစ်ဦးချင်းအလိုက် လိမ်နေကြခြင်းမဟုတ်ဘဲ လူလိမ်အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုနှင့်အလုပ်လုပ်ကြပုံရသည်။

 

လူလိမ်များသည် ပေ့ချ်များခွဲ၍ အလုပ်လုပ်ကြသော်လည်း တစ်ဦးချင်းအလိုက် လိမ်နေကြခြင်းမဟုတ်ဘဲ လူလိမ်အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုနှင့်အလုပ်လုပ်ကြပုံရသည်။ 

 

 

ယခုကာလတွင် ပြင်ပပွဲစားများ ဝန်ဆောင်မှုပေးနိုင်သည့်အမြန်ဟူသည်မှာ အွန်လိုင်းတိုကင်မရှိသည့် လူတိုကင်စီရသည့် အခြားတိုင်းဒေသကြီးနှင့်မြို့နယ်များတွင် သွားရောက်လုပ်ကိုင်ခြင်းသာဖြစ်သည်။ ထို့ကြောင့်အမြန်လုပ်ပေးသည့်ပွဲစားများသည် နယ်ဘက်များရှိ ပတ်စ်ပို့လုပ်မည့်ရုံးတွင် ၎င်းတို့အချိတ်အဆက်များသုံးခြင်း သို့မဟုတ် လူကိုယ်တိုင် နေရာဦးထားပြီးဖြစ်အောင် စီမံထားခြင်းဖြင့် နှစ်ရက်သုံးရက်အတွင်း ရုံးသို့တန်းဝင်နိုင်သည်။

 

အမြန်ဟူသည်မှာ ထိုသို့ရုံးဝင်၍ မျက်လုံးစကန်ဖတ်လက်ဗွေနှိပ် လက်ရေးဖောင်ဖြည့်ပြီးနောက် စာအုပ်ထုတ်ရန်အဆင့် ပုံမှန်ထက်ရက်အနည်းငယ်ပို၍စောစောရနိုင်ရန် ကြံဖန်ခြင်းနှင့် QR ဘိုကင်ကုဒ်နှင့်လည်ပတ်နေသည့် ရန်ကုန်ရုံးထက် ပိုစော၍ရုံးဝင်နိုင်ခြင်းကိုသာ ဆိုလိုသည်။

 

ရန်ကုန်ရုံး၌ ရုံးဝင်ရက်ချိန်းနောက်နှစ်ကူးပြီဖြစ်သည့် အွန်လိုင်း QR ဘိုကင်စနစ်ကိုကျော်၍ အမြန်ရရန်မှာ အလိမ်နှင့်တိုးဖို့ရာခိုင်နှုန်း အလွန်များသည်။ နယ်ကျော်၍ အခြားမြို့နယ်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် သွားရောက်လုပ်ကိုင်သည့် နယ်ကျော်များမှာလည်း မကြာမီရက်ပိုင်းကပင် ရပ်နားထားကြောင်း ပတ်စ်ပို့လုပ်ချင်သူများနှင့် ပွဲစားလောကတွင် သတင်းပျံ့နှံ့နေသည်။ မြဝတီမြို့နယ်တွင်သာ နယ်ကျော်ရတော့သည်ဟုဆိုကြသည်။    

 

အချို့ အလိမ်မိသူများသည် QR အတုဖြင့်လာကြပြီး ရုံးဝင်ရန်စကန်ဖတ်မှသာ သိကြသဖြင့်  စစ်ကောင်စီရဲနှင့်စစ်သားများဝိုင်းနေသည့် ရုံးတွင်ပြဿနာတက်ကြရသည်။ QR အတုဖြင့် နိုင်ငံကူးလက်မှတ်လုပ်ခြင်းသည် ထောင်ချ၍ပင်ရနိုင်သည့်အဆင့်ရှိပြီး ဒဏ်ငွေဖြင့်လည်း ပြီးနိုင်သည်။

 

မည်သို့ဆိုစေ လူမှုကွန်ယက်ရှိ ပတ်စ်ပို့နှင့်သက်ဆိုင်သည့် ဂရုများတွင်တော့ အမြန်လုပ်ပေးသည့် ကြော်ငြာများအား ထိရောက်စွာနှိမ်နင်းနိုင်သည့် စနစ်သို့မဟုတ် တစ်စုံတစ်ခုရှိမနေသေးပေ။

 

စစ်ကောင်စီသည် နိုင်ငံကူးလက်မှတ်လိုအပ်ချက်အား အလျင်မီ မဖြည့်ဆည်းနိုင်သေးသကဲ့သို့ ပြောင်းလဲလိုက်သည့်စနစ်သည်လည်း လူလိမ်နှင့် ပွဲစားများယခင်ထက်ပင် ပိုမိုဈေးကွက်ရနိုင်ရန် ဟာကွက်များစွာ ဖန်တီးပေးနေသကဲ့သို့သာရှိနေသေးရာ လူထုမှာ ခါးစည်းခံနေရဆဲပင်။

 

Burma Associated Press

မြန်မာ
နိုင်ငံကူးလက်မှတ်
အာဏာသိမ်းမှု
လူငယ်

Share With
bap-logo