bap-logo
Urban Life

ဖူးတံမဝင့်နိုင်သေးပါ

AgcifyeM318voLrracJco-image

လွန်ခဲ့သော ၂ နှစ် က

BAP

 

ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းသွယ်တစ်ခုဘေးမှ အမှိုက်ပုံးလိမ္မော်ရောင်နှစ်ခုအနီးတွင် အရပ်နှစ်ပေ ခန့်သာရှိမည့် ကလေးနှစ်ဦးရှိနေသည်။

 

တစ်ဦးက ဆာလာအိတ်အဖြူရောင်တစ်ခုဖြင့် ပစ္စည်းများထည့်ရန်ရှာနေပြီး တစ်ဦးက ကတ်ထူအဖြူကို ခေါက်နေသည်။

 

သူတို့ချင်း အပြန်အလှန် စကားပြောနေရင်းမှ ၎င်းတို့ကို အဝေးမှကြည့်နေသူတစ်ဦးအား  ဘာကြည့်တာလဲ ဟု လှမ်းအော်လိုက်လေသည်။

 

အချိန်သည် နေ့ခင်းနှစ်နာရီခန့်ဖြစ်ကာ အစိုးရကျောင်း သို့မဟုတ် အတန်းကျောင်းချိန်အတွင်း ဖြစ်သဖြင့် ထိုကလေးများ ကျောင်းမနေမှန်းသိသာသည်။ သို့သော် တစ်ဦးမှာ ကျောင်းစိမ်း ဘောင်းဘီ အရှည်ကလေးနှင့် ခေါင်းစွပ်လက်ပြတ်အင်္ကျီအဖြူ​ရောင် ဝတ်ဆင်ထားသည်။

 

အသက် ၇၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးက ၎င်းတို့ကို တစ်စုံတစ်ရာပြောပြီး လမ်းမပေါ် ဆက်လျှောက်သွားသည်။ 

 

အမေက စည်ပင်မှာလုပ်တာ၊ အဖွားက ဒီနားကအိမ်မှာနေတာ။ အပင်တွေနုတ်မသွားဖို့ ပြောနေတာ ဟု ဆိုသည်။

 

ကမ္ဘာ့ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီမှုစာချုပ်အရ ၁၈ နှစ် မပြည့်သေးသည့် မည်သူ့လူသားမဆို ကလေးသူငယ်စာရင်းဝင်သည်။ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုထားသည့်နိုင်ငံများမှတစ်ခု ဖြစ်သည်။

 

ထိုစာချုပ်အရ ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတာဝန်ရှိသော မိဘနှင့် အုပ်ထိန်းသူများကို အစိုးရမှ လိုအပ်သော ထောက်ပံ့မှုများ ပေးရန်၊ ကလေးများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများမှ အကာအကွယ်ပေးရန်၊ လုံလောက်သော လူနေမှုဘဝအဆင့်အတန်း ရရှိစေရန်၊ ပညာသင်ကြားခွင့် ရှိရန်၊ ကလေးလုပ်သား ထားရှိခြင်းမှ အကာအကွယ်ပေးရန်၊ ကလေးများကို နည်းမျိုးစုံဖြင့် ကူးသန်းရောင်းဝယ် ခြင်းမှ အကာအကွယ်ပေးရန် စသည်အချက်များလည်း ပါဝင်သည်။

 

ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုအပြင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကလေးနှင့် လူငယ်များ၏ အချိန် ကုန်ဆုံးမှုတွင် အရေးပါသည့် သင်ယူလုပ်ငန်းစဥ်များ တုံ့ဆိုင်းခြင်းမှ ရပ်တန့်ခြင်းအဖြစ်များသို့ ရောက်သွားသည်။

 

ကိုဗစ်ကပ်ဘေးကြောင့် ပြည်သူအများစုလက်လှမ်းမီသည့် အစိုးရကျောင်းများ တစ်နိုင်ငံလုံးတွင် တစ်နှစ် ရပ်နားခဲ့သည်။ ထို့နောက် စစ်အာဏာသိမ်းမှုထပ်မံဖြစ်ပေါ်လာရာ စစ်အာဏာရှင်စနစ်အုပ်ချုပ်မှုကို အစိုးရ ဝန်ထမ်းများနှင့် အစိုးရကျောင်းသား/သူများမှ လက်မခံကြဘဲ သပိတ်မှောက်ဆန့်ကျင်ကြသည်။ စစ်ကောင်စီ၏ အစိုးရကျောင်းများလည်ပတ်မှုမှာလည်း ကလေးနှင့်လူငယ် ကျောင်းသား/သူ မိဘများအတွက် ဝမ်းသာ ကြိုဆိုစရာ မဟုတ်ခဲ့ပေ။

 

အာဏာသိမ်းပြီးနောက် လူထုထောက်ခံမှုအားအများအပြားဖြင့် ပေါ်ပေါက်လာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG တွင်လည်း ၎င်းကိုထောက်ခံအားပေးနေလျက်ရှိသည့် မြို့ပြနေကလေးမိဘများနှင့် ကလေးများ အတွက် သင့်တော်သည့်ပညာရေးလမ်းကြောင်းမှာ ရတက်အေးစရာမရှိသေးပေ။

 

မြေပြင်ပေါ်ရှိကလေးများအခွင့်အရေးအတွက် အွန်လိုင်းစာသင်ကျောင်းများနှင့် တော်လှန်ရေး အင်အားစု များဘက်မှ နယ်မြေစိုးမိုးမှုရှိသည့်ဒေသများတွင် ကျောင်းများဖွင့်နေခြင်းများသာ ထင်ထင်ရှားရှား လက်ထိုး ညွှန်ပြစရာ ရှိသည်။

 

သို့နှင့်မြို့ပြနေ အခြေခံပညာကျောင်းနေအရွယ်ကလေးအများအပြားသည် ၎င်းတို့အခြေခံအခွင့်အရေးဖြစ်သည့် စနစ်တကျပညာသင်ယူမှုရရှိနိုင်မှုနှင့် အလှမ်းဝေးနေလျက်ရှိဆဲပင်။ ငွေကြေးတတ်နိုင်သည့်မိဘများမှာ ပုဂ္ဂလိက မူကြိုသို့မဟုတ် ဘာသာရပ်ဆိုင်ရာအထူးပြုသင်တန်းများသို့ ပို့ခြင်းနှင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများသို့ပြောင်းထားကြသည်။

 

အာဏာမသိမ်းမီကထက် ဒေါ်လာဈေးသုံးဆတက်ကာ အလုပ်အကိုင်ပိုမိုရှားပါးလာသည့် အထွေအထွေ အကြပ် အတည်းတွင် ဝင်ငွေနည်းမိသားစုများမှ ကလေးများအတွက်မူ စစ်ကောင်စီမှ ဖွင့်လှစ်ထားသည့် ကျောင်းတက် ခြင်းနှင့် ကျောင်းလုံးဝမတက်ခြင်းအပြင် ရွေးချယ်စရာ များများပြားပြားရှိမနေပေ။

 

အလုပ်အကိုင်ပိုမိုရှားပါးလာသည့် အထွေအထွေ အကြပ်အတည်း တွင် ဝင်ငွေနည်းမိသားစုများမှ ကလေးများအတွက်မူ စစ်ကောင်စီမှ ဖွင့်လှစ်ထားသည့် ကျောင်းတက်ခြင်းနှင့် ကျောင်းလုံးဝမတက်ခြင်းအပြင် ရွေးချယ်စရာ များများပြားပြား ရှိမနေပေ။

 

 

ယင်းအုပ်စုတွင် အာဏာသိမ်းခြင်းဖြစ်ပေါ်သည်ဖြစ်စေမဖြစ်ပေါ်သည်ဖြစ်စေ စာသင်ကြားမှုနှင့် အလှမ်းဝေးဆဲ ဖြစ်သည့် ကလေးလုပ်သားများနှင့် တောင်းစားသည့်ဂိုဏ်းတွင် အချိန်ကုန်နေသော ကလေးများမပါဝင်သေးပေ။

 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနသည် အွန်းလိုင်းမှသင်ကြားသည့် ၁ကျောင်းကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုကြောင်းကြေညာချက်တစ်ခုကို ယခုနှစ် ဖေဖော်ဝါရီတွင် ထပ်မံထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ၁၄ ကျောင်းအပါအဝင် NUGက ကြေညာထားသည့် ကြားကာလအခြေခံ ပြည်သူ့ပညာရေးကျောင်း စုစုပေါင်း ၆၂ ကျောင်း ရှိပြီဖြစ်သည်။

 

ကြားကာလအခြေခံပြည်သူ့ပညာရေးကျောင်း ၆၂ ကျောင်းကို ၂၀၂၃ နှစ်စပိုင်းအတွင်း ကြေညာခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီလ ၂၃ ရက်တွင် ၃၃ ကျောင်း၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ၁၅ ကျောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ၁၄ ကျောင်း အသီးသီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

စိစစ်ဆဲ အွန်လိုင်းကျောင်းများရှိပြီး မြေပြင် ပြည်သူ့ပညာရေးကျောင်းများအားလည်း အသိအမှတ်ပြုကြောင်း ဆက်လက်ထုတ်ပြန်ကြေညာပေးမည်ဟုလည်း ရေးသားထားသည်။ 

 

ထိုထုတ်ပြန်ချက်၌ ယင်းကျောင်းများသည် NUG ၏ပြည်သူ့ပညာရေးကျောင်းအသိအမှတ်ပြုမူဝါဒ ၁၁ ချက်နှင့် Information and Technology Security Guideline (သတင်းနှင့်နည်းပညာဆိုင်ရာလုံခြုံရေးစည်းမျဥ်းများ) ကိုလိုက်နာဆောင်ရွက်မည်ဟုကတိပြုထားကြောင်းဆိုထားသည်။

 

လက်ရှိတွင် NUG အသိအမှတ်ပြု FOEIM ကျောင်းမှ ကျောင်းတွင်း ငွေကြေးအရှုပ်တော်ပုံများကြောင့် ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် နှစ်ဖွဲ့ကွဲကာ သင်ကြားရေးများ ဆက်လက်လုပ်ရာမှ ကျောင်းသားများ၏ သတင်း အချက်အလက်များ ပေါက်ကြားမှုဖြစ်ပွားခဲ့သည်။

 

ကျောင်းမှလုံခြုံရေးမကျိုးပေါက်နိုင်လျှင်ပင် အွန်လိုင်းမှပညာသင်ကြားရန် အနည်းဆုံး စမတ်ဖုန်းတစ်လုံးနှင့် ဖုန်းဘေဒေတာ လိုအပ်သည်။ ယင်းမှာ အထွေအထွေအကြပ်အတည်းများရင်ဆိုင်နေရသော ဝင်ငွေနည်း အခြေခံ လူတန်းစားများအတွက် မသေးလှသောပမာဏဖြစ်သည်။

 

သို့နှင့် မိဘများသည် စစ်ကောင်စီမှ ဖွင့်လှစ်ထားသော ကျောင်းကိုပင် ကလေးများအားပို့ကြရသည်။ ဖေ့ဘုတ်လူမှုကွန်ယက်တွင် ဆယ်ကျော်သက် အထက်တန်းအရွယ်ကလေးများမကြာခဏ ရင်ဖွင့်ကြသည်မှာ မိဘကျောင်းတက်ခိုင်းပြီး ၎င်းတို့ကမတက်ချင်ကြသည်နှင့်သက်ဆိုင်သည့် အကြောင်းအရာများ ဖြစ်ကြသည်။

 

ဖေ့ဘုတ်လူမှုကွန်ယက်တွင် ဆယ်ကျော်သက် အထက်တန်းအရွယ် ကလေးများမကြာခဏ ရင်ဖွင့်ကြသည်မှာ မိဘကျောင်းတက် ခိုင်းပြီး ၎င်းတို့က မတက်ချင်ကြသည်နှင့် သက်ဆိုင်သည့် အကြောင်းအရာများ ဖြစ်ကြသည်။ 

 

 

ထိုကလေးများထက် အခြေအနေဆိုးသူများမှာ စစ်ကောင်စီဖွင့်သည့်ကျောင်းပင်တက်ခွင့်မရှိသည့် ကလေးများ ဖြစ်သည်။

 

အာဏာသိမ်းပြီးနောက်တွင် ကျောင်းပြင်ပရောက်ကလေးအရေအတွက်မှာ ကြောက်ခမန်းလိလိ တိုးလာခဲ့သည်။ ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်သည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ကျောင်းပြင်ပရောက်ကလေး ၇ ဒသမ ၈ သန်း ကျော်ရှိနေသည်။

 

အလယ်တန်းကျောင်းသားအရွယ်အရပ်အမောင်းရှိပြီး ဆံပင်များ အစားအသောက်ထဲဝင်နိုင်ခြင်းကိုကာကွယ်ရန် ခေါင်းစွပ်အစိမ်းရောင်စွပ်ထားသည့် မင်းမင်း(အမည်လွှဲ) ၏ မျက်လုံးသည် စူးရှသည်။

 

အလယ်တန်းကျောင်းသားအရွယ်ဖြစ်သော်လည်း ၎င်းတာဝန်ယူထားသည့် စားပွဲထိုးအလုပ်တွင် စားသုံးသူ၏ လိုအပ်ချက်အား တစ်ချက်အလစ်ဟင်းစေဘဲ စောင့်ကြည့်ကာဖြည့်ဆည်းပေးတတ်သည်။ လူဝင်များသည့် ထမင်းဆိုင်တွင် မင်းမင်းအလုပ်များသည်။

 

အခြားဝန်ထမ်းများကဲ့သို့ ပြုံခြင်းရယ်ခြင်းပင်သိပ်မရှိဘဲ အလုပ်လုပ်တတ်သည်၊ ငယ်ရွယ်သော်လည်း ၎င်း၏ တာဝန်များကို တစ်စုံတစ်ဦး၏စေခိုင်းမှု မပါဝင်ဘဲ ကောင်းမွန်ကျင်လည်စွာ လုပ်ကိုင်နိုင်သည်ကိုတွေ့ရသည်။

 

ဆိုင်တွင် မင်းမင်းနှင့် မတိမ်းမယိမ်း အခြားစားပွဲထိုးကလေးတစ်ဦးရှိသည်။

 

တစ်နေ့တွင် ထိုကလေးသည် ယူနီဖောင်းနှင့်မဟုတ်ဘဲ အားကစားဘောင်းဘီအတိုအမဲ​ရောင် ဝတ်ဆင်ထားပြီး ကျောပိုးအိတ်အမဲ​ရောင်ကိုတစ်ဖက်တည်းလွယ်ကာ ဆိုင်အပြင်သို့ လမ်း​လျှောက်လာသည်ကို တွေ့လိုက်ရသည်

 

ထိုမနက်တွင် ထိုဆယ်ကျော်သက်အရွယ်ကလေး၏ မျက်နှာမှာကြည်နေပြီး တက်ကြွစွာခြေလှမ်းနေခဲ့သည်။ ဆိုင်မှအထွက်ပေါက်တွင် ဆိုင်ရှင်ကတားဆီးကာ ၎င်းကိုမသွားသေးစေဘဲ စစ်မေးကာ လွယ်အိတ်ကို ဖြဲ၍ စစ်ဆေးကြည့်နေပြီး ဘေးမှတစ်ဦးက ၎င်းလက်မောင်းကိုကိုင်ထားသည်။

 

ထိုအချိန်တွင် ထိုကလေး၏မျက်နှာမှာ သိသာစွာညှိုးနေခဲ့ပြီး ငိုမဲ့မဲ့ဖြစ်လျက်ရှိသော်လည်းမငိုပေ။ ထို့နောက် မိနစ်အနည်းငယ်အကြာတွင် ၎င်း၏အိတ်ကိုပြန်ပေးကာ လက်မောင်းကိုင်ထားရာမှလွှတ်လိုက်သည်

 

အခြားအမျိုးသားတစ်ဦးက ၎င်းကိုပုခုံးမှကိုင်ကာ ခေါ်သွားလေတော့သည်။

 

ထိုဖြစ်စဥ်အပြီးတွင် ဆိုင်တွင်ကျန်နေသည့် မင်းမင်းအားဘာဖြစ်တာလဲဟုမေးရာ မသိဘူး  ဟုသာဖြေသည်။

 

အခြားစားပွဲထိုးတစ်ဦးအားမေးသောအခါမှ အလုပ်ပြောင်းခြင်းဖြစ်ကာ ထိုဆယ်ကျော်သက်ကလေးငယ်မှာ ၎င်းတို့ဆိုင်မှမဟုတ်ဘဲ အခြားဆိုင်တစ်ခုမှဖြစ်ကြောင်းပြောလေသည်။

 

ထိုကလေးအပါအဝင် ကလေးလုပ်သားများအတွက် ပညာသင်ကြားခွင့်အပါအဝင် ၎င်းတို့၏ ကလေးသူငယ် ဆိုင်ရာအခွင့်အရေးမှာ ဆုံးရှုံးနေလျက်ရှိသော်လည်း ယခုကာလတွင် မြေပြင်၌ ထိရောက်စွာ လုပ်ကိုင်ဖြေရှင်း ပေးနိုင်သည့် အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များ ရှိမနေပေ။

 

မြန်မာတွင် ကလေးလုပ်သား ၁.၁၃ သန်းကျော်အနက် ထက်ဝက်ခန့်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က နောက်ဆုံးထုတ်ပြန်ထားသည့် အချက်များက ဆိုသည်။

 

 

နုနယ်သည့် ကလေးများ၏ ရပိုင်ခွင့်၊ အခွင့်အရေးမဆိုထားနှင့် အရွယ်ရောက်သားပြီး အလုပ်သမားတို့သည်ပင် စစ်ကောင်စီအောက်တွင် မလူးသာမလွန့်သာအခြေအနေများကို ရင်ဆိုင်နေရသည်။

 

ရွှေပြည်သာလှိုင်သာယာ မြို့နယ်ရှိ စက်ရုံများတွင် အလုပ်သမားအခွင့်အရေးအတွက် လိုက်လံ ဆောင်ရွက် ပေးနေသည့် သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင် (အမည်လွှဲ) က ယခုကာလသည် ဥပဒေစိုးမိုးမှု ကောင်းစွာမရှိသဖြင့် တိုင်ချင်တဲ့နေရာ သွားတိုင်ဟုပင် ထုတ်ပြောသည့် အလုပ်ရှင်များရှိသည်ဟုဆိုသည်။

 

ယခုကဲ့သို့ အစိုးရစနစ်များ ကောင်းစွာမလည်ပတ်နိုင်သည်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီ အာဏာပိုင် များနှင့် ပေါင်း၍ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုနှင့် အလုပ်သမားဥပဒေချိုးဖောက်မှုများကို ယခင်ထက် ထင်တိုင်းကြဲနေကြကြောင်းပြောသည်။

 

ယခုနောက်ပိုင်းတွင် အထွေအထွေအကြပ်အတည်းများနှင့် မြို့ပြများ၌ ထမင်းဆိုင်၊ စားသောက်ဆိုင်များ၊ ဘားများ၊ ဘီယာဆိုင်များနှင့် တောင်းရမ်းစားသောက်သူများ၊ စည်ပင်ဝတ်စုံနှင့်မဟုတ်ဘဲ အမှိုက်ကောက်သူ များတွင် ကလေးလုပ်သားအများအပြားကို တွေ့ရသည်။

 

မြို့ပြများ၌ ထမင်းဆိုင်၊ စားသောက်ဆိုင်များ၊ ဘားများ၊ ဘီယာဆိုင်များနှင့် တောင်းရမ်းစားသောက်သူများ၊ စည်ပင်ဝတ်စုံနှင့် မဟုတ်ဘဲ အမှိုက်ကောက်သူများတွင် ကလေးလုပ်သား အများအပြားကို တွေ့ရသည်။

 

 

ထိုစားသောက်ဆိုင်၊ ဘီယာဆိုင်နှင့် ထမင်းဆိုင်များတွင် အလုပ်လုပ်နေသော ကလေးအလုပ်သမားများအတွက် အကာအကွယ်ရရန် မည်သည့်သမဂ္ဂ အဖွဲ့အစည်းမှရှိမနေပေ။ ထို့အပြင် မြို့ပေါ်များ၌ ယခင်ထက် ပိုမို များပြားလာသော တောင်းရမ်းသည့်ကလေးများနှင့် အမှိုက်ကောက်နေသူကလေးများတွင် ၎င်းတို့အတွက် ရပ်တည်ဖြေရှင်းပေးနိုင်သည့် တစ်စုံတစ်ရာမှာ ပျောက်ဆုံးနေဆဲပင်။

 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် ကလေးများကို နည်းမျိုးစုံဖြင့် အသုံးချ အမြတ်ထုတ် ခြင်းမှ ကာကွယ်ပေးရန်နှင့် ကလေးငယ်များကိုယ်တိုင် ၎င်းတို့အခွင့်အရေးများကို သိရှိရန်ဟုလည်း ပါဝင်ပါသေး သည်။

 

ယင်းအခွင့်အရေးများကို ကလေးများကိုယ်တိုင်သာမက ၎င်းတို့မိဘနှင့်အုပ်ထိန်းသူများပင် သိပါသလားဟူ၍ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ကလေးများအခွင့်အရေးများ ရရှိရန်အတွက် ဖော်ဆောင်ပေးရန်တာဝန်ရှိသော အစိုးရဟူသည်မှာ ယခုကဲ့သို့နွေဦးတော်လှန်ရေးကာလတွင် မည်သည့်အစိုးရက ထိရောက်စွာဆောင်ရွက်မည် လဲ ဟူသည်မှာ နောက်ထပ်မေးခွန်းထုတ်စရာဖြစ်လာသည်။ 

Burma Associated Press

 

မြန်မာ
အာဏာသိမ်း
ကလေးငယ်များ

Share With
bap-logo