Urban Life
စစ်အာဏာသိမ်းမှုအောက် ပျောက်ဆုံးသွားသော အသံတစ်ခု
လွန်ခဲ့သော တစ်နှစ် က
ဩဂုတ် ၂။
“လက်ကဒီလိုဖြစ်သွားတော့ ညီမကို အလုပ်မခန့်ချင်ကြတော့ဘူး” ဟု မဝင်းဝါလှိုင်က ပြောသည်။
မဝင်းဝါလှိုင်သည် GTIG ဟွာစိန့်အထည်ချုပ်စက်ရုံ မီးပူတိုက်သည့်ဌာနတွင် အလုပ်လုပ်ခဲ့သည့် အလုပ်သမား တစ်ဦးဖြစ်သည်။ ၂၀၂၀ စက်တင်ဘာတွင် မဝင်းဝါလှိုင်၏ လက်သည် အလုပ်လုပ်ရင်း မတော်တဆမှု ဖြစ်ခဲ့သည်။
ဘယ်ဘက်လက်ပေါ်တွင် လက်မမှလွဲ၍ ကျန်လက်ချောင်းများ၌ စက်အပူနှင့် ၁၀ စက္ကန့်ခန့်ကြာ ကပ်နေသည့်အတွက် အပူလောင်ရာဖြစ်ခြင်းဖြစ်သည်။
ဒဏ်ရာရရချင်းတွင်ပင် ၎င်းတို့စက်ရုံ၏ ဆေးပေးခန်းမှတဆင့် အင်းစိန်ဆေးရုံတွင်ဆေးကုသခဲ့သည်။ ဆေးစစ်ချက်အရ ထိုဒဏ်ရာသည် မဝင်းဝါလှိုင်၏ လက်အကြောများကို သေသွားစေခဲ့သည်။ ခွဲစိတ်ခဲ့သော်လည်း ဒဏ်ရာမှာ အဆစ်လွဲသည်အထိ ပြင်းထန်သွားသည်။
ထို့ကြောင့် အပေါ်ယံအရေပြားများ အနာကျက်နေသော်လည်း လက်ချောင်းများကို ကွေးဆန့်၍ မရတော့ပေ။ ဘယ်ဘက်လက် လေးချောင်းလုံး ကွေးဆန့်၍မရတော့သဖြင့် ဒုက္ခိတစာရင်း ဝင်သွားကြောင်း အလုပ်သမားရေးရာရုံးမှ တာဝန်ရှိသူနှင့်တွေ့ဆုံစဥ် ထိုသူက မှတ်ချက်ချခဲ့သည်ဟု မဝင်းဝါလှိုင်က ပြောသည်။
ထိုလက်ချောင်းများမှာ လိုချင်သလို လှုပ်ရှားမရတော့သောကြောင့် မဝင်းဝါလှိုင် အလုပ်ရှာဖွေရ ခက်သွားသည်။
လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဒဏ်ရာရပါက ထိုအလုပ်သမားသည် လူမှုဖူလုံရေးဌာနမှ ထုတ်ပေးသည့် လျော်ကြးရသည်။ ယင်းလျော်ကြေးသည် အလုပ်သမားဥပဒေအရ အခွန် ဆောင်ထားသည့်အတွက် အလုပ်သမားအပေါ်အစိုးရဘက်မှ တာဝန်ယူမှုဖြစ်သည်။ မတော်တဆမှု ဖြစ်ပွားသည့် စက်ရုံဘက်မှလည်း သီးခြားတာဝန်ယူမှု တစ်စုံတစ်ရာရှိရမည်ဖြစ်သည်။
ယင်းလျော်ကြေးသည် အလုပ်သမားဥပဒေအရ အခွန် ဆောင်ထားသည့်အတွက် အလုပ်သမား အပေါ် အစိုးရဘက်မှ တာဝန်ယူမှုဖြစ်သည်။
GTIG ဟွာစိန့်စက်ရုံသည် ယင်းတာဝန်ယူမှုတစ်စုံတစ်ရာအတွက် ပျက်ကွက်နေဆဲဖြစ်ကြောင်း ဟွာစိန့်စက်ရုံ၏ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုမင်းနိုင်(အမည်လွှဲ)ကပြောသည်။
မဝင်းဝါလှိုင်၏ဖြစ်စဥ်နှင့်ပတ်သက်၍ စက်ရုံဘက်မှ လုပ်ငန်းရှင်အပါအဝင် စက်ရုံမှူးနှင့် အခြားသော တာဝန်ရှိသူအချို့၊ Primark အထည် brand ဘက်မှ ကိုယ်စားလှယ်များနှင့် ဟွာစိန့် အလုပ်သမားသမဂ္ဂတို့ ယခုနှစ် မတ်တွင် ဟွာစိန့်စက်ရုံ၌ တွေ့ဆုံဆွေနွေးညှိနှိုင်းခဲ့ကြသည်။ စက်ရုံဘက်မှ ဆေးကုသစရိတ် ၁၀ သိန်းနှင့် ကရုဏာကြေး ၁၀ သိန်း စုစုပေါင်း သိန်းနှစ်ဆယ် ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
အခြေအနေပိုးဆိုးသွားသဖြင့် မသန်စွမ်းကဲ့သို့ ဖြစ်သွားရသောမဝင်းဝါလှိုင်၏ ထိခိုက်မှုအတွက် ဆေးကုသစရိတ်နှင့် အခြားကုန်ကျစရိတ်များကို မကာမိနိုင်သဖြင့် လက်မခံခဲ့ဟု ကိုမင်းနိုင်က ဆိုသည်။
သမဂ္ဂအဖွဲ့သည် ဟွာစိန့်စက်ရုံမှ အထည်အော်ဒါလက်ခံချုပ်လုပ်ပေးနေသည့် Primark brand ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူများကိုလည်း ဆက်သွယ်တောင်းဆိုခဲ့သည်။ သို့သော် စက်ရုံနှင့် Brand နှစ်ဘက်လုံးဘက်မှ တစ်စုံတစ်ရာထူးခြားမှုမရှိလာဟု ကိုမင်းနိုင်ကဆိုသည်။
“စက်ရုံကတာဝန်ယူပြီး ကုပေးရင်လည်းကုပေး၊ မကုပေးလည်း လုံလောက်တဲ့ဆေးကုသဖို့ စရိတ်ပေး..” ဟုကိုမင်းနိုင်က ၎င်း၏သဘောထားကို ပြောသည်။
ယင်းမတော်တဆမှုအတွက် အလုပ်ရှင်ဘက်မှ တာဝန်ယူမှုသည် လစ်ဟာနေဆဲဖြစ်သည်။
မဝင်းဝါလှိုင်ကမူ ၎င်းအားနစ်နာကြေးအနေဖြင့် ပေးသည့်ပမာဏမှာ ၎င်း၏ဆေးကုသစရိတ်နှင့် အခြား ကုန်ကျစရိတ်များအတွက် နည်းနေသည့်အပြင် ‘ကရုဏာကြေး’ ဟူသော အသုံးအနှုန်း ကိုလည်း မနှစ်သက်ဟုဆိုသည်။ ထို့ကြောင့်ပင် ၎င်းကိုယ်တိုင် ထိုငွေကိုလက်မခံရန် ဆုံးဖြတ်ခဲ့ပြီး မွေးရပ်မြေသို့ ဦးတည်ခဲ့လေတော့သည်။
“ညီမ ရန်ကုန်မှာအကုန်လုပ်ကြည့်ပြီးသွားပြီ၊ မရတော့လို့ ဒီပြန်လာတာ” ဟုမဝင်းဝါလှိုင်က ဆိုသည်။
၎င်း၏လှုပ်ရှားရခက်သော လက်ချောင်းများဖြင့် စက်ရုံများတွင် အလုပ်လျှောက်ခဲ့သော်လည်း မည်သည့် စက်ရုံမှ လက်မခံသဖြင့် နေထိုင်စားသောက်စရိတ်မြင့်သည့် ရန်ကုန်မှဆုတ်ခွာခဲ့ရသည့် အခြေအနေကို ရည်ညွှန်းရှင်းပြသည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် ဖြစ်ဖြစ်ချင်းတွင် စက်ရုံမှတာဝန်ရှိသူအချို့လည်းပါလာဖြင့် ဆေးရုံ တွင် ခွဲစိတ်ခန်းဝင်ရသည့် အခကြေးငွေအတွက် စက်ရုံဘက်မှ ကျခံခဲ့သည်။ ဆေးရုံတက်ရသည့် သွားလာစရိတ်၊ ဆေးဖိုး၊ အစားအသောက်စရိတ်စသည့် အခြားလိုအပ်ချက်များအတွက်မူ မဝင်းဝါလှိုင် ကိုယ်တိုင်သာ ဖြေရှင်းရသည်။
လက်မှဒဏ်ရာအား အင်းစိန်ဆေးရုံတွင် တစ်လခန့် ဆေးရုံတက်ရသည်။ ဆေးရုံမှဆင်းပြီးနောက် တစ်လတစ်ကြိမ် ဆေးရုံ/ဆေးခန်းသို့ ပုံမှန်သွား၍ ဆေးထည့်ရသည်။ မဝင်းဝါလှိုင်သည် မတော် တဆမှု ဖြစ်ပွားပြီးနောက် အလုပ်မဆင်းနိုင်တော့သောကြောင့် ဝင်ငွေမရှိတော့ပေ။
တစ်လတာဆေးရုံတက်ရသည့် ကုန်ကျစရိတ်အပါအဝင် ဆေးရုံမှဆင်းပြီးနောက်ပိုင်း လစဥ်တိုင်း ဆေးခန်းပြရသည့် ဆေးကုသစရိတ်များအတွက် မဝင်းဝါလှိုင် ငွေတိုးချေးယူကာဖြေရှင်းခဲ့သည်။
စားသောက်စရိတ်နှင့် ၎င်းထောက်ပံ့နေရသည့် မိသားစုအတွက်လည်း ထိုအထဲမှပင် သုံးစွဲရသည်ဟု ၎င်းကဆိုသည်။
မဝင်းဝါလှိုင်တွင် မိဘများသာမက မူလတန်းအရွယ် ကလေးတစ်ဦးရှိသည်။ လက်ဒဏ်ရာဖြစ်ပြီးနောက် အမျိုးသားမှာလည်း အိမ်ပြန်မလာခဲ့ပေ။ ဒဏ်ရာရပြီးနောက် ၎င်း၏ဆေးကုသစရိတ်နှင့် စားဝတ်နေရေး ကုန်ကျစရိတ်များအတွက် ငွေတိုးချေးရခြင်းသည်ပင် ၎င်းတတ်နိုင်သည့် ဖြေရှင်းနည်း ဖြစ်နေသည်။
မတော်တဆမှုဖြစ်ပွားခဲ့သည့် ဟွာစိန့်စက်ရုံသည် ဆရာဝန်သို့ပေးရသည့်ခွဲစိတ်ခမှလွဲ၍ အခြား မည်သည့် ထောက်ပံ့မှုမှမပြုခဲ့ပေ။
“အားငယ်တာပေါ့၊ သူများစက်ရုံတွေဆို အဲ့လိုဖြစ်ရင် (လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ဒုက္ခိတဖြစ်လျှင်) သူဌေးကအစမနေဘူး ” ဟု ၎င်းကဆိုသည်။
“အားငယ်တာပေါ့၊ သူများစက်ရုံတွေဆို အဲ့လိုဖြစ်ရင် (လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ဒုက္ခိတ ဖြစ်လျှင်) သူဌေးကအစမနေဘူး ”
လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ဒုက္ခိတဖြစ်သွားသည်ကိုပင် လုံလောက်သည့်ထောက်ပံ့မှု မပေးသော်လည်း ထိုအလုပ်ကို ဆုံးရှုံးရမည်ကို မဝင်းဝါလှိုင် ကြောက်ပါသည်။
ထို့ကြောင့် ဒဏ်ရာကို ဆေးကုသနေသည့်ကာလအတွင်း အလုပ်၌ လစဥ်ပုံမှန် လစာမဲ့ခွင့်တင်ခဲ့သည်။ ထိုသို့ လစဥ်ပုံမှန်ခွင့်တင်ခြင်းဖြင့် ၎င်းသည် စက်ရုံဝန်ထမ်းအနေဖြင့် စာရင်းဆက်ရှိနေပြီး အလုပ် မပြုတ်သည်မှာ သေချာနေစေကာ လက်ဒဏ်ရာသက်သာပါက အလုပ်ပြန်လုပ်နိုင်ရန် ဖြစ်သည်ဟု မဝင်းဝါလှိုင်က ရှင်းပြသည်။
အင်းစိန်ဆေးရုံမှဆင်းပြီးနောက် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံ၊ ယင်းနောက် ကြည့်မြင့်တိုင် မြို့နယ်ရှိ အရိုးအကြောဆေးရုံတို့တွင် ဆေးကုသခဲ့သည်။
အကြောသေသွားသည့် မဝင်းဝါလှိုင်၏ လက်အားဆေးကုသရာတွင် ခွဲစိတ်ခ သိန်းနှစ်ဆယ် ဝန်းကျင်ခန့် ကုန်ကျမည်ဟု ၎င်းပြသခဲ့သည့် ဆရာဝန်တစ်ဦးက ပြောကြောင်း မဝင်းဝါလှိုင်က ပြောသည်။
အခြားဆရာဝန်တစ်ဦးကတော့ ဒဏ်ရာအား ခွဲစိတ်ခြင်းထက် မခွဲစိတ်ဘဲသာထားရန် အကြံပေး သည်ဟု ၎င်းကဆိုသည်။
မည်သို့ဆိုစေ မဝင်းဝါလှိုင်သည် ဆေးဝါးခနှင့် ဆေးရုံတက်သည့် စရိတ်ပင်မပါဝင်သေးဘဲ ခွဲစိတ်ခချည်း သိန်းနှစ်ဆယ်ခန့် ကုန်ကျမည့်စရိတ်အတွက်လည်း မတတ်နိုင်ပေ။
လစဥ်ဆေးရုံပုံမှန်သွား၍ ကုသခြင်း၊ ဆေးထည့်ခြင်းများနှင့်ပင် ကျေနပ်ခဲ့သည်။
လုံလောက်သည့် ကုသမှုမရခဲ့သည့် ၎င်း၏လက်လေးချာင်းမှာ လက်ဆစ်အရိုးသည် အပေါ်သို့မခုံးဘဲ လက်ဖဝါးအောက်သို့ ချိုင့်ဝင်နေသည်။ လက်လေးချာင်းအဆစ်သည် လက်ဖမိုးတွင် ထိုးမထွက်ဘဲ အောက်ဘက် လက်ဖဝါးဘက်သို့ ထိုးထွက်နေခြင်းပင်။ ထို့ကြောင့် ၎င်း၏လက်လေးချောင်းကို လိုသလို မလှုပ်ရှားနိုင်ခြင်းပေ။
၎င်းလက်မှဒဏ်ရာအား တစ်နှစ်ခန့်ကြာ တစ်လတစ်ကြိမ် ဆေးထည့်ရင်းကုသလာခဲ့ရာ ဒဏ်ရာမှာ ဖြစ်ပွားခါစကဲ့သို့ မပြင်းထန်တော့ပေ။ ထို့ကြောင့် စက်ရုံတွင်အလုပ်ပြန်ဝင်သည်။
သို့ရာတွင် စက်ရုံမှ ၎င်း၏အထက်လူကြီးက ၎င်းကိုအလုပ်ဖြုတ်လိုက်ပြီဟု ဆိုလေသည်။
ယင်းစက်ရုံသည် ၎င်းဒုက္ခိတဖြစ်ပြီးနောက် အသက်မွေးမှုအပါအဝင် တာဝန်ယူသင့်သည်များကို ပျက်ကွက်ခဲ့သော်လည်း မဝင်းဝါလှိုင်အတွက် ထိုအလုပ်ကိုဆုံးရှုံးလျှင် အလုပ်အကိုင်တစ်ခု အစားထိုးရန် အလွန်အမင်း ခက်ခဲသည်။
ရွှေပြည်သာမြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာနရုံးသို့ ၎င်း၏မတရားခံရမှုအတွက် တိုင်ကြားခဲ့သည်။ ထိုရုံးသို့ မတိုင်လျှင်လည်း စက်ရုံသို့ တရားဝင်နည်းအရ နားပေါက်အောင်ပြောနိုင်သည့် အဖွဲ့ တစ်ခုခုလည်း ရှိမနေပေ။
အလုပ်ဖြုတ်ခံရမှုအတွက် တိုင်ကြားရင်း ဒုက္ခိတစာရင်းဝင်သွားရအောင် ထိခိုက်သွားသည့် ထိုလက် မတော်တဆမှုအတွက် လုံလောက်သည့်နစ်နာကြေးနှင့် တာဝန်ယူမှု မရရှိသေးသည်ကိုပါ အသိပေးပြီး ဖြစ်သွားလေသည်။ ထို့နောက် လူမှုဖူလုံရေးဌာနမှ ၎င်း၏ လက်သုံးမရအောင် ထိခိုက်သွားမှု အတွက် သိန်းနှစ်ဆယ်ပေးခဲ့သည်။
ထိုသိန်းနှစ်ဆယ်အား ခွဲစိတ်ရာ၌ အသုံးမပြုနိုင်ဘဲ အများစုသည် တစ်နှစ်တာလုံး ဆေးကုရင်း ထိုင်စားခဲ့ရသည့် အကြွေးဆပ်ရင်းဖြင့်ပင် ကုန်သည်ဟုမဝင်းဝါလှိုင်က ညည်းရင်းပြောသည်။ ၎င်းပိုက်ဆံရသည်ကို အကြွေးရှင်များက သိပြီးဖြစ်သည်။
ထိုသိန်းနှစ်ဆယ်သည် အလုပ်သမားတစ်ဦးအနေဖြင့် နိုင်ငံတော်အား အလုပ်သမားဝန်ကြီးဌာနမှ တဆင့် လစဥ်အခွန်ဆောင်ခဲ့ခြင်းများ၏ ရလဒ်အနေဖြင့် ရခြင်းဖြစ်သည်။
ထိုသိန်းနှစ်ဆယ်သည် အလုပ်သမားတစ်ဦးအနေဖြင့် နိုင်ငံတော်အား အလုပ်သမားဝန်ကြီးဌာနမှ တဆင့် လစဥ်အခွန်ဆောင်ခဲ့ခြင်းများ၏ ရလဒ်အနေဖြင့် ရခြင်းဖြစ်သည်။
မဝင်းဝါလှိုင် အလုပ်လုပ်ရင်း မတော်တဆဖြစ်ပွားသည့် စက်ရုံဘက်မှလည်း ဆေးကုသစရိတ် သို့မဟုတ် နစ်နာကြေးပေးခြင်း စသည့် သီးခြားတာဝန်ယူမှု တစ်စုံတစ်ရာမဟုတ်ဟု ကိုမင်းနိုင်ကပြောသည်။
အလုပ်သမားတစ်ဦး၏လုပ်အား အားခွဲဝေကြရာတွင် ထိုအလုပ်သမားကိုယ်တိုင်သာမက အုပ်ချုပ် သူ အစိုးရမှလည်း အခွန်များမှတဆင့် အကျိုးအမြတ်ရသလို လုပ်ငန်းရှင်မှလည်း ကုန်ထုတ်ပစ္စည်း များမှတဆင့် အကျိုးအမြတ်ရကြသည်။ ထို့ကြောင့် အလုပ်သမားများ၏ လိုအပ်ချက်၊ အခက်အခဲ စိန်ခေါ်မှုများ နှင့် ပြဿနာများမှာလည်း အစိုးရနှင့် အလုပ်ရှင်နှစ်ဘက်လုံးတွင် သီးခြားစီ တာဝန် ရှိကြသည်။
ယခုဖြစ်စဥ်တွင်မူ အလုပ်သမားများ လုပ်ငန်းခွင်အတွင်း တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်သောအခါ အလုပ်ရှင်သည် တာဝန်ယူလိုမှုမရှိဘဲ ရှောင်ပြေးနေခြင်းဖြစ်သည်။
ထိုစက်ရုံမှာ ကိုဗစ်ကာလတွင်ပင် အော်ဒါလက်ခံမှုမပြတ်ခဲ့ဘဲ အချိန်ပိုများပင်ဆင်းရသည့် အော်ဒါ ကြပ်သည့် စက်ရုံမျိုးဖြစ်သည်။ စက်ရုံ၏ ထိုသို့ ရှောင်ပြေးမှုသည် လုပ်ငန်းတစ်ခု၏တာဝန်၊ ဝတ္တရားနှင့် ကျင့်ဝတ်ဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုအဖြစ် သက်သေပြနေသည်။
နိုင်ငံရေးအခြေအနေမတည်ငြိမ်သည့် ယခုကာလတွင် ထိုအပြုအမူကို တိုင်ကြားနိုင်သည့် လက်တွေ့ ကျစွာ လည်ပတ်နေသည့်အဖွဲ့အစည်းဟူ၍လည်း မရှိပေ။ မဝင်းဝါလှိုင်နှင့် သမဂ္ဂအဖွဲ့သည် နစ်နာကြေးနှင့် လုံလောက်သည့် ဆေးကုသစရိတ်ပေးရန်ပျက်ကွက်နေသည့် စက်ရုံလုပ်ငန်းရှင်အား ဖိအား မပေးနိုင်ပေ။
ယင်းသည် လက်ရှိကာလ စက်ရုံအလုပ်သမားများ၏အခြေအနေဖြစ်သည်။
စက်ရုံအလုပ်သမားသမဂ္ဂအကူအညီဖြင့် စက်ရုံဘက်မှသီးခြားတာဝန်ယူမှုအဖြစ် နစ်နာကြေး တောင်းသည့်အခါတွင် မဝင်းဝါလှိုင်ရရှိခဲ့သည့် လူမှုဖူလုံရေးဌာနမှ သိန်းနှစ်ဆယ်သည် စက်ရုံမှ ပေးသည်မို့ အတူတူပဲဟု စက်ရုံဘက်မှ အကြောင်းပြန်လေသည်။
မဝင်းဝါလှိုင်ပင် ၎င်းရသည့်လျော်ကြေးသည် မည်သူပေးသည်ဟု မခွဲခြားတတ်တော့ကြောင်း ဆိုသည်။ ထိုပိုက်ဆံကို မဝင်းဝါလှိုင် လူမှုဖူလုံရေးဌာနမှ ရရှိခဲ့သည်။
စက်ရုံသည် ယခုနှစ် ဖေဖော်ဝါရီတွင် ပိတ်ခဲ့သည်။ စက်ရုံပိတ်ပြီးနောက်တွင်လည်း မဝင်းဝါလှိုင်၏ လက်အတွက် ဆေးကုသစရိတ်ကို စက်ရုံသမဂ္ဂအဖွဲ့နှင့် မဝင်းဝါလှိုင်တို့မှ ဆက်လက်တောင်းဆိုခဲ့သော်လည်း ယခုတိုင် ပျက်ကွက်နေဆဲပင်။
‘အဲ့ပိုက်ဆံရမလားရမလားနဲ့ ခဏခဏတွေးဖြစ်တယ် ‘ ဟုအသက် ၂၆ နှစ်အရွယ် မဝင်းဝါလှိုင်က တီးတိုးဆိုသည်။
၎င်းဘေးတွင် ပထမတန်းတက်နေသည့် သမီးငယ်က ဘာဘီမအရုပ်ကလေးနှင့် ဆော့နေသည်။ ဘာဘီရုပ်ကလေးနှစ်ခုတွင် တစ်ခုမှာ ဆံပင်များမရှိတော့၊ အပြာရောင် ကျိုးတိုးကျဲတဲ အမွှေးများသာ ဆံပင်လက္ခဏာ ဆောင်နေသည်။
မဝင်းဝါလှိုင်သည် ၎င်းလက်နှင့်လည်း ကိုက်ညီမည့် အလုပ်အကိုင်တစ်ခုကို ရှာဖွေကြံစည်နေသည်။ ကိုယ်ပိုင်လုပ်ငန်းသာ အသင့်တော်ဆုံးဟု ယူဆသဖြင့် အိမ်ဆိုင်တစ်ဆိုင်ဖွင့်ချင်သည်။ ထိုအတွက် လျော်ကြေးငွေကို မကြာခဏတွေးမိသည်။ အတွေးသည်အတွေးသာဖြစ်ပြီး လက်တွေ့တွင် မဝင်းဝါလှိုင် မြစ်ဝကျွန်းပေါ်တစ်နေရာ၌ နိုင်ငံအခြအနေ မတည်ငြိမ်မှုတွင် အလုပ်လက်မဲ့ ဖြစ်သွားသည့် ခင်ပွန်းဖြစ်သူနှင့်အတူ ' ကြား ' (ပုဇွန်ထုပ်မဖြစ်မီအကောင်ငယ်) ရှာရင်း အသက် မွေးရသည်။
ကြားအကောင်တစ်ရာလျှင် ၆၀၀ ကျပ်ရသည်ဟုဆိုသည်။ ပုဇွန်ထုပ်မွေးမြူရေးလုပ်ငန်းရှင်များက ဝယ်ယူကြသည်။ ထိုအလုပ်ကို မကြိုက်သော်လည်း တစ်နေ့တာ ကြားကောင်ရေ များများရမှသာ ထမင်းဝမည်ပင်။ ရန်ကုန်မှ၎င်း၏ပတ်ဝန်းကျင်နှင့် အသိုင်းအဝိုင်းသည် တစ်ရက်ကျော်ခန့် ကုန်း တစ်တန် ရေတစ်တန် ခရီးရှည်ဆက်ရသည့်အရပ်တွင် ကျန်ခဲ့လေပြီ။ မွေးရပ်မြေတွင် ဘဝသစ် စနေချေပြီ၊ ဘဝအသစ်ကို အရှိန်တင်ရန် အရင်းအနှီးငွေကြေးကိုသာ မကြာခဏ တွေးနေတော့သည်။