Urban Life
စစ်ပွဲထဲမှာ
လွန်ခဲ့သော ၂ နှစ် က
BAP၊ မတ် ၂၃။
“လွိုင်ကော် ဆိုရင်တော့ ကိုဗစ်ထိုးပြီးသားလက်မှတ်လိုတယ်၊ အဲ့မရောက်ရင်မလိုဘူး” ဟု လွိုင်ကော်သို့ ယာဥ်လိုင်းပြေးဆွဲနေသည့် ကားဆရာကဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ပုန်ကန်မှုများဖြစ်နေသည့် ကရင်နီဒေသတွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့် ရှိသည်။ စစ်ဘေးရှောင်များသည် IDP camp များတွင်နေထိုင်ကြသည်လည်းရှိသကဲ့သို့ နီးစပ်ရာမြို့ရွာများသို့ သွားရောက်ရှောင်တိမ်းကြသည်များလည်းရှိသည်။ ရှောင်တိမ်းရင်း စိုက်ပျိုးရေး သို့မဟုတ် အခြားနေ့စားအလုပ်များ လုပ်ကြသည်လည်းရှိသည်။
ထိုကရင်နီဒေသတွင် ယခုစစ်ကောင်စီစစ်ကြောင်းထိုးနေသည့် ကာလ၌ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဘက်မှလည်း လမ်းအသုံးပြုခွင့်ပိတ်ခြင်းကြေညာချက်သည်လည်း မကြာခဏ ထွက်လာလေ့ရှိသည်။
မိုးဗြဲမြို့သည် ရှမ်းပြည်နယ်နှင့် ကရင်နီဒေသနှစ်ခုလုံးနှင့်ပထဝီအနေအထားအရဆက်စပ်ပြီး ဖယ်ခုံ ခရိုင် အတွင်းတွင်ရှိသည်။ ဖယ်ခုံ-လွိုင်ကော်လမ်းမအတိုင်းဆိုပါက လွိုင်ကော်မြို့သို့ သွားသည့် လမ်းနှင့် တစ်လမ်း ကြောတည်းတွင်ရှိသည်။
နီးစပ်ရာမြို့များမှ ကုန်အရောင်းအဝယ်များနှင့်စည်ကားသည့် မြို့လည်းဖြစ်သည်။ အနီးဝန်းကျင်၌ စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် နယ်မြေမငြိမ်းချမ်းသည့်ယခုကာလတွင် မိုးဗြဲမြို့၌ တိတ်ဆိတ်နေသည်။ ကုန်အရောင်းအဝယ်ဖြင့် ဈေးမှာဖွင့်လျက်ပင်။ မစည်ကားလှသော်လည်း အရောင်း အဝယ်တော့ ဖြစ်ကြ သည်။
ဖုန်းဆိုင်နှင့် ရှမ်းခေါက်ဆွဲဆိုင်သာမက ဟင်းသီးဟင်းရွက်ဆိုင်များလည်းဖွင့်ကြသည်။
အနီးအနားရွာများတွင် စစ်ကြောင်းထိုးခြင်းနှင့်တိုက်ပွဲများဖြစ်နေသော်လည်း ခရီးသွားကားနှင့် ဘတ်စ်ကား အသေးများ ပြေးဆွဲနေဆဲဖြစ်သည်က စီးပွားကူးသန်းရောင်းဝယ်ရေး မြို့တော်၏ လက္ခဏာရပ်ကို ဖော်ပြလျက်ပင်။
‘ မိုးဗြဲကတော့ ဒီလိုပါပဲ၊ ပြည်သူတွေက စစ်ဖြစ်ရင် ထွက်သွားလိုက်၊ ငြိမ်သွားရင် ပြန်လာ လိုက်နဲ့ ’
‘ မိုးဗြဲကတော့ ဒီလိုပါပဲ၊ ပြည်သူတွေကစစ်ဖြစ်ရင်ထွက်သွားလိုက်၊ ငြိမ်သွားရင် ပြန်လာလိုက်နဲ့ ’ ဟု နွေဦး တော်လှန်ရေးအတွင်း လက်နက်ကိုင်လှုပ်ရှားနေသည့် အသက် ၂၀ ဝန်းကျင် ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာသည့် ကရင်နီဒေသ၏ လက်နက်ကိုင် တော်လှန်ရေးမှ တင်းမာသည့် စစ်ရေးအခြေအနေများသည် မိုးဗြဲမြို့သို့ကြီးစွာသက်ရောက်သည်။
စစ်ပူနေသည့်ကာလတွင် မိုးဗြဲဈေးသည်ဖွင့်ဆဲဖြစ်သော်လည်း ဈေးဝယ်သူအများအပြားရှိမနေ။
မိုးဗြဲမြို့၏ အချို့ရွာများတွင် လူသံပင်မကြားရပေ။ ကျောက်အုတ်အဖြူအများစုနှင့် ဆောက်လုပ် ထားသည့် သပ်ရပ်ကောင်းမွန်သည့် အိမ်အများအပြားတွင် လူ၊ ခွေး၊ ကျွဲ၊ နွား စသည့်သက်ရှိ အရိပ်အယောင်များပင် ရှိမနေပေ။
စစ်ဘေးရှောင် ထွက်ခွာသွားကြသည်ကို ကျည်ဆန်ပေါက်ရာများနှင့် တိတ်ဆိတ်စွာကျန်ခဲ့သည့် ၎င်းတို့ အိမ်အစုအဝေးများက သက်သေခံနေသည်။
တိုက်ခံအိမ်အများအပြားရှိသည့် ထိုရွာတွင် ကျွဲနွားနှင့် ခွေးသံပင်မကြားရအောင် ငြိမ်သက် လျက်ရှိသည်။ အိမ်များသည် ခြံဝန်းနှင့် ကျယ်ဝန်းကာ ခြံဝင်းအတွင်းတွင်ပင် ယာခင်းများလည်း ရှိသည်။ အချို့အိမ်များမှာ အပေါက်ရာများဗရပွနှင့် ငြိမ်သက်နေကြသည်။ အိမ်နံဘေး ဝန်းကျင်တွင် ပေါက်နေသည့်မြက်ပင်များမှာ ခြေမျက်စိခန့် မှ ဒူးဝန်းကျင်အထိရှည်လျားနေကြသည်။
နိမ့်လိုက်မြင့်လိုက်ပျံသန်းနေသည့် ပျံလွှားများသာ အိမ်အမိုးကောင်းကင်တွင် ဝဲနေသည်။ ယင်းဒေသတွင် ဟိုမှ ဒီမှ ပျံသန်းနေသည့် ပျံလွှားငှက်များကို ပေါများစွာတွေ့ရသည်။
အချို့အိမ်များတွင် (လက်နက်ကြီးကျည်မှန်ထားသည်ဟု ယူဆရသည့် ) လက်တစ်ဖဝါးခန့် အရွယ် အပေါက်များကြောင့် အုတ်များကိုဖောက်ထွင်း၍ အိမ်အတွင်း ပိုင်းအချို့ကို မြင်နေရသည်။ အချို့ အိမ်များတွင် ထိုအရွယ်အစားခန့်ရှိသည့် အပေါက်တစ်ခု မကပေ။
မြက်ပင်များရှည်လျားနေသော်လည်း အိမ်များသန့်သန့်ရှင်းရှင်းပင်။ ခြံဝန်းအတွင်းမှာလည်းမြေနီသားဖြင့် ပြောင်ရှင်းလျက်၊ သစ်ရွက်ခြောက်ပင်မရှိကြ။ ရွာအတွင်းအိမ်အစုအဝေးကြီးမှာ လူမနေကြသော်လည်း အလွန်ဟောင်းနွမ်းမနေကြပေ။ တောင်ပေါ်ဒေသဖြစ်သဖြင့် အိမ်အနီး အနားတွင် သစ်ပင်ကြီးကြီးမားမား မရှိရကား သစ်ရွက်ခြောက်များလည်းရှိမနေပေ။
မိုးဗြဲမြို့တွင် မိုးဗြဲ PDF ကဲ့သို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရှိသော်လည်း မြို့၏ဧရိယာအားလုံံးကို စိုးမိုးနိုင်ခြင်းမရှိသေးပေ။
ထို့ကြောင့် စစ်ကြောင်းထိုးခံရချိန် သို့မဟုတ် တိုက်ပွဲရှိချိန်တွင် မိုးဗြဲမြို့၏အချို့နေရာများတွင် လူအသွားအလာရှိပြီး အချို့နေရာများတွင်မူ တိတ်ဆိတ်ခြောက်ကပ်နေသည်။
ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ကားလမ်းမတစ်လျှောက်တွင်ပင် မိုးဗြဲမြို့ကားဂိတ်ရှိသည်။ အခြားသော ပြည်မဒေသ မြို့ကြီးများကဲ့သို့ အဝေးပြေးကားသီးသန့်ကားဝင်း မရှိပေ။
မိုးဗြဲမြို့ဆင်းမည်ဆိုပါက ယာဉ်များသွားနေသည့် လမ်းမပေါ်တွင်ပင်ရှိသည့် မြို့အဝင်၌ချပေးသည်။
ကားလက်မှတ်ရောင်းသည့် ခပ်ငယ်ငယ်ဈေးဆိုင် ဂိတ်နှစ်ခုနှင့် မိုးဗြဲမှထွက်ရန် ဦးတည်ရင်း စက်နှိုးလျှက် ရပ်ထားသည့် ကားနှစ်စီးသာ မရှိပါက ကားဂိတ်ဟု အလွယ်တကူမသိနိုင်ပေ။ ဈေးဆိုင်ကားဂိတ်ငယ်တွင် ကုန်ပစ္စည်းများကိုလည်း လက်ခံပို့ဆောင်ပေးသည်။
ဂိတ်တစ်ခုမှာ ဆိုင်းဘုတ်ရှိသော်လည်းပိတ်ထားပြီး ကျန်တစ်ခုသာဖွင့်သည်။ ထုပ်ပိုးထားသည့် ပစ္စည်းများနှင့်ပင်။
ကားဂိတ်အနီးတွင် တိုင်းရင်းသားဘာသာတစ်ခုဖြင့် စကားပြောနေသည့် ဒေသခံများရှိသည်။ ဘာစကားသုံးလဲဟု မေးကြည့်ရာ ပဒေါင် စကားဟုဆိုကြသည်။
တစ်ဦးမှာ လသားအရွယ်ကလေးငယ်တစ်ဦးကို အဝတ်စဖြင့် ၎င်းကိုယ်နှင့်တွဲပတ်ကာ အရှေ့တွင် ထား၍ ချီပိုးထားသည်။ ကားဂိတ်နင့် မျက်နှာချင်းဆိုင်တွင် ဇရပ်တစ်ခုရှိသည်။ ထိုဇရပ်အနီးအနား တွင် လက်တန်းပါသည့် အသစ်မဟုတ်သည့် ပလတ်စတစ်တစ်ခုံများချထားပြီး ၎င်းတို့နေရပ်နှင့် ခပ်လှမ်းလှမ်းရွာတွင်ဖြစ်နေသည့်တိုက်ပွဲ အကြောင်း ဆွေးနွေးနေကြသည်။
အများစုမှာ ၎င်းတို့ဘာသာစကားဖြင့်ပြောကြပြီး တစ်စွန်းတစ်စတွင် ဗမာစကားလုံးများပါလာသည်။ မိုးဗြဲမရောက်မီလမ်းတွင် အထုပ်အပိုးများနှင့်လူတစ်ဦးစနှစ်ဦးစ အပြင် ဆိုင်ကယ်၊ ကားတို့တွင် အထုပ်အပိုးများ တင်လာသည့်ကားအချို့ဖြတ်သန်းသွားနေခဲ့သည်။
အနီးအနားတွင် စစ်ကြောင်းထိုးနေတာလားဟူသောအမေးကိုခေါင်းညိတ်ပြပြီး ယမန်နေ့ကတည်းက ထိုးနေကြောင်းဗမာလိုပြန်ပြောပြသည်။ ထို့နောက် စစ်ကြောင်းထိုးသည့်အကြောင်းကို ဗမာ တစ်ဝက် ကယန်း ဘာသာတစ်ဝက်ဖြင့်ခေါင်းညိတ်ကာညိတ်ကာ စစ်ကြောင်းထိုးခံရသည့် ရွာရှိသည့် ဘက်သို့ခေါင်းဦးတည်ကာ ပြောဆိုနေကြသည်။
တိုက်ပွဲအကြောင်းမှတဆင့် ချဲဂဏန်းအကြောင်းရောက်သွားပြန်သည်။ ၎င်းတို့ စကားပြောရာ နေရာသို့ နောက်မှရောက်လာသည့် အမျိုးသမီးထံတွင် ချဲထိုး၍ရနိုင်သေးကြောင်းဆိုကြသည်၊ သုံးလုံးချဲဂဏန်းကို ဆိုလိုခြင်းဖြစ်သည်။ ယင်းကိုဗမာလိုအသံဝဲဝဲဖြင့် ပြောနေကြခြင်းဖြစ်သည်။ ၎င်းတို့ရှိနေသည့် ဇရပ်မှပင် မိုးဗြဲဈေးကိုလှမ်းမြင်ရသည်။ ဆန်ခေါက်ဆွဲဆိုင်၊ ဖုန်းဆိုင်၊ ပဲပုစေ့လှော်၊ စာကလေးခွေ၊ မြေပဲစာဥကြော် စသည့် ရှမ်းပြည်နယ်ထွက် သရေစာဆိုင်များကိုတွေ့ရသည်။
ရှမ်း-ကယား ပြည်နယ်နှစ်ခုအစပ်ကြားတွင်ရှိသော ကူးသန်းရောင်းဝယ်ရေးထွန်းကားသည့် မိုးဗြဲသည် စီးပွားရေးမြို့တော်တစ်ခုလည်းဖြစ်သည်။
အာဏာသိမ်းပြိးနောက်ပိုင်း၌ ကရင်နီဒေသတွင် လက်နက်ကိုင်တော်လှန်မှု အရှိန်အဟုန် ပိုမိုပြင်းထန်ခဲ့သည်။
၂၀၂၁ နှစ်ကုန်ပိုင်းတွင်ဖြစ်ခဲ့သည့် မိုးဗြဲဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတွင် လက်နက်အင်အားမမျှတမှုကြောင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ နယ်မြေ စိုးမိုးမှုကို လက်လွှတ် ခဲ့ရသည့်မြို့ဖြစ်သည်။ ယနေ့အထိ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ပြန်လည် မစိုးမိုးနိုင်သေးပေ။
၂၀၂၁ နှစ်ကုန်ပိုင်းတွင်ဖြစ်ခဲ့သည့် မိုးဗြဲဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တို့တိုက်ပွဲတွင် လက်နက်အင်အားမမျှတမှုကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ နယ်မြေ စိုးမိုးမှုကို လက်လွှတ် ခဲ့ရသည့်မြို့ဖြစ်သည်။ ယနေ့အထိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ပြန်လည်မစိုးမိုးနိုင်သေးပေ။
မိုးဗြဲမြို့မှဒေသခံတို့သည် ယခင်က တိုက်ပွဲဖြစ်ပါက မြို့နှင့် အလွန်ဝေးသောနေရာသို့ သွားရောက် ရှောင်တိမ်းကြရာမှ နောက်ပိုင်းတွင် ထိုသို့ မပြုလုပ်ကြတော့ပေ။
ယခုနောက်ပိုင်းတွင် တိုက်ပွဲဖြစ်သည်နှင့် အမြန်ရှောင်တိမ်းကြကာ တိုက်ပွဲပြီးပါက ကိုယ့်အလုပ်ကို ပြန်လုပ်ကြသည် ဟုဒေသခံများက ဆိုကြသည်။
ယင်းအချက်သည် ကယားပြည်နယ်တွင်ရှိသည့် စစ်ဘေးရှောင်များနှင့် ကွာခြားသည့် အချက် ဖြစ်သည်ဟု ဒေသခံတို့က ထောက်ပြကြသည်။
မိုးဗြဲမြို့သည် ကရင်နီဒေသသို့ အဝင်လမ်းကြောင်းလည်းဖြစ်သောကြောင့် ကုန်းတွင်းပိတ် ပထဝီ အနေအထားရှိသည့် ကရင်နီနှင့် ကယန်း ဒေသအတွက် မိုးဗြဲမြို့သည့် အချက်အချာကျသည်။ ထို့ကြောင့်တိုက်ပွဲရှိလျှင် မိုးဗြဲ လွိုင်ကော်လမ်းကြောင်းသည် အသုံးပြုရကြပ်တည်းတတ်သည်။ ထိုသို့အချိန်များတွင် ရန်ကုန်-လွိုင်ကော် ကားပြေးဆွဲမှုလည်းရပ်နားကြရသည်။
လက်ရှိတွင် ပြည်နယ်ပြည်မ မြို့ကြီးများမှ မိုးဗြဲသို့ပြေးဆွဲနေသည့် ယာဥ်လိုင်းများသည် တိုက်ပွဲ ဖြစ်ချိန်မှလွဲ၍ နေ့စဥ်နီးပါး ပြေးဆွဲကြသည်။
မနက်ဖြန်ခရီးစဥ်အတွက် ကားထွက်မည်မထွက်မည်ကို အတည်ပြုနိုင်သော်လည်း လာမည့် သုံးလေးငါးရက် အတွက်တော့ ကြိုတင်မပြောနိုင်ကြပေ။ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် အနေအထားတွင်ရှိကာ ခန့်မှန်းမရနိုင်သောကြောင့်ဖြစ်သည်။
မိုးဗြဲဒေသခံကာကွယ်ရေးတပ်ဖွဲ့ MoeBye People’s Defence Force သည်ဒေသတွင်း၎င်းတို့ စိုးမိုးနိုင်သည့် ရွာများတွင် စစ်ကောင်စီထုတ်ကုန် အရက်နှင့်ဆေးလိပ်များနှင့် မူးယစ်ဆေးဝါးများ အရောင်းအဝယ်မပြုရန် ကြေညာထားသည့်စာရွက်ကို ကပ်ထားသည်။
မိုးဗြဲမှ ကရင်နီဒေသသို့ဝင်သည့် လမ်းမဘေးအချို့မြေကွက်များတွင် ဘိန်းခင်းများရှိဆဲဖြစ်သည်။ မိုးဗြဲသို့လာရာ ဖယ်ခုံ-မိုးဗြဲလမ်းတစ်လျှောက်တွင် စစ်ကောင်စီ၏ အခြေခံစာသင်ကျောင်းများ ဖွင့်ကာ ကျောင်းစိမ်းဝတ် ကျောင်းသားကျောင်းသူများလည်းရှိကြသည်။ ထိုလမ်းတစ်လျှောက်သည် စစ်ကောင်စီ၏ စိုးမိုးရာဖြစ်ပြီး ထိုလမ်းမှ လွိုင်ကော်သို့သွားရာ ကားလမ်းမတစ်လျှောက်လုံးပင် ဖြစ်သည်။
ကုန်းတွင်းပိတ်ကဲ့သို့ဖြစ်နေသည့် ကရင်နီ၊ ကယန်း ဒေသသို့ ရိက္ခာလမ်းကြောင်း အဝင်အထွက် အတွက်ဖြစ်စေ မိုးဗြဲမြို့သည် အချက်အချာကျသောမြို့များမှ တစ်ခုဖြစ်သည်။ ထို့အတွက် နယ်မြေစိုးမိုးမှုတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြားတွင် လွန်ဆွဲနေ ကြဆဲပင်။
ဖယ်ခုံ-မိုးဗြဲ လမ်းမပေါ်ရှိ ဒေသခံများသည် သဘောကောင်းကြပြီး ဖော်ရွေစွာပင် ပြုံးပြစကားဆိုကြသည်။ သို့သော် လူစိမ်းများအားစကားအများကြီး ပြောရန်တွန့်ဆုတ်ကြပြီး တွေဝေနေကြဆဲဖြစ်သည်။ ၎င်းတို့အချင်းချင်း ၎င်းတို့ဘာသာစကားသာသုံးကြပြီး ဗမာစကားကို လည်းနားလည်ပြောဆိုကြသည်။
လာမည့်ဧပြီ ၁၀ တွင်ကျရောက်မည့် ၂၃ နှစ်မြောက်ကယန်းအမျိုးသားနေ့ကျင်းပကြရန်ရှိပြီး စစ်ဘေးရှောင်စခန်းအချို့တွင် ထိုနေ့အထိမ်းအမှတ်အဖြစ် အကပြိုင်ပွဲများ ကျင်းပခဲ့ကြသည် လည်းရှိသည်။
အချို့နေရာများတွင် ကုန်တင်ကားကြီးများ၊ ထော်လာဂျီကဲ့သို့လယ်ယာသုံးကားများဖြင့် ဒန်အိုး ဒန်ခွက် အိပ်ရာလိပ် တာလပတ်အပါအဝင် အိမ်မွေးကြက်ဖပင်မကျန်တင်ဆောင်ကာ အထုပ်ကြီး အထုပ်ငယ်များဖြင့် တိုက်ပွဲလွတ်ရာသို့ပြေးမောင်းနှင်နေကြသည်မှာ စစ်ကြောင်းထိုးသည့်ရက်ရှည်သည်နှင့်အမျှ ပိုမိုတွေ့ရလေဖြစ်သည်။
စစ်သည် မြို့၏ လူနေမှုစရိုက်အနေအထားကို ပုံဖော်နိုင်စွမ်းရှိသည်ပင်။
Burma Associated Press