bap-logo
Urban Life

ဝမ်းတီး တူးတီး ထွေရာလေးပါး ပတ်ဝန်းကျင်များ

nqehI890J6kzPSF6j5i4q-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ မတ် ၉။

 

မြို့ပြကို အခြေပြုသည့် မြန်မာပြည်ရှိ ရပ်ကွက်တိုင်းတွင် မီးကင်းတစ်ခု ရှိချင်မှ ရှိလိမ့်မည် ဖြစ်သော်လည်း လက်ဘက်ရည်ဆိုင် တစ်ဆိုင်တော့ အနည်းဆုံးရှိတတ်ကြသည်။

 

မြန်မာတို့၏ လက်ဖက်ရည်ဆိုင်သည် ဆင်ခြေဖုံးမှသည် ဒေါင်းတောင်းဟု ခေါ်သည့် မြို့လယ်နေရာ အထိ တွင်တွင်ကျယ်ကျယ် ရှိနေပြီး လူတန်းစားမရွေး ဝင်ရောက်နိုင်သည့် ပြည်သူ့ညီလာခံများ ဟုလည်း ဆိုနိုင်သည်။

 

မြန်မာ့နိုင်ငံရေးအပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲ၊ စီးပွားရေး စနစ်အပြောင်း အလဲများနှင့် တော်လှန်ရေး အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သည့် ခေတ်သစ် မြန်မာ့လူမှု နေထိုင်မှုနှင့် လက်ဘက်ရည် ဆိုင်များကို သီးခြားစဥ်းစား၍မရနိုင်ပေ။ ဝထ္ထု၊ မဂ္ဂဇင်း၊ ရုပ်ရှင် စသည် အနုပညာဖန်တီးမှုတို့တွင်လည်း လက်ဘက်ရည်ဆိုင်များပါနေသည်ကို တွေ့ရမည်ဖြစ်သည်။

 

၂၀ ရာစုတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာသည့် မြန်မာ့လက်ဘက်ရည်ဆိုင်အလေ့အထသည် ယခုတိုင် မြန်မာ့လူနေမှုစာမျက်နှာများတွင် တိုးတိတ်စွာပါဝင်နေဆဲပင်။

 

သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်းကို စတင်စေခဲ့သည့် အဖြစ်အပျက်တစ်ခုသည်ပင် ရပ်ကွက် လက်ဘက် ရည်ဆိုင်တစ်ခုတွင်ဖြစ်သည်။

 

၂၀၂၀ တွင်စတင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဘေးတွင် လူစုလူဝေးမလုပ်ရသည့် စည်းမျဥ်းကြောင့် လက်ဘက်ရည်ဆိုင်များ၏ အခြေအနေ ယိုင်နဲ့ခဲ့သည်။ ၂၀၂၁ စစ်အာဏာသိမ်း ပြီးနောက် နှစ်နှစ်အတွင်း သုံးဆခန့် တက်လာသည့် အထွေထွေကုန်ဈေးနှုန်းများကြားတွင် လက်ဘက်ရည်ဆိုင်များသည်လည်း ရုန်းကန်လှုပ်ရှား နေကြဆဲပင်။

 

တစ်ဖက်တွင်လည်း ကြပ်တည်းနေသော ပြည်သူများ၏နေထိုင်မှုဘဝအခြေအနေကို လက်ဘက် ရည်ဆိုင်များက ထင်ဟပ်ပြသနေသည်။

 

 အရင်က တစ်သိန်းဖိုးဆို နို့ဆီ ဆယ်ကဒ်ရတယ်၊ အခုငါးကဒ်ပဲ ရတော့တယ်

 

 

အရင်က တစ်သိန်းဖိုးဆို နို့ဆီ ဆယ်ကဒ်ရတယ်၊ အခုငါးကဒ်ပဲ ရတော့တယ်

 

ရပ်ကွက် လက်ဖက်ရည်ဆိုင်တစ်ခုအတွင်းမှ အသံဖြစ်သည်။

 

လက်ဘက်ရည်ဖျော်နေသည့် ဆိုင်ရှင်အစား ၎င်းမိတ်ဆွေက ဆိုင်ရှင်၏ အနောက်ဘက်ရှိ နို့ဆီကဒ် အခွံ့များကိုကြည့်ရင်း ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

လက်ဘက်ရည် ဈေးတက်ချင်ပါက အရိပ်အကဲကြည့်မနေဘဲ ဈေးတက်ရန်လည်း ဆိုင်ရှင်ကို ကြည့်ရင်း ဆိုသည်။

 

ဆိုင်ရှင်မှာ လက်ဘက်ရည်အိုးကိုင်ရင်းပြုံးကာ တက်မှာ၊ မကိုက်တော့ဘူး  ဟု တုန့်ပြန်သည်။

 

ဆိုင်ရှင်နှင့် ၎င်း၏ မိတ်ဆွေ အချီအချ စကားပြောနေသည့် ထိုဆိုင်တွင် လက်ဘက်ရည်တစ်ခွက် ၅၀၀ ကျပ် သာရှိသေးသည်။

 

ဆိုင်တွင် အလုပ်သမားလည်းမရှိပေ၊ အကြော်ဆရာလည်းမလောက်သဖြင့် မုန့်များကို မနက်ပိုင်း ၉ နာရီ အထိသာရောင်းနိုင်သည်။

 

ဆိုင်အတွင်း ဝိုင်းဝန်းစားပွဲထိုးနေသူများသည် အလုပ်သမားမဟုတ်ဘဲ အနီးအနားမှ မိတ်ဆွေများက ဆိုင်ပိုင်ရှင်ကို ဝိုင်းလုပ်ပေးနေခြင်းဟု ကူညီစားပွဲထိုးပေးနေသူတစ်ဦးဖြစ်သည့် အသက် ငါးဆယ် ကျော်ဝန်းကျင် အမျိုးသားက ဆိုသည်။  

 

ယခု လက်ဘက်ရည်ဆိုင်သည် ၎င်းတို့အနီးအနားတွင် အသက်သာဆုံးဖြစ်ကြောင်း ဖောက်သည် တစ်ဦးဖြစ်သူ အသက် ၆၀ ဝန်းကျင် ဦးတင်ကပြောသည်။

 

ဦးတင်သည် ဆိုင်နှင့် အတန်ငယ်သာ ဝေးသောရပ်ကွက်မှနေ၍ လက်ဘက်ရည် လာသောက်လေ့ ရှိသူဖြစ်သည်။

 

ထို့အပြင် ဆိုင်၏ လက်ဘက်ရည် အရသာမှာလည်း လက်ခံနိုင်စရာရှိသည်ဟုလည်း ဦးတင်က ဆိုသည်။

 

ဆိုင်အများစုမှာ ဆိုင်သောက် လက်ဘက်ရည်အသေးတစ်ခွက် ၆၀၀ ကျပ်သို့တက်သွားပြီဖြစ်သည်။ ယခုဆိုင်တွင် လက်ဘက်ရည်အသေးတစ်ခွက် ၅၀၀ ကျပ်မှ ဆက်မတက်ဘဲ ရပ်ထားလေသည်မှာ ကာလတစ်ခုရှိပြီဖြစ်သည်။

 

 

 

မနက်အစောပိုင်းတစ်လှည့် ညနေပိုင်းတွင်တစ်လှည့် စည်ကားလေ့ရှိသည့်ဈေးနှင့် လူနေရပ်ကွက် တစ်ခု ကြားတွင် ဖွင့်ထားသဖြင့် ထိုဆိုင်တွင် ဈေးရောင်းရာမှအပြန်ဝင်နားသူများ၊ ဈေးဝယ်ရင်း လာထိုင်သူများ၊ အနီးအနားရပ်ကွက်မှဖောက်သည်များ၊ အုပ်စုဖွဲ့လူငယ်များနှင့် တစ်နေကုန် လူမပြတ်ပေ။

 

ပဲပလာတာ၊ အီကြာကွေး၊ နံပြား၊ စမူဆာ စသည့်မုန့်တို့သည် မနက်ပိုင်းအချိန်အထိရသည်။ လက်ဘက်ရည်နှင့် အသင့်သောက် အအေးများကို တစ်နေကုန်ရသည်။ ၁၀ နာရီနောက်ပိုင်းတွင် ဘာမုန့်မှမရတော့ဘဲ လက်ဘက်ရည်နှင့် အအေးများသာရတော့သော်လည်း ဆိုင်တွင် လက်ဘက် ရည်သောက်သူမပြတ်ပေ။

 

ရန်ကုန်မြို့၏ လက်ဘက်ရည်ယဥ်ကျေးမှုတွင် ဆိုင် ထိုင်သောက်သည့်ဓလေ့သာမက လမ်းတွင် လိုက်လံ ရောင်းချသည့်ဓလေ့နှင့် လက်ဘက်ရည်ကို ကွမ်းယာ ဆိုင်နှင့် ထမင်းဆိုင်များတွင်ပင် ဓါတ်ဗူးနှင့် ရောင်းချ သည့် ဓလေ့များလည်း ထွန်းကားလာသည်။

 

ရန်ကုန်မြို့၏ လက်ဘက်ရည်ယဥ်ကျေးမှုတွင် ဆိုင်ထိုင်သောက်သည့်ဓလေ့သာမက လမ်းတွင် လိုက်လံ ရောင်းချသည့်ဓလေ့နှင့် လက်ဘက်ရည်ကို ကွမ်းယာဆိုင်နှင့် ထမင်းဆိုင်များတွင်ပင် ဓါတ်ဗူးနှင့်ရောင်းချသည့် ဓလေ့များလည်း ထွန်းကားလာသည်။

 

စက်ဘီးအနောက်ခုံတွင် ဓါတ်ဘူးနှစ်ဘူး သို့ သုံးဘူးနှင့် တစ်ခါသုံးကော်ခွက်များ ထည့်ထားသည့် ခြင်းတောင်းကို တင်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် စပီကာအသေးတစ်လုံးနှင့်အော်ရောင်းသည့် မိုလ်ဘိုင်း(ရွေ့လျား) လက်ဘက်ရည် ဈေးသည်များဖြစ်သည်။ အချို့ဈေးသည်များတွင် နို့ဆီဗူးနှင့် ကော်ဖီမစ်ထုပ်များပင် ပါတတ်သည့်အပြင် ဂျင်း လက်ဘက်ရည်လည်း ရတတ်သည်။

 

ကိုမာတူး (အမည်လွှဲ)သည် မိုလ်ဘိုင်းလက်ဘက်ရည်ရောင်းသည့်သူတစ်ဦးဖြစ်သည်။ စက်ဘီး တစ်စီးနှင့် ပတ်နေသော သူသည် ည ၈ နာရီဝန်းကျင်တိုင် လမ်းတွင်ပင်ရှိသေးသည်။ သူသည် လက်ဘက်ရည် ရောင်းသော်လည်းနို့မသောက်ဟု သူရောင်းချသည့် လက်ဘက်ရည်နှင့် တိုက်ရိုက်မဆိုင်သည့် စကားတစ်ခွန်းကို ကိုမာတူးက ဆိုသည်။

 

လက်ဘက်ရည်ဆိုင်သွားရန် လူခွဲမရှိသောဈေးသည်များ၊ အလုပ်ချိန်အတွင်း အပြင်မထွက်နိုင်သော အလုပ်သမားများသည် ယင်းမိုလ်ဘိုင်းလက်ဘက်ရည်ဈေးသည်များ၏ ဖောက်သည်များဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်ခန့် ကိုဗစ်ကာလ လူစုလူဝေးမလုပ်ရသည့် စည်းမျဥ်းများ ပေါ်လာ ပြီးနောက် လက်ဘက်ရည်ဆိုင်အများစု မဖွင့်ရတော့သည့် အချိန်ဝန်းကျင်တွင်ပင် မိုလ်ဘိုင်း လက်ဘက်ရည်သည်များကို စတင်တွေ့လာရခြင်း ဖြစ်သည်။

 

လက်ဘက်ရည်ပူပူလေး၊ တစ်ခွက်ကို ၂၀၀ ပါ

 

ဟုစပီကာအသံသည် နို့မသောက်သော ကိုမာတူးကဲ့သို့ မိုလ်ဘိုင်းလက်ရည်ရောင်းသူ နောက်တစ်ဦးဖြစ်သည်။

 

၎င်းစက်ဘီးနောက်မှခြင်းတွင် ဓါတ်ဘူးလေးဘူးပါသည်။ အားလုံး ချိုထားသည်ချည်းဖြစ်ပြီး အရသာ တစ်မျိုးတည်းသာဖြစ်သည်၊ လက်ဘက်ရည်ဆိုင်တွင်ကဲ့သို့ လေးမျိုးမရနိုင်ပေ။ သို့သော် ဈေးမှာ တစ်ခွက် ၂၀၀/၃၀၀/၄၀၀ ဟူ၍ဖြစ်သည်။

 

မိုလ်ဘိုင်းလက်ဘက်ရည်သည်များ၏ ဓါတ်ဗူးပလပ်စတစ်တစ်ခွက်နှင့် အလွယ်ပင် လက်ဖက်ရည် ရောင်းသည့် အိုင်ဒီယာသည် မြန်မာ့လက်ဘက်ရည်အရောင်းလောကတွင် အပြောင်းအလဲ တစ်ခုဖြစ်သည်။

 

ပုံမှန်လက်ဘက်ရည်ဆိုင်များတွင် ဝယ်သူက လက်ဘက်ရည်တစ်ခွက်ဟု အမှာရှိမှသာ ချက်ချင်းဖျော်ပြီး ရောင်းသည်။ မိုလ်ဘိုင်းလက်ဘက်ရည်သည်များတွင် လက်ဘက်ရည်မှာ ဓါတ်ဗူးထဲထည့်ထားပြီး အသင့် ဖျော်ပြီးသားဖြစ်ကာ အချိုဓါတ်ပိုလိုချင်ပါက နို့ဆီထည့်ပေးသည်။ ဖျော်ပြီးသားလက်ဘက်ရည်ကို ဓါတ်ဘူးထဲထည့်ကာရောင်းသည့်အလေ့သည် ယခုနောက်ပိုင်းတွင် တွင်ကျယ်လာသည်။

 

မနက်ညလူစည်ကားသည့်ဈေးတစ်ခုအနီးတွင် လက်ဘက်ရည်တစ်ခွက် ၆၀၀ နှင့်ရောင်းသည့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦး၏ဆိုင်တွင် နို့ဆီ၊ နို့စိမ်း၊ ရေနွေး နှင့် အဖျော်ဆရာပင်ရှိမနေပေ။ လမ်းမကြီးဘေးတွင် ကပ်ဖွင့်ထားသည့် ၎င်းဆိုင်တွင်စားပွဲခုံတစ်လုံးနှင့် ထိုအပေါ်တွင် ဓါတ်ဗူးနှစ်လုံး၊ ကြွေခွက်ဆယ်ခုခန့်နှင့် အသင့်သုံးပလက်စတစ်ခွက်များသာရှိသည်။ စားပွဲခုံဘေးတွင် မြန်မာမုန့်ဗန်းနှစ်ခုလည်းရှိသည်။ မြန်မာမုန့်ရောင်းရင်း လက်ဘက်ရည်ဝယ်ပါက ဓါတ်ဗူးထဲမှ လက်ဘက်ရည်ထည့်ပေးသည်။ ထိုဆိုင်တွင် ဝယ်သူများအတွက် စားပွဲနှင့်ထိုင်ခုံလည်းမရှိပေ၊ သို့သော် ကြွေခွက်နှင့် မက်တပ်ပင်လက်ဘက်ရည်သောက်နိုင်ပြီး အသင့်သုံးခွက်နှင့်ပါဆယ်ဝယ်နိုင်သည်။

 

စက်ဘီးပင်မပါဘဲ ဆွဲခြင်းထဲ ဓါတ်ဗူးနှင့် တစ်ခါသုံးခွက်များထည့်ဆွဲကာ လမ်းလျှောက်ရင်း လက်ဘက်ရည် ရောင်းသည့် လမ်းလျှောက် မိုလ်ဘိုင်းလက်ဘက်ရည်သည်လည်း ရှိသည်။

 

လက်ဘက်ရည်ရောင်းချသည့် ပုံစံပြောင်းလဲခြင်းသည် လမ်းဘေးဆိုင်များတွင်သာမက လက်ဘက်ရည် ဆိုင်ကြီးများတွင်လည်းတွေ့နိုင်သည်။  လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် ရန်ကုန်မြို့အတွင်း ဆိုင်ခွဲအများ အပြားရှိသည့် ဆိုင်ကြီးများတွင် ရေနွေးကြမ်း ကိုယ်တိုင်ယူစနစ်ကျင့်သုံးလာကြခြင်းနှင့် အစားအသောက်များကို မှာယူကတည်းက ပိုက်ဆံကြိုရှင်းရခြင်း ပုံစံသို့ပြောင်းလဲလာသည်။ ယင်းသို့ပြောင်းလဲလာသည့်အပေါ် နှစ်ခြိုက်သူများရှိသလို မကြိုဆိုသူများလည်းရှိသည်။

 

 

 

အဲ့ဒီဆိုင်မကြိုက်ပါဘူး၊ ရေနွေးကြမ်းကလည်း ကိုယ့်ဟာကိုယ်ယူရတာ၊ လာချပေးတာမဟုတ်ဘူး ဟု ရပ်ကွက် လက်ဖက်ရည်ဆိုင်လေး၏ ဖောက်သည် ဦးတင်က ပုံစံအသစ်ကျင့်သုံးနေသည့် လက်ဘက်ရည်ဆိုင်တစ်ခုကို ရည်ညွှန်းပြောသည်။ 

 

မြန်မာ၊တရုတ်၊ အိန္ဒိယ၊နှင့် ရှမ်းအစားအစာများ အချိန်ပြည့်ရသည့်ထိုဆိုင်သည် ရန်ကုန်မြို့တွင်း ဆိုင်ခွဲအများအပြားလည်းရှိသည်။ ရေနွေးကြမ်းကို ကိုယ့်ဟာကိုယ်ယူရခြင်းသည် ခဏခဏ ထနေရသဖြင့် စားသုံးသူများသည် ရေနွေးကြမ်းကိုတစ်အိုးပြီးတစ်အိုးမှာကာ ရေနွေးအများကြီး မသောက်နိုင်ကြတော့ဟု ၎င်းကဆိုသည်။   

 

ထိုဆိုင်များသည် ကိုဗစ်ကာလတွင် ပါဆယ်ရောင်းချခဲ့ကြသည်။ ရပ်ကွက်ထဲမှ လမ်းဘေးတွင် ဖွင့်ထားသည့်ဆိုင်အချို့မှာ ပါဆယ်ပင်မရောင်းနိုင်ဘဲ ပိတ်လိုက်ကြရသည်။ အချို့မှာ ယခုတိုင် ပြန်မဖွင့်နိုင် ကြတော့ပေ။

 

အချို့မှာ နို့ဆီပင်ကဒ်လိုက်မဝယ်နိုင်တော့သဖြင့် တစ်ဗူးနှစ်ဗူးဝယ်ကာ ပြန်ဖွင့်ပြီး ရောင်းနေကြ သည့် ဆိုင်များလည်းရှိသည်။ ထိုဆိုင်များသည် ယခင်က တစ်နေ့လုံးရောင်းသော်လည်း ယခုတွင် လူဝင်များသည့် မနက်ပိုင်းသာ ရောင်းချကြတော့သည်။

 

ကိုဗစ်ကပ်ဆိုးငြိမ်သွားသော်လည်း စစ်အာဏာသိမ်းမှုနှစ်နှစ်အကြာတွင် သုံးဆခန့်တက်သွားသည့် အထွေထွေ ကုန်ဈေးနှုန်းများ၊ စီးပွားရေးလုပ်ငန်းများကျဆင်းခြင်း၊ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်သူများ ဝင်ငွေနည်းလာမှုတို့၏ သက်ရောက်မှုသည် ထိုရပ်ကွက်လက်ဘက်ရည်ဆိုင်များကို ပိုမိုထင်ရှားစွာ သက်ရောက်သည်။

 

အချို့ဆိုင်များတွင်ရောင်းသည့် လက်ဘက်ရည်တစ်ခွက်စာတန်ဖိုးသည် ယခုခေတ်တွင်မနည်းဘဲ ဆန်လေးလုံး ဝယ်၍ ရနိုင်ကြောင်း ဦးတင်ကဆိုသည်။

 

စားသုံးသူများမှာ ယခင်ကဲ့သို့ အားလပ်ချိန်လက်ဘက်ရည်ဆိုင်ထိုင်ကာ လက်ဘက်ရည်ဖိုးသုံးမှု နည်းလာကြသည်ဟု ဦးတင်က ၎င်း၏ဘဝကိုအခြေခံ၍ပြောသည်။ ၎င်းအိမ်အနီးအနားမှ ဆိုင်များမှာလည်း အဝယ်များသည့် မနက်ပိုင်းထိသာဖွင့်သည့်ဆိုင်များလာသည်။

 

ရန်ကုန်မြို့ ကားအသွားအလာများသည့် ကားလမ်းမကြီးဘေး ရပ်ကွက်ဈေးဝင်ပေါက်အနီး တွင်ရှိသည့် မနက်ပိုင်းသာဖွင့်သောလက်ဘက်ရည်ဆိုင်တစ်ခုတွင် မြန်မာ့လက်ဘက်ရည်ဆိုင်တို့၏ ပင်တိုင်အစားအစာ နံပြးတစ်ချပ် သုံးရာကျပ်နှင့်ဝယ်ယူနိုင်သေးသည်။ သို့သော် ထိုနံပြားတွင် အခြားဆိုင်များကဲ့သို့ နို့နှင့် ကြက်ဥ မပါဝင်ပေ။ ထိုဆိုင်ပိုင်ရှင်က ၎င်းဆိုင်အနီးအနားတွင် နေထိုင်သည့် စားသုံးသူများနှင့် ထိုနံပြား၏ဈေးနှုန်း ပါဝင်ပစ္စည်းတို့သည် အဆင်ပြေကြောင်း ဆိုသည်။ ၎င်းအတွေ့အကြုံအရ ဈေးနှုန်းနှင့် ပါဝင်ပစ္စည်းသည် စားသုံးသူပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်းပြောပြသည်။

 

ရပ်ကွက်တွင်း မနက်ခင်း နေ့တစ်ဝက်သာ ဖွင့်နိုင် တော့သည့် လက်ဘက်ရည်ဆိုင်တွင်ပင် စားပွဲထိုး အလုပ်သမားများကို ယခင်ကဲ့သို့ အများအပြား မတွေ့ရတော့ပေ။

 

 

ရပ်ကွက်တွင်း မနက်ခင်း နေ့တစ်ဝက်သာဖွင့်နိုင်တော့သည့် လက်ဘက်ရည်ဆိုင်တွင်ပင် စားပွဲထိုး အလုပ်သမားများကို ယခင်ကဲ့သို့အများအပြားမတွေ့ရတော့ပေ။  နေမြင့်လျှင် လက်ဘက်ရည်ဆိုင် များကို အတွေ့နည်းလာပြီ ဖြစ်သည်။  

 

ကလေးလုပ်သားများ၏ ဈေးကွက်တစ်ခုဖြစ်သည့် ရပ်ကွက် လက်ဘက်ရည်ဆိုင်များတွင် အထွေထွေ ကုန်ကျစားရိတ်များ မြင့်တက်လာမှုနှင့် လူဝင်နည်းမှုကြောင့် အလုပ်သမား ငှားရမ်းနိုင်မှုနည်းပါးလာကြသည်။ လက်ဘက်ရည်ဆိုင်မှ ကလေးလုပ်သားများသည် ပျောက်ကွယ် သွားကြသည် မဟုတ်ဘဲ အခြားလခပေးနိုင်သည့် ဆိုင်များဆီသို့ ရွေ့ပြောင်းလုပ်ကိုင်ကြခြင်း ဖြစ်သည်ကိုလည်း တွေ့ရသည်။  ရန်ကုန်မြို့ရှိ ဘီယာဆိုင်၊ ထမင်းဆိုင် နှင့် စား​သောက်ဆိုင်များတွင် က​လေးလုပ်သားများကို လက်ဘက်ရည်ဆိုင်များတွင်ထက် ပိုမို​တွေ့လာရသည်။

 

ယင်းသို့ရပ်ကွက်ဆိုင်များတွင် နေ့တစ်ဝက်သာဖွင့်ရောင်းနိုင်သော်လည်း ဆိုင်ခွဲအများအပြားရှိသည့် ဆိုင်ကြီးများ မှာမူ တစ်နေကုန်ဖွင့်ရောင်းနိုင်ကြဆဲဖြစ်သည်။

 

အလုပ်မှအပြန်ဖြစ်စေ မနက်ပိုင်းတွင်ဖြစ်စေ ၎င်း၏ရည်းစားနှင့် ချိန်းတွေ့လေ့ရှိသည့် အသက် ၂၇ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ၎င်းတို့နှစ်ဦးလုံးသည် ကော်ဖီမသောက်ကြသဖြင့် စုံတွဲများ အကြား ရေပန်းစားသည့် ကော်ဖီဆိုင်များထက် ၎င်းတို့အတွက် ထိုလက်ဘက်ရည်ဆိုင်က အဆင်ပြေကြောင်းဆိုသည်။

 

ထို့အပြင်လက်ဘက်ရည်ဆိုင်များတွင် တိုရှည် အသုပ် စသည့် မြန်မာတို့စားလေ့ရှိသည့် အစားအစာ များလည်း ရသဖြင့် အနောက်တိုင်းအစားအစာများ ဦးစားပေးသည့် ကော်ဖီဆိုင်များထက် ပိုအဆင်ပြေကြောင်းပြောသည်။ ထိုဆိုင်များသည် တစ်နေကုန်ဖွင့်ရောင်းနိုင်ကြရုံသာမက ဆိုင်အခင်းအကျင်းမှာလည်း ကျယ်ပြန့်သည်။

 

ထိုဆိုင်ကြီးများတွင် လက်ဘက်ရည်ဆိုင်သောက်အသေးတစ်ခွက် ၈၀၀ မှ ၁၀၀၀ ကျပ်ကြားရှိပြီး နံပြားတစ်ချပ် ငါးရာဝန်းကျင်ခန့်ရှိသည်။

 

ဦးတင်သည် ၎င်းအိမ်အနီးတွင်အသစ်လာဖွင့်သော လက်ဘက်ရည်ဆိုင်တွင် တစ်ခွက်တစ်ထောင် ကျပ်ပေးရသည့် လက်ဘက်ရည်၏အရသာသည် ၎င်းထိုင်သည့်ဆိုင်များတွင် အကောင်းဆုံးဖြစ်ပြီး မည်သည့်ဆိုင်နှင့်မှမတူသဖြင့် ရပ်ကွက်ဆိုင်များထက်နှစ်ဆပိုပေးရခြင်းအတွက် အထွန့်တက်ရန် မရှိပေ။

 

သို့သော် ထိုဆိုင်ကို အမြဲမထိုင်နိုင်ကြောင်းနှင့် တစ်ခါတစ်လေသာ တတ်နိုင်ကြောင်း ဆက်ပြော သည်။

 

တစ်ခါတစ်ရံ သတင်းစာတစ်စောင်ချပေးထားသည့် ရပ်ကွက်ထဲမှဆိုင်များတွင် စကားပြော နေကြသော လူကြီးများသာ အတွေ့များသော်လည်း ဆိုင်ကြီးများတွင်မူ ဖုန်းတစ်လုံးနှင့် ဘယ်မှ မကြည့်သော လူလတ်ပိုင်း လူငယ်ပိုင်းများကိုပါ တွေ့လာကြရသည်။

 

လက်ဘက်ရည်ဆိုင်တွင် သတင်းစာဖတ်လေ့ရှိသူများမှာ လူကြီးများသာများပြီး လူငယ်ပိုင်းများမှာ ဖုန်းထဲမှပင်အလွယ် သတင်းကြည့်နိုင်သဖြင့် လက်ဘက်ရည်ဆိုင်တွင် သတင်းစာဖတ်ရန် မလိုကြောင်း နှစ်ငါးဆယ်ခန့် လက်ဘက်ရည်ဆိုင်ထိုင်သည့် အတွေ့အကြုံရှိသူ ဦးတင်ကပြောသည်။

 

Burma Associated Press

ရန်ကုန်
လက်ဘက်ရည်ဆိုင်
လူမှုဘဝ

Share With
bap-logo