Urban Life
ဈေးတစ်နေ့
လွန်ခဲ့သော ၂ နှစ် က
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငြင်းပယ်၍မရသည့် တိုးတက်မှုတစ်ခုကို ပြပါဆိုလျှင် ကုန်ဈေးနှုန်းဟုဆိုရမည်ဖြစ်သည်။
အခြေခံအကျဆုံး စားသောက်ကုန်တစ်ခုဟုဆိုရမည့် ကန်စွန်းရွက်တစ်စည်း၏ ဈေးနှုန်းသည် အာဏာသိမ်းမှု နှစ်နှစ်ပြည့်ပြီးချိန်တွင် အနည်းဆုံး ၂၀၀ မှ ၅၀၀ ကျပ်ဝန်းကျင်၊ ယခင်က တစ်ထောင်ကျပ် မကျော်သည့် ခရမ်းချဥ်သီး၊ ခရမ်းသီးနှင့် ကြက်သွန်တစ်ပိဿာဈေးနှုန်းသည် နှစ်ထောင်ကျပ်ဝန်းကျင်သို့ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။
“ဟဲ့နင့်က ဘာလို့ ဒီနေ့ အပြင်ထွက်တာလဲ” ဟု ဈေးရောင်းသူတစ်ဦးက လမ်းလျှောက်ဝင်လာသူ တစ်ဦးကို လှမ်းမေးသည်။
“ငါက ဒီနေ့ ဈေးထွက်ရမှာမို့ လမ်းပေါ်မထွက်ဘူး။ ဒီမှာပဲနေတယ်” ဟု ဈေးရောင်းမပျက်ပင် သူကတဆက်ထဲ ပြောလိုက်သည်။
ရန်ကုန်မြို့ ၊ ဘတ်စ်ကားနံပါတ် (၁၁၃) ယာဥ်လိုင်းဂိတ်ထိုးသည့်နေရာအနီးရှိ ဈေးတစ်ခုတွင် အမျိုးသမီး အပြန်အလှန် ပြောနေကြခြင်းဖြစ်သည်။ ဂိတ်ကို ကားကြီးဂိတ်မှတ်တိုင်ဟု ခေါ်ကြသည်။
ထိုမှတ်တိုင်းအနီး ဈေးတွင်တော့ ကန်စွန်းရွက် တစ်စည်း တစ်ရာကျပ်နှင့်ပင် ဝယ်ယူရနိုင်သေးသည်။
ရန်ကုန်မြို့ထဲမှလာပါက ကားကြီးဂိတ်မှတ်တိုင်ဆင်းပြီး လမ်းကူးလိုက်လျှင် အမှတ် (၁၁၃) ကားများကို တွေ့နိုင်သည်။ ထိုကားများရပ်ထားသည့်နေရာနှင့် မလှမ်းမကမ်းတွင်ပင် တာလပတ်များ ကျိုးတိုးကျဲတဲ မိုးထားသည့် အမိုး၊ ခုံဟူ၍တိတိကျကျမရှိဘဲ အဆင်ပြေသလိုလုပ်ထားသည့် သစ်သားခင်းတို့ဖြင့် ပနံရနေသော ဈေးတစ်ခုရှိသည်။
“အဲ့မုန်ညှင်း တစ်စီးတစ်ရာနဲ့ယူသွား”
ထိုင်ဝမ်မုန်ညှင်း၊ မြန်မာမုန်ညှင်း၊ တရုတ်မုန်ညှင်း စသည့် မုန်ညှင်းလေးမျိုးခန့် ခင်းထားသည့်ဆိုင်တွင် အသက်ငါးဆယ်အရွယ် ခပ်ပိန်ပိန်အမျိုးသားတစ်ဦးက ဆိုင်ကွပ်ပျစ်ဘေးတွင်ရပ်ကာ လျှောက်လမ်းကို ဖြတ်လာသူများကိုကြည့်ပြီး အော်ရောင်းနေခြင်းဖြစ်သည်။
“နင်လည်းဈေးသည်၊ ငါလည်းဈေးသည်…နော်” ဟု အမျိုးသမီးနှစ်ဦး အရောင်းအဝယ်လုပ်ရင်း ဈေးလျှော့ခိုင်း ပစ္စည်းစာရင်းတွက်ကြရင်း ပြောနေကြသည်။
ဈေးအနီးကားလမ်းမပေါ်ရှိ လူရှင်းရာတွင် ပိုက်ဆံကိုင်ကာ စာအုပ်တစ်အုပ်နှင့် အမျိုးသမီး အပါအဝင် အမျိုးသမီးသုံးဦးသည်လည်း မတ်တပ်ရပ်လျက်ပင် ငွေကြေးတွက်ချက်မှုများကို ခပ်ကျယ်ကျယ် အော်ပြောနေကြသည်။ မည်သူမှလည်း၎င်းတို့အားဂရုမစိုက်ကြ၊ ရောင်းရင်း ဝယ်ရင်း ကုန်စည်များကိုမရင်း ပျားပန်းခတ်နေသည်။
ကုန်စိမ်းလာဝယ်သည့် သီလရှင်များကိုလည်းတွေ့နိုင်သည်။ ဆွမ်းဆန်စိမ်းအလှုခံသည့် ဆာလာအိတ် တစ်လုံးကိုင်ကာ ဈေးအတွင်းပတ်နေသည့်ကပ္ပိယနှင့် သံဃာတော်အချို့ကိုလည်း ညနေပိုင်းများတွင် တွေ့ရတတ်သည်။
ရေခဲဗုံးအပြာရောင်ကို ညစ်ထေးထေးချည်ကြိုးဖြင့်လွယ်ကာ ‘ဂလောင်’ ‘ဂလောင်’ မြည်အောင် ခေါင်းလောင်းကိုလှုပ်ရင်း တစ်ဈေးလုံးကိုပတ်၍ ရေခဲချောင်းရောင်းသူလည်းရှိသည်။
ဝယ်စားသည်လည်းရှိသကဲ့သို့ ရေခဲချောင်းသည်ကိုခေါ်ကာ “ဒီနေ့ ဘာကောင်းလဲ(ဂဏန်း)” ဟုသာမေးပြီး ရေခဲချောင်းမဝယ်သည့် ဈေးသည်လည်းရှိသည်။
ဈေးအတွင်းဘက်အစွန်တွင် ထမင်း၊ အသုပ် စသည်တို့ ရောင်းချသည့်ဆိုင်တစ်ဆိုင် ရှိသည်။ မနက်နှင့်နေလည်ခင်းတွင် ဈေးအပြင်ဝန်းကျင်၌ ကြာဇံကြော် ခေါက်ဆွဲကြော်ဗန်းနှင့် အသုပ်ရောင်းသည့် ဆိုင်များသည် ထိုဈေးတွင်တွေ့ရသော အသင့်စားဆိုင်များ ဖြစ်သည်။ ကြံရည် တစ်ခွက် ၃၀၀ ဟုရေးထားသည့် ဗီနိုင်းစာရွက်ငယ်နှင့် ဖျော်ရည်ဆိုင်တစ်ခုရှိသည်။
မနက်မိုးလင်းပိုင်း ထမင်းစားချိန်နှင့်ကပ်လျက်လူပါးချိန်တွင် စတီးချိုင့်များဖွင့်ကာ မိမိစျေးရောင်းသည့်ကွပ်ပျစ်တွင်ပင်ထမင်းစားနေသည့်ဈေးသည်များကိုတွေ့ရသည်။
ဈေး၏ ဘိလပ်မြေခင်းထားသည့်လမ်းပေါ်တွင် အမြဲလို စိုစိစိဖြစ်နေတတ်ပြီး လမ်းသွားနိုင်ရန် အဆင်ပြေသလို ပြင်ဆင်ထားသည်။ အချို့နေရာများတွင် လူသွားနိုင်သလောက် အုတ်ခဲခင်းထားပြီး အချို့နေရာများတွင် သဲအိတ်ခင်းထားသည်။
ဈေးဧရိယာသည် ဈေးသည်များနှင့်ကုန်ပစ္စည်းများနှင့်ပင်ပြည့်ပြီး ဈေးဝယ်သူများလျှောက်လမ်းမှာ လူတစ်ယောက်သွားလမ်းစာသာဖြစ်သည်။ ထို့ကြောင့် ဈေးဝယ်ရင်းမျက်နှာချင်းဆိုင်မှ လူလာလျှင် ကိုယ်ကိုတစ်ခြမ်းစောင်းပြီးဖြတ်ရသည်။
လမ်းပေါ်တွင် ဟင်းသီးဟင်းရွက် အကြွင်းအကျန်များကိုခင်းပြီး လမ်းရေဝပ်တတ်သည့် ပြဿနာကို ဖြေရှင်း သည်။ ဈေးရုံဟူ၍ အတိအကျမရှိသော်လည်း ဈေးသည်များသည် ဈေးတွင်ပင် ညအိပ် ရောင်းရသည် အထိ အချိန်ပြည့်နီးပါးရှိကြသည်။
ဒေါ်သီတာ(အမည်လွှဲ)သည် ခရမ်းချဥ်သီး၊ ငရုတ်သီးစိမ်း အတောင့်လတ်၊ အတောင့်ကြီးများနှင့် အခြား ဟင်းသီးဟင်းရွက်များရောင်းသည်။ ရန်ကုန်တိုင်း ခရမ်းမြို့နယ်ဘက်က လာရောက် ဈေးရောင်းချသည့် ကုန်စိမ်းသည်တစ်ဦးဖြစ်သည်။
၎င်း၏ ခရမ်းချဥ်သီးများနှင့် ငရုတ်သီးများအားလုံး ခရမ်းသုံးခွဘက်မှထွက်ခြင်းဖြစ်သည်။
“ဒီနေ့ကဈေးမထွက်ကြဘူး၊ ဟိုဘက်မှာ (ခရမ်းချဥ်သီးစိုက်သည့်ခြံ) ဝယ်တဲ့သူနည်းတယ်။ အဲ့ဒီတော့ ဈေးတွေကျတယ်၊ အဲ့ဒါကြောင့် လျှော့ရောင်းနိုင်တာ”
“ဒီနေ့ကဈေးမထွက်ကြဘူး၊ ဟိုဘက်မှာ (ခရမ်းချဥ်သီးစိုက်သည့်ခြံ) ဝယ်တဲ့သူနည်းတယ်။ အဲ့ဒီတော့ ဈေးတွေကျတယ်၊ အဲ့ဒါကြောင့်လျှော့ရောင်းနိုင်တာ”ဟု တစ်ပိဿာ ၁၅၀၀ တန် ခရမ်းချဥ်သီးများ၏ အကြောင်းကို ဒေါ်သီတာက ပြောသည်။
ပုံမှန်ဆိုလျှင် အလုံးမလှသည့် ခရမ်းချဥ်သီးတစ်ပိသာသည်ပင် တစ်ပိဿာ ၁၈၀၀ ကျပ် အနည်းဆုံးကျသင့်ကာ ၂၅၀၀ ကျပ် ဝန်းကျင်အထိ အစားစားရှိသည်။ ထိုနေ့က ဒေါ်သီတာ၏ ခရမ်းချဥ်သီးများသည် လှပြီးလတ်သည့်အသီးများဖြစ်သည်။
ထိုနေ့ကဈေးထွက်သူနည်းသဖြင့် အပြင်ဘက်ကားလမ်းမဘေးတွင် နေရာယူရောင်းနေကြောင်းဒေါ်သီတာက ဆိုသည်။
အနီးရှိဘတ်စ်ကားမှတ်တိုင်ကို အစွဲပြု၍ ကားကြီးဂိတ်ဈေးဟုပင် အလွယ်ခေါ်သည့်ထိုဈေးတွင် အသားငါးနှင့် ကုန်ခြောက်များမှလွဲ၍ ရန်ကုန်တိုင်းနှင့် အနီးအနားဒေသများမှထွက်သည့် ဟင်းသီးဟင်းရွက်မျိုးစုံ ရနိုင်သည်။
ခရမ်းချဥ်သီး၊ ငရုတ်သီး၊ ပဲသီး၊ ခရမ်းသီး၊ ပဲပင်ပေါက်၊ ပဲပြား၊ ပဲသွေး၊ ချဥ်ပေါင်၊ ကန်စွန်းရွက်၊ မျှစ် စသည့် ရာသီမရွေးရနိုင်သည့် ဟင်းသီးဟင်းရွက်များသာမက ဖရဲသီး၊ ဂွေးသီး၊ နာနတ်သီး၊ အတာရွက်၊ ပိန်းဥ၊ ပဲမြစ်၊ ကန်စွန်းဥ၊ အာတာလွတ်ဥ၊ မန်ကျဥ်သီးစိမ်း စသည့်ရာသီပေါ်စာများကိုလည်း ရာသီအလိုက်ရနိုင်သည်။ ထို့အပြင် ငါးချဥ်၊ ငပိနှင့် တို့စရာ အရွက်များနှင့် ချဥ်ဖက် များလည်းရနိုင်သည်။
ဟင်းသီးဟင်းရွက်များကို လက်လီနှင့် လက်ကားနှစ်မျိုးရောင်းချသည့်ဈေးဖြစ်သည့်အလျောက် အများဈေးနှင့် တစ်ခုချင်းဈေး ဟူ၍ ကုန်စည်တစ်မျိုးကို ဈေးနှုန်းနှစ်မျိုးရှိသည်။ အများအားဖြင့် ဆယ်ခု၊ တစ်ပိဿာ၊ ဆယ်ပိဿာစသည့် ပမာဏကို အနည်းဆုံးအဖြစ်ရောင်းချကြသည်။
ခွဲရောင်းလျှင် အများဈေးထက်ပိုသော်လည်း ရပ်ကွက်ထဲမှ ဈေးများထက်တော့ သက်သာဆဲပင်။ ယင်းသည် ထိုဈေးမှ ကုန်စည်များ၏ ဈေးနှုန်းနှင့် ပတ်သက်သည့် အားသာချက်တစ်ခုဖြစ်သည်။ ထို့အပြင် ဟင်းသီးဟင်းရွက်များသည် စိုက်ခင်းခြံများမှ တိုက်ရိုက်လာကြသောကြောင့် လက်ဆတ် နေကြဆဲဖြစ်သည်။
တာလပတ်မိုး၍ ဖြစ်သလိုတည်ထားသည့် ကားကြီးဂိတ်ဈေးတွင် တံခါးပေါက်မရှိဘဲ ဈေးသည်နှင့် ကုန်စည်ရှိလျှင်ပင် ဖြစ်တည်နေသည့် ဈေးဆိုမှ ဈေးဖြစ်သည်။ အမြင်အားဖြင့် မသားနားသော်လည်း ဟင်းသီးဟင်းရွက်များမှာ အထိအခိုက်နည်းကာ စိမ်းစိုနေကြသည်။
တာလပတ်မိုး၍ ဖြစ်သလိုတည်ထားသည့် ကားကြီးဂိတ်ဈေးတွင် တံခါးပေါက်မရှိဘဲ ဈေးသည်နှင့် ကုန်စည်ရှိလျှင်ပင် ဖြစ်တည်နေသည့် ဈေးဆိုမှ ဈေးဖြစ်သည်။ အမြင်အားဖြင့် မသားနားသော်လည်း ဟင်းသီးဟင်းရွက်များမှာ အထိအခိုက်နည်းကာ စိမ်းစိုနေကြသည်။
ကားကြီးဂိတ်ဈေးသို့ ခရမ်းသုံးခွ၊ ထောက်ကြန့်၊ လှည်းကူး စသည်တို့ရှိ ခြံများမှ ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချကြသည်။ ထို့အပြင် ပဲခူးမှ ငါးချဥ်၊ စစ်ကိုင်းဘက်မှလာသည့် မန်ကျဥ်းသီးမှည့်နှင့် ဧရာဝတီတိုင်းမှလာသည့် ငှက်ပျောသီးလည်းရှိသည်။ သီရိမင်္ဂလာဈေးမှ ပြန်လည်ဝယ်ယူကာ ရောင်းချကြသည့် ကုန်စည်နှင့် ဈေးသည်များလည်းရှိသည်။ ထိုဈေးတွင်ရှိသမျှကုန်စည်များအားလုံးကို လက်ကားစနစ်ဖြင့် ဝယ်ယူနိုင်သည်၊ အချို့သော ကုန်စည်များကို လက်လီစနစ်ဖြင့်ဝယ်ယူနိုင်သည်။
ဝေလီဝေလင်းအချိန်ဖြစ်သည့် မနက် ၃ နာရီခန့်မှ မိုးလင်းစ အစောအပိုင်းအချိန်ထိ စည်ကား နေတတ်သည်။ ထိုအချိန်တွင် လက်ကားစနစ် ဖြင့်သာအများဆုံး အရောင်းအဝယ် ဖြစ်ကြသည်။ မိုးစင်စင်လင်းပြီး နောက်ပိုင်းတွင် လက်လီဈေးဝယ်သူများလည်း ရောက်လာ တတ်ကြသည်။ ထိုအချိန်တွင် ဈေးသည်များလည်း ရှုပ်ယှက်မခတ်တော့ဘဲ အေးဆေးစွာပင် အရောင်းအဝယ် ပြုကြသော်လည်း မနက်သုံးနာရီအချိန်က ဈေးနှုန်းများနှင့်တော့မတူတော့။
နေ့လည် ၁ နာရီမှ ၄ နာရီ ဝန်းကျင်ခန့်တွင်ဈေးမှာ အသစ်ရောက်လာသည့် ကုန်စည်များနှင့် လက်ကား ဈေးဝယ်သူအများအပြားဖြင့် ပြန်လည်စည်ကားလာပြန်သည်။
ကားကြီးဂိတ်ဈေးသည် ၎င်းအနီးအနားတွင်ရှိပြီး သီရိမင်္ဂလာဈေးနှင့်ဝေးသော မြို့နယ်များမှ လက်လီရောင်းချသူ များအများအပြား၏ အားကိုးရာလည်းဖြစ်သည်။ ဈေး၏ ဘယ်ဘက်ခြမ်းတွင်ရှိသည့် မြောက်ဒဂုံ တောင်ဒဂုံ မြို့နယ်များရှိ လက်လီဈေးသည်များ၏အားထားရာဖြစ်သလို ဈေး၏ ညာဘက် တစ်မြို့နယ်ခြားတွင်ရှိသော ပုစွန်တောင်ကြက်ဘဲဈေးဘက်မှ လက်လီဈေးသည်များ အတွက်လည်း အဆင်ပြေသည့်နေရာတစ်ခုဖြစ်သည်။
ဒေါ်သီတာသည် ဈေးတွင် ညအိပ်ကာ ရောင်းရသည်။ မနက်မိုးလင်း ၇ နာရီ ဝန်းကျင်ခန့်တွင် မနက်ပိုင်း ဈေးရောင်းပြီးသည့်နောက် ခရမ်းမြို့ရှိ အိမ်သို့ပြန်သည်။
ထို့နောက် နေ့လည် ၁ နာရီဝန်းကျင်ခန့်တွင် ၎င်းရောင်းချရမည့် ဟင်းသီးဟင်းရွက် ကုန်စည် အသစ်များနှင့်အတူ ပြန်ရောက်လာပြီး ဈေးဆက်ရောင်းရသည်။ ထို့နောက်ဈေးတွင်ပင် အိပ်ကာ မနက်သုံးနာရီ ဈေးထရောင်းရင်း ဒေါ်သီတာ၏ တစ်နေ့တာလည်ပတ်သည်။
ထိုဈေးအနီးအနားတွင်ပင် ရေမိုးချိုးသည်၊ ထမင်းစားသည်။ ဈေးမှာ တရားဝင်ဆိုင်းဘုတ်မရှိ၊ အမည်မရှိသလို ဈေးရုံဟူ၍လည်းမရှိသဖြင့် ညအိပ်ဈေးရောင်းရသည့်ဈေးသည်များအတွက် ရည်ရွယ် စီစဥ်ပေးထားသော အိမ်သာ၊ ရေချိုးရန် နှင့် အနားယူရန်နေရာဟူ၍လည်းမရှိပေ။
ဈေးသည်များ မနက်မိုးလင်းသည်အထိ လေးထောင့်ကန်လမ်းမပေါ်တွင် ရောင်းနေပါက အဖမ်းအဆီး လုပ်သည့် စည်ပင်သာယာဝန်ထမ်းများရှိသည်။ အမှိုက်သိမ်းပေးသော စည်ပင်ဝန်ထမ်းများလည်း ရှိသည်။
ပျံကျလက်ကားဈေးဟု ဆိုရမည့် ကားကြီးဂိတ်ဈေးမှာ ယခင်က ဒီနေရာတွင် မဟုတ်။
ကိုဗစ်ကပ်ရောဂါမတိုင်မီက သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ် ဘုရားလမ်း မှတ်တိုင်အနီးတွင် မီးခွက်ဈေး ဟု အမည်သည့် ဈေးတစ်ခုရှိသည်။ ညအချိန် ၇ နာရီ ၈ နာရီမှ နေရာယူခြင်းစတင်ကြပြီး မနက် မိုးလင်းစအချိန်အထိ အရောင်းအဝယ်လုပ်ကြသည်။ အနီးအနား မြို့နယ်များမှ ရပ်ကွက်ဈေးများသည် ထိုလက်ကားဈေးကို အားကိုးနေကြသည့် ပျံကျဈေးဖြစ်သည်။ ထိုပျံကျဈေးတွင် ဈေးသည်တို့သည် နေရာလိုအပ်ချက်အရ ကားလမ်းလမ်းမပေါ်အထိ နေရာယူမှုများ လည်းရှိသည်။
ဈေးသည်များသည် ညဥ့်ဦးကတည်းက လမ်းမပေါ်အထုပ်ချ၍ နေရာယူထားတတ်ရာ ဖြတ်သွား ဖြတ်လာ ယာဥ်မောင်းများနှင့်သာမက ဒေသခံများနှင့်ပါ ပဋိပက္မမကြာခဏဖြစ်မှုများရှိသည်။
မြန်မာနိုင်ငံ၏ ကိုဗစ်ကာလအစပိုင်းတွင် လူစုလူဝေးမလုပ်ရဟူသည့် ကိုဗစ်အကြောင်းပြချက်ဖြင့် ထိုဈေးကို ကားကြီးဂိတ်အနီးရှိ မြေကွက်လပ်သို့ပို့ခဲ့ခြင်းဖြစ်သည်။
သို့သော် နေရာအသစ်သည် ဟင်းသီးဟင်းရွက် လက်ကားဈေးတစ်ခု လည်ပတ်နိုင်ရန် အသက်ရှု ချောင်သည့် အနေအထား မရှိသည့်အပြင် ယခင်နေရာတွင်ရောင်းချရသည့် ဧရိယာထက်ပင် ကျဥ်းမြောင်းသွားသည်။
ပျံကျဈေးမှသည် ကားကြီးဂိတ်ဈေးအထိ ရွေ့လာရသည့် ဈေးသည်များသည် ရောင်းရင်းဝယ်ရင်း နိုင်ငံရေးကို မျက်ခြေမပြတ်နားစွင့်တတ်ကြသည်။ အဓမ္မဖြုတ်ချခံခဲ့ရသည့် အရပ်သား အစိုးရဘက်မှ ရပ်တည်လျက် ရှိကြောင်းကို ၎င်းတို့ တတ်နိုင်သည့်ပုံစံဖြင့် ပြကြဆဲဖြစ်သည်။
ဒေါ်သီတာ၏ ခရမ်းချဥ်သီးတစ်ပိသာ ၁၅၀၀ ကျပ်ဖြစ်သွားသည့်နေ့သည် အာဏာသိမ်းပြီး နှစ်နှစ်ပြည့် အသံတိတ်သပိတ် ကျင်းပသည့်နေ့ဖြစ်သည်။
ထိုနေ့တွင် လက်ကားရောင်းသူများတွင်လည်း ဈေးမထွက်သူများပြားသဖြင့် ခရမ်းဘက်ခြံတွင် အဝယ်နည်းကာ ဈေးကျရခြင်းဖြစ်သည်။ အသံတိတ် သပိတ်လုပ်သည့် ထိုနေ့တွင် ဒေါ်သီတာ အိမ်ထဲမနေနိုင်ဘဲ ဈေးရောင်း နေခဲ့သည်။
“တစ်ပိသာ ၁၅၀၀ ဒီဈေးက ဒီနေ့ပဲရတာ နောက်နေ့မရဘူး” ဟုပြောဆိုရင်းရောင်းနေခြင်းဖြစ်သည်။
Burma Associated Press