bap-logo
Articles

မြန်မာစစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေက တိုက်ပွဲများတွင် ၎င်းတို့၏ ထိခိုက်ကျဆုံးနေမှုကို ပြသ

d5lzogiBtZRyN0u091aeJ-image

လွန်ခဲ့သော ၂ လ က

မြန်မာစစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် လများစွာ တိုက်ခိုက်မှုများအတွင်း ၎င်းတို့၏ တပ်ဖွဲ့များ အမြောက်အများ ဆုံးရှုံးခဲ့ခြင်းနှင့် ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ အခြားအဆင့် စစ်သားများ ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းရုန်းကန်နေရခြင်းကို ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု လေ့လာအကဲဖြတ်သူများ၊ သံတမန်များနှင့် တပ်မှ ထွက်ပြေးလာသူများက ပြောသည်။။

 

စစ်တပ်က သိသာထင်ရှားတဲ့ လူအင်အား ပြတ်တောက်မှု ကြုံနေရတာ ရှင်းပါတယ်။ ဒါကြောင့် သမိုင်းမှာ ပထမဆုံး ဒီဥပဒေကို အသက်သွင်းလာတာဖြစ်ပါတယ်

 

၎င်းစီမံကိန်းမှာ စစ်အုပ်ချုပ်ရေးဘက်မှ တရုတ်နယ်စပ် တောင်တန်းဒေသမှသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကမ်းရိုးတန်းအထိ ရှေ့တန်း နယ်မြေများဆုံးရှုံးခဲ့ပြီးနောက် ယခုအပတ်အတွင်း ကြေငြာခဲ့ခြင်းဖြစ်သည်။ ၎င်းနယ်မြေဆုံးရှုံးမှုအချို့မှာ ၁၀၂၇ ပူးပေါင်း စစ်ဆင်ရေးအတွင်း ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

 

စစ်တပ်က သိသာထင်ရှားတဲ့ လူအင်အား ပြတ်တောက်မှု ကြုံနေရတာ ရှင်းပါတယ်။ ဒါကြောင့် သမိုင်းမှာ ပထမဆုံး ဒီဥပဒေကို အသက်သွင်းလာတာဖြစ်ပါတယ်။” ဟု Crisis Group မှ အကြီးတန်း မြန်မာအကြံပေး Richard Horsey က ပြောသည်။

 

စစ်အုပ်ချုပ်ရေးပြောခွင့်ရသူက Reuters မှတ်ချက်ပေးရန် ခေါ်ဆိုမှုကို မတုန့်ပြန်ခဲ့ပါ။

 

ပြည်သူ့စစ်မှုထမ်းဥပဒေသည် ဧပြီလတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားအားလုံး၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးအားလုံး နှစ်နှစ် စစ်မှုထမ်းရမည်ဖြစ်ကာ အသက် ၄၅ နှစ်အထိ ဆရာဝန်များကဲ့သို့သော ပညာရှင် ကျွမ်းကျင်သူများမှာ သုံးနှစ် စစ်မှုထမ်းရမည်ဖြစ်သည်။ စစ်မှုထမ်းခြင်းကို ငါးနှစ်အထိ သက်တမ်းတိုးနိုင်သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။

 

စစ်တပ် တပ်ရင်းအများစုမှာ သတ်မှတ်အင်အား၏တစ်ဝက် ၂၀၀ ပြည့်မီစေရန်ပင် ရုန်းကန်နေရကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး တွေးခေါ်ပညာရှင်များအင်စတီကျုမှ အကြီးတန်းအကြံပေး ဦးရဲမျိုးဟိန်းက အကဲဖြတ်သည်။

 

အရာရှိအဖြစ် စစ်မှုထမ်းဖို့ စာရင်းသွင်း အရေအတွက်လည်း သိသိသာသာ ကျဆင်းနေပါတယ်။ဟု ၎င်းက Reuters ကို ပြောသည်။

 

“’ဒါ့အပြင် တပ်ရင်းအရွယ်အစား လျော့ပါးသွားခြင်းနဲ့ အခြားအဆင့် စစ်သည်တွေ လျော့နည်းလာခြင်းကြောင့် ဗိုလ်မှူးချုပ်တွေ အပါအဝင် အရာရှိဆုံးရှုံးမှုတွေကလည်း သိသိသာသာ မြင့်တက်လာပါတယ်။”

 

စစ်တပ်မှ ထွက်ပြေးသူများနှင့် ဘက်ပြောင်းလာသူများ၊ စစ်တပ်စာရွက်စာတမ်းများနှင့် ထိခိုက်ကျဆုံးမှုအရေအတွက်များကို ကိုးကား၍ ပြီးခဲ့သည့်နှစ်တွင် ဦးရဲမျိုးဟိန်းက မြန်မာစစ်တပ်တွင် တိုက်ပွဲဝင်စစ်သည် ၇၀၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းခဲ့သည်။

 

ဗြိတိန်အခြေစိုက် Jane’s intelligence ကုမ္ပဏီမှ လုံခြုံရေးလေ့လာအကဲဖြတ်သူ Anthony Davis က တိုင်းရင်းသားလက်နက်ကိုင်အင်အားမှာ ၂၀၂၁ ခုနှစ်တွင် ၇၅၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းသည်။

 

ပဋိပက္ခများ အရှိန်ပြင်းလာသည်နှင့်အမျှ တော်လှန်ရေး အဖွဲ့များ ပိုမို ပေါ်ပေါက်လာကာ လက်ရှိ စစ်အစိုးရ ဆန့်ကျင်ရေး ခုခံမှု အင်အားသည် ယခုအခါ ပိုမို မြင့်မားလာဖွယ် ရှိကြောင်း လေ့လာသူများက ဆိုသည်။

 

စစ်တပ်က ၎င်း၏ တိုက်ခိုက်ရေးအင်အားကို ပြီးခဲ့သည့်နှစ်များအတွင်း ကြေငြာခြင်း မပြုခဲ့ပေ။

 

အမေရိကန်စစ်တပ်တွင် ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ် မီမီဝင်းဘတ်က စစ်တပ် တပ်ရင်းတပ်မှူးများနှင့် ဘက်ပြောင်းလာသော အခြားစစ်သားများကို မေးမြန်းချက်များပေါ် အခြေခံ၍ ပြီးခဲ့သည့် လများအတွင်း တပ်ပြေးအရေအတွက် သိသာစွာ မြင့်တက်လာကြောင်း ပြောသည်။

 

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ပင်ပန်းပြီး စိတ်ဓာတ်ကျနေပါပြီ။” ဟု သူမက ပြောသည်။ အခြေခံအထောက်အပံ့များဖြစ်သော အစားအစာနှင့် ကိရိယာများ ပြတ်တောက်နေပြီဟုလည်း ပြောသည်။

 

ဂျွန်လ ၂၀၂၁ ခုနှစ်တွင် ဘက်ပြောင်းလာပြီး ယခုအခါ အခြားစစ်သားများ ဘက်ပြောင်းနိုင်ရန် ကူညီပေးနေသည့် စစ်တပ်မှ ဗိုလ်ကြီးဟောင်း ထက်မြက်က အချို့ တပ်ရင်းများတွင် အင်အား ၁၃၀ ခန့်သာ ရှိတော့သည်ဟု Reuters ကို ဒီဇင်ဘာလတွင် ပြောသည်။ ၎င်းက ၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်သည်ဟု ပြောသည်။

 

စစ်တပ်၏ မြေပြင်တိုက်ပွဲ ရှုံးနိမ့်မှုများကြောင့် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီး သုံးနှစ်အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာဝန်မှ ဖယ်ရှားရန် အများသိတောင်းဆိုမှုများ မကြုံစဖူး မြင့်တက်လာသည်။

 

သူတို့ရဲ့ တပ်ဖွဲ့တွေ လျော့ပါး အားနည်းလာတာ၊ အဓိက တိုက်ပွဲတစ်ခုထက်ပိုပြီး တစ်ပြိုင်နက်တည်း တိုက်ဖို့ ဘယ်လောက်ခက်ခဲလာတယ်ဆိုတာ ဗိုလ်ချုပ်ကြီးတွေ သိတယ်

 

တပ်ဖွဲ့များ ပြန့်နှံ့ လျော့နည်းလာခြင်း

 

စစ်မှုမထမ်းမနေရ စုဆောင်းခြင်းဖြင့်ပင် စစ်တပ်သည် ၎င်း၏ လူအင်အားကို ပြန်လည်ဖြည့်တင်းရန် မဖြစ်နိုင်ပေဟု Crisis Group မှ Horsey က ပြောသည်။ "သူတို့မှာ တပ်ဖွဲ့ဝင်သစ် အမြောက်အများကို တပြိုင်နက်တည်း လေ့ကျင့်ပေးမယ့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်မှု မရှိဘူး။” ဟု ၎င်းက ပြောသည်။

 

တပ်သို့ဝင်မည့်အစား နိုင်ငံကို စွန့်ခွာသွားမည်ဟု စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၂ ဦးခန့်ကလည်း Reuters ကို ပြောသည်။ လုံခြုံရေးအရ ၎င်းတို့၏ အမည်ကို ဖော်ပြရန် ငြင်းဆိုခဲ့သည်။

 

လက်ရှိ အင်အားအရ စစ်တပ်သည် ရှေ့တန်းစစ်မျက်နှာများစွာတွင် ဆန့်ကျင်ဘက် တပ်ဖွဲ့များကို ထိရောက်စွာ တိုက်ခိုက်ရန် လူအင်အား မရှိဟု Griffith Asia Institute မှ အချိန်ပိုင်းပါမောက္ခ Andrew Selth က ဒီဇင်ဘာလ အကဲဖြတ်ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။

 

သူတို့ရဲ့ တပ်ဖွဲ့တွေ လျော့ပါး အားနည်းလာတာ၊ အဓိက တိုက်ပွဲတစ်ခုထက်ပိုပြီး တစ်ပြိုင်နက်တည်း တိုက်ဖို့ ဘယ်လောက်ခက်ခဲလာတယ်ဆိုတာ ဗိုလ်ချုပ်ကြီးတွေ သိတယ်။” ဟု မြန်မာ့အရေး အထူးသဖြင့် စစ်တပ်အကြောင်းကို ဆယ်စုနှစ်များစွာ လေ့လာခဲ့သူ Selth က ပြောသည်။

 

လေကြောင်းအသုံးပြုမှု၊ သံချပ်ကာနဲ့ လက်နက်ကြီး အသုံးပြုမှုတွေက စစ်အာဏာရှင်ကို အားသာစေပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ မြေပြင်က တပ်ဖွဲ့တွေကသာ နယ်မြေတွေ ပြန်ယူနိုင်တယ်။ လူထုကို စိုးမိုးနိုင်တယ်။”

 

AA နှင့် တိုက်ခိုက်နေသော ရခိုင်ပြည်နယ်တွင် အနည်းဆုံးမြို့ ငါးခုမှ စစ်တပ်ကို တွန်းလှန်ထုတ်နိုင်ခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA မှ ပြောခွင့်ရသူက ပြောသည်။

 

စစ်တပ်က နယ်မြေဆုံးရှုံးမှုကို အများသိစေရန် မှတ်ချက်ပေးခြင်း မရှိပါ။

 

သူတို့ ရခိုင်တိုက်ပွဲတွေဆီကို အရန်တပ်ဖွဲ့တွေ မပို့နိုင်ခဲ့ဘူး။” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက Reuters ကို ဖုန်းဖြင့် ပြောသည်။ "ဒါက သူတို့မှာ လုံလောက်တဲ့ အင်အား မရှိတော့ဘူးလို့ ဆိုလိုတာပဲ။”

 

ကိုးကား - Reuters

ပုံစာ - မတ်လ ၂၇ ရက် ၂၀၁၇ ခုနှစ် ၇၂ ကြိမ်မြောက် တပ်မတော်နေ့မှ မြန်မာစစ်သားများ။ (Photo:REUTERS/File Photo)

 

ပြည်သူ့စစ်မှုထမ်းဥပဒေ
ရခိုင့်တပ်တော်
အာဏာသိမ်းစစ်တပ်

Share With
bap-logo