bap-logo
Urban Life

နေစရာ ပျောက်သွားကြသူများ

qiDIQXYVTwfoElmTLhd3D-image

လွန်ခဲ့သော ၃ နှစ် က

စစ်ကောင်စီသည် ကျူးကျော်များကို လျော်ကြေးမပေးဘဲ မောင်းထုတ်ခြင်းများပြုလုပ်ပြီးနောက် တစ်နေ့စာ အတွက်ပင် စားစရာမရှိတော့သော အိမ်ထောင်စုများ ပေါ်ပေါက်လာသည်။ ကုန်ရောင်း၊ ကုန်ဝယ်ဖြင့် စည်ကား ကာ စီးပွား‌ရေးမြို့တော်ဟု တင်စားရသော လှိုင်သာယာမြို့နယ်တွင် အိမ်ထောင်စု အများအပြား စားဝတ်နေရေး ကြပ်တည်းမှုများကို ရင်ဆိုင်နေကြရသည်။

 

လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်အိမ်ထောင်စု အနည်းဆုံး နှစ်သောင်းခန့်သည် လျော်ကြေးမရဘဲ အဓမ္မ ပြောင်းရွှေ့ခံရသောကြောင့် နေထိုင်စရာဆုံးရှုံးမှုကို ရင်ဆိုင်နေကြရသည်။ စစ်ကောင်စီက အင်အား အများ အပြား အသုံးပြု၍ လက်နက်ပြ ခြိမ်းခြောက်ကာ ကျူးကျော်များကို ဖယ်ရှားခြင်းအား ခြောက်လအတွင်း လေးကြိမ်တိုင် ပြုလုပ်ခဲ့သည်။

 

၂၀၂၁ ဇူလိုင်လတွင် ရန်ကုန်-ပုသိမ် လမ်းမကြီး၏ စက်ရုံဘက်အခြမ်းရှိ ကျူးကျော်အိမ်များ၊ အောက်တိုဘာလ တွင် ထိုလမ်းမကြီး၏ လူနေရပ်ကွက်များဘက်ခြမ်းရှိ ကျူးကျော်အိမ်များ၊ နိုဝင်ဘာလတွင် အနော်ရထာ လမ်းမကြီးရှိ စက်ရုံဘက်ခြမ်းမှ ကျူးကျော်အိမ်များအားလုံးနှင့် မျက်နှာချင်းဆိုင် တစ်ခြမ်းမှ ကျူးကျော်အိမ် အနည်းငယ်၊ ဒီဇင်ဘာလတွင် ပီမိုးနင်းလမ်းမမှ အနောက်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်းအနီးအထိရှိသော ကျူးကျော်တဲများကို စစ်ကောင်စီက အဓမ္မ ခြိမ်းခြောက်ရွှေ့ပြောင်းစေခဲ့သည်။

 

ဓါတ်ပုံတောင်ရိုက်လို့မရဘူးဟု ပထမအကြိမ် ဖယ်ရှားခံရမှုတွင် ၎င်းအိမ်ပါသွားသော ဆိုင်ကယ် ကယ်ရီ သမား ကိုမင်းမင်း( အမည်လွှဲ ) က ဆိုသည်။

 

ဓါတ်ပုံတောင်ရိုက်လို့မရဘူးဟု ပထမအကြိမ် ဖယ်ရှားခံရ မှုတွင် ၎င်းအိမ်ပါသွားသော ဆိုင်ကယ် ကယ်ရီသမား ကိုမင်းမင်း( အမည်လွှဲ ) က ဆိုသည်။

 

 

ဆိုင်ကယ်လေး ရှိနေသေးသည့်အတွက် ဝင်ငွေရှိနေသေးသော ကိုမင်းမင်းသည် စစ်ကောင်စီ၏ မထင်သလို အဖမ်းအဆီးတွင်း ၎င်းဆိုင်ကယ်လေး ပါသွားမည်ကို စိုးရိမ်သည်။ ၎င်းတို့အသုတ်တွင် စစ်ကောင်စီအင်အား အများအပြားဖြင့် လမ်းများပိတ်ကာ ကျူးကျော်အိမ်များကို ဘူဒိုဇာဖြင့် ထိုးချဖျက်ဆီးကာ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

 

ဇူလိုင်အသုတ်တွင်မူအစိုးရစီမံကိန်းအတွက် ဖယ်ရှားပေးရန်ဟူသည့်စာပို့ခဲ့ပြီး ကျန်အသုတ်များတွင်ဖယ်ရှားပေးရန်သာပါသည့်စာပို့ကာ ရွှေ့ပြောင်းခိုင်းခဲ့ခြင်းဖြစ်သည်။

 

image

စစ်ကောင်စီက တစ်လချင်းဖယ်ခိုင်းခဲ့သော ကျူးကျော်ဧရိယာတစ်ခုစီသည် အနည်းဆုံး ပေတစ်ထောင် ဝန်းကျင် ခန့် ကျယ်သည်။ ခန့်မှန်းခြေအားဖြင့် ကျူးကျော်အိမ်ထောင်စုပေါင်း ငါးထောင်ဝန်းကျင်ခန့် နေထိုင်ခဲ့ကြသည်။

 

ထို့ကြောင့် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ အဓမ္မ မြေသိမ်းမှုကြောင့် လှိုင်သာယာမြို့နယ် အတွင်းရှိ အိမ်ထောင်စု အနည်းဆုံး နှစ်သောင်းခန့်သည် နေထိုင်စရာ ဆုံးရှုံးသွားခဲ့ပြီးဖြစ်သည်။ အလုပ်အကိုင် ရှားပါး၍ ဝင်ငွေအလွန်ကျဆင်းနေသောကာလတွင် ရုတ်တရက် နေစရာပါ ပျောက်သွားခြင်း ဖြစ်သည်။

 

အလုပ်လည်းမရှိဘူး။ ဘယ်ပြောင်းရမလဲလည်းမသိပါဘူးဟု ဦးအောင် (အမည်လွှဲ) က ပြောသည်။


ထိုကျူးကျော်ဧရိယာတွင် နေထိုင်ခဲ့ကြသူတို့သည် ဆောက်လုပ်ရေးနှင့် တောက်တိုမယ်ရ နေ့စားအလုပ်သမား များ ဖြစ်ကြသည်ဟု ဆိုသည်။ ကိုဗစ်နှင့် အာဏာသိမ်းမှု နှစ်ခု ဆုံနေသော လက်ရှိစီးပွားရေး ပျက်ကပ်အချိန်တွင် ၎င်းတို့အတွက် အလုပ်အကိုင် အလွန်ရှားပါးသွားသည်။ ဈေး‌ရောင်းနိုင်သော်လည်း အရင်းအနှီး မ‌ရှိသောကြောင့် ဈေးရောင်းရန်ပင်မတတ်နိုင်ကြောင်း တစ်ညီတည်း ဆိုကြသည်။

 

ပြန်စလာနေသော ဆောက်လုပ်ရေးလုပ်ငန်းများသည်လည်း နီးစပ်ရာနှင့် အသိအချိတ်အဆက်များကို ခေါ်သော ကြောင့် အလုပ်မရနိုင်ဟု အသက် ၂၀ အရွယ် မောင်မော်က ဆိုသည်။

 

သိပ်မကြာခင် မောင်မော်သည် ၎င်းအစ်မဖြစ်သူနှင့်အတူ အပျက်အစီးပုံမှ သွပ်၊ သံ၊ ဝါးချောင်း စသည့် ပစ္စည်းများ ထည့်ထားသောလှည်းကိုတွန်းကာ အဟောင်းဆိုင်သို့ ထွက်သွားသည်။

 

အိမ်များဖျက်ပြီး တစ်ပတ်ခန့်အတွင်း အပျက်အစီးပုံများအတွင်းမှ ကျန်ရစ်ခဲ့သော သစ်သား၊ သွပ်နှင့် ပြန်ရောင်း ရနိုင်သော ပစ္စည်းအဟောင်းများကို ရှာဖွေနေကြသူများ ရှိသေးသည်။

 

အပျက်အစီးပုံထဲမှ ကောက်ထားသော ထိုသစ်သားနှင့် အဟောင်းပစ္စည်းများမှာ ဟောင်းနွမ်းလွန်းသောကြောင့် ဝယ်သူရှိ၊ မရှိပင် မသေချာကြောင်း ပစ္စည်းအဟောင်းရှာဖွေနေသူ ဒေါ်မြမှီ(အမည်လွှဲ)က ပြောပြသည်။

 

အပျက်အစီးပုံထဲမှ ကောက်ထားသော ထိုသစ်သားနှင့် အဟောင်း ပစ္စည်းများမှာ ဟောင်းနွမ်းလွန်းသောကြောင့် ဝယ်သူရှိ၊ မရှိပင် မသေချာကြောင်း ပစ္စည်းအဟောင်းရှာဖွေနေသူ ဒေါ်မြမှီ (အမည်လွှဲ)က ပြောပြသည်။

 


ဤအပျက်အစီးများသည် ထိုနေ့အတွက် ဒေါ်မြမှီ၏ ထမင်းဖိုးဖြစ်သည်။

 

၎င်းကောက်ထားသော အပျက်အစီးများရောင်းထွက်ပြီး ပိုက်ဆံရမှ စားစရာဝယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပစ္စည်းကောက်နေရင်းနှင့်ပင် အနားမှဖြတ်သွားသူများအား သူကောက်ထားသည့် ပစ္စည်းများကို မိတ်ဆက်ရင်း အော်ရောင်းနေသေးသည်။ ဝယ်သူရှိ၊ မရှိမသေချာသည့် ထိုပစ္စည်းများကို အဟောင်းဆိုင်သို့ သယ်သွားရန် ယာဉ်တစ်ခုခုလည်း ဒေါ်မြမှီတွင် မရှိပေ။

 

image

 

ပီမိုးနင်းလမ်းဘေးမှ ကျူးကျော်မိသားစုများထံ ရပ်ကွက်ရုံးမှတဆင့် ရောက်လာသည့် ဖယ်ရှားပေးရန် စာအရ ပြောင်းရွှေ့ရန် သုံးရက်သာ အချိန်ရခဲ့သည်။

 

လမ်းပေါ်တွင် ဖြစ်သလိုနေထိုင်ရသည်မှာ အဆင်မပြေနိုင်သည့် အမျိုးသမီးငယ်များနှင့် ကလေးများကို ဆွေမျိုး အိမ်ပို့ခြင်း၊ ရွာပြန်နေထိုင်ကြခြင်း၊ အရေးပေါ်အဆောင်ငှားကာ နေထိုင်ခြင်းများနှင့် ဖြေရှင်းထားသော်လည်း ကျန်မိသားစုဝင်များမှာ အိမ်ဖျက်ပြီး တစ်ပတ်ကြာသည့်တိုင် ဘယ်ဆီနေရမှန်း မသိသေးသည့် ကျူးကျော် မိသားစု အများအပြားပင်။

 

အဆောင်များနှင့် အိမ်ငှားများမှာ လူဦးရေအကန့်အသတ်ရှိသောကြောင့် မိသားစုဝင်တိုင်း လိုက်သွားနေရန် လည်း မဖြစ်နိုင်ပေ။ အချို့မှာ လမ်းဘေးတွင်ပင် တဲထိုးနေကြပြီး လာဖယ်ခိုင်းမည့်ရက်ကို တထိတ်ထိတ် စောင့်ရင်း နောက်တစ်နေရာအတွက် ပြင်ဆင်ခဲ့ကြရသည်။

 

လှိုင်သာယာမြို့နယ်သည် ဧရာဝတီတိုင်းအတွင်းမှ ရန်ကုန်တိုင်းသို့ ပြောင်း‌ရွှေ့နေထိုင်သူ ဦးရေ အများဆုံးရှိသည်။ အများစုမှာ ဧရာဝတီတိုင်းတွင် စားဝတ်နေရေးခက်ခဲသောကြောင့် အလုပ်အကိုင် ပေါများရာ လှိုင်သာယာမြို့နယ် သို့ ပြောင်းရွှေ့ လာကြခြင်း ဖြစ်သည်။

 

ထိုပြောင်းရွှေ့ကျက်စားရာတွင် နေစရာပါပျောက်သွားသောအခါ နယ်ပြန်ရန် ဖြစ်လာခဲ့ကြသည်။ နယ်ပြန်ကြ သည်ဟုဆိုခြင်းသည် ၎င်းတို့၏ စားဝတ်နေရေးကြပ်တည်းမှုမှ လွတ်မြောက်သွားသည်ဟု မမှတ်ယူနိုင်ပေ။

 

image

 

နယ်ပြန်ရန်မှာလည်း မလွယ်ကူလှပါ။ အလုပ်တစ်ခုခုရရန်မှာ ရန်ကုန်ထက် ရှားပါးသည်။

 

သို့ရာတွင် နယ်တွင် မြေလွတ်များ၌ ခွင့်တောင်းနေထိုင်နိုင်ခြင်းနှင့် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခံရခြင်းမှ စိုးရိမ် ကြောက်လန့်ရခြင်း ဘေးမရှိသောကြောင့်ဟု ဆိုကြသည်။

 

နယ်တွင် မြေလွတ်များ၌ ခွင့်တောင်းနေထိုင်နိုင်ခြင်းနှင့် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခံရခြင်းမှ စိုးရိမ်ကြောက်လန့် ရခြင်း ဘေးမရှိသောကြောင့်ဟု ဆိုကြသည်။

 

၎င်းတို့နယ်တွင် ဆွေမျိုးများရှိသောကြောင့် သူတို့ပေးကျွေးတာနှင့် မငတ်နိုင်ဟု မောင်မော်၏ အစ်မ ဖြစ်သူက သုံးသပ်သည်။

 

မောင်မော်၏မိသားစုဝင်များမှ အမျိုးသမီးများတွင် အစ်မဖြစ်သူတစ်ဦးသာ အလုပ်နှင့် ဝင်ငွေရှာရန် ရန်ကုန်တွင် ကျန်ခဲ့ပြီး ကျန်အမျိုးသမီးမိသားစုဝင်များကို နေထိုင်ရာမှ ဖယ်ရှားပေးရန် စာရစဉ်ထဲက နယ်ပို့လိုက်သည်ဟု မောင်မော်ကပြောပြသည်။ အမျိုးသမီးများသည် ဖြစ်သလိုနေလို့မရဘဲ လုံခြုံရေးကြောင့်လည်းပါသည်ဟု မောင်မော်နှင့် သူ့အဖေက ဆိုသည်။

 

အခြားပြောင်းစရာမရှိသောကြောင့် လာမပြောမချင်း မဖယ်သေးဟူသောအစီအစဉ်ဖြင့် အပျက်အစီးပုံ အနီး တစ်ဝိုက် ကားလမ်းမဘေးတွင် ရွက်ဖျင်တဲထိုးနေခဲ့ကြသူများလည်းရှိသည်။

 

ထိုအပျက်အစီးပုံဘေးနေထိုင်နေကြသောသူများကို ဖယ်ပေးရန် စစ်ကောင်စီဘက်က သတိပေးခဲ့သည်။

 

သို့သော် မပြောင်းနိုင်သေးသောကြောင့် ကြောက်နေရကြောင်း လေးနှစ်အရွယ် ကလေးတစ်ဦးအဖေ ဦးမိုးက ပြောသည်။ AIDS ရောဂါခံစားနေရသူ ဦးမိုးက ၎င်းတို့ သားအဖသည် နေ့ဘက်တွင် အပျက်အစီးပုံဘေးရှိ တဲတွင်နေသော်လည်း ညဘက်တွင် အနီးရှိဘုန်းကြီးကျောင်းဘေးတွင် သွားအိပ်ခဲ့ရသည်ဟု ဆိုသည်။

 

တစ်ညတွင် နေစရာမရှိ၍ လမ်းဘေးအိပ်နေသူသုံးဦးကို စစ်ကောင်စီတပ်များက ဖမ်းသွားပြီး တစ်ဦး နှစ်သောင်း နှင့် လာထုတ်ခိုင်းခဲ့သည်။ ပိုက်ဆံမရှိ၍ လမ်းဘေးအိပ်နေကြသည်ဖြစ်သောကြောင့် ထိုလူများကို မထုတ် နိုင်သည့် အဖြစ်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

 

image

 

ဒေါ်မြကြိုင်(အမည်လွှဲ)တို့ လင်မယားသည် အပျက်အစီးပုံအနီး လမ်းဘေးတွင် မိုးကာတဲထိုးနေခဲ့ပြီး ၎င်းတို့ကို မနေနဲ့တော့ဟု လာရောက်ပြောမှသာ ဖယ်မည်ဟုဆိုသည်။

 

ယခင်က အတူနေခဲ့သောသားသမီးနှင့် မြေးများမှာ အဆောင်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။


ယခင်က စုနေသောကြောင့် တစ်အိုးတည်းစားကာ စားစရိတ်သိပ်မကုန်သော်လည်း ယခုတွင် မိသားစု များ နေရာကွဲနေပြီး သီးခြားစီ စားသောက်ရသောကြောင့် စားစရိတ်ပိုကုန်ကြောင်း ပြောပြသည်။

 

အိမ်ထောင်ခွဲ သားသမီးများကလည်း ယခုအခါစားစရိတ်ပင် ၎င်းတို့ကို မထောက်ပံ့နိုင်တော့ပေ။ ညဘက်များ တွင် ဒေါ်မြကြိုင်သည် ရပ်ကွက်များအတွင်းဝင်ကာ ရေသန့်ဗူးနှင့် စွန့်ပစ်ထားသော ပစ္စည်း အတိုအစများ ကောက်ကာ အဟောင်းဆိုင်သို့သွင်းပြီး ဝင်ငွေရှာသည်။ အချို့ရပ်ကွက်ကလူများက သူ့ကိုသိနေကာ ၎င်းတို့ ပစ္စည်းအဟောင်းများ ပေးလိုက်သည်လည်းရှိသည်။ အလုပ်နှင့် ဝင်ငွေသည် ရန်ကုန်တွင် ပိုအဆင်ပြေသော ကြောင့် တတ်နိုင်သလောက် ရန်ကုန်တွင်နေပြီး အဆိုးဆုံးအခြေအနေမှသာ နယ်သို့ပြန်ရန်စီစဉ်ထားကြောင်း လင်မယား နှစ်ယောက်လုံးက ဆိုကြသည်။

 

အရင်နှစ်က နှစ်ကုန်တော့ ကျူးကျော်တွေပဲ စီစဉ်တာ။ ဘုန်းကြီးတရားပွဲလုပ်တယ်၊ ဘုန်းကြီးက ဟောတာ။ ဘုန်းကြီးတို့နိုင်ငံမှာ နိုင်ငံခြားသားက မြေပိုင်ယာပိုင်နဲ့ ကိုယ့်နိုင်ငံသားကျတော့ ကျူးကျော်ဖြစ်တယ်တဲ့ဟု ဒေါ်မြကြိုင်(အမည်လွှဲ) က ပြန်ပြောပြသည်။

 

အရင်နှစ်က နှစ်ကုန်တော့ ကျူးကျော်တွေပဲ စီစဉ်တာ။ ဘုန်းကြီးတရားပွဲလုပ်တယ်၊ ဘုန်းကြီးက ဟောတာ။ ဘုန်းကြီးတို့ နိုင်ငံမှာ နိုင်ငံခြားသားက မြေပိုင်ယာပိုင်နဲ့ ကိုယ့်နိုင်ငံသား ကျတော့ ကျူးကျော်ဖြစ်တယ်တဲ့ဟု ဒေါ်မြကြိုင် (အမည်လွှဲ) က ပြန်ပြောပြသည်။

 

ပြောရင်း ၎င်း၏ယာယီတဲ ဟိုဘက်ကားလမ်းတွင်ရှိနေသော တရုတ်နိုင်ငံသားပိုင် စက်ရုံဝင်းကို မျက်လုံး ရောက်သွားသည်။ သိပ်မကြာခင်ရက်များတွင် စစ်ကောင်စီ၏ စည်ပင်ဌာနသည် ထိုကျူးကျော် ဧရိယာကို သွပ်ပြားအပြာများဖြင့်ကာကာ အစိုးရပိုင်မြေဟူသော သတိပေး ဗွီနိုင်းများကိုချိ တ်ဆွဲပြီး အထဲဝင်ခွင့် ပိတ်လိုက်တော့သည်။

 

ထိုကာလများနောက်ပိုင်းတွင် လှိုင်သာယာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ထန်းတပင်မြို့နယ်မှ ရွာများတွင်တော့ လုံးချင်းအဆောင်၊ အခန်းလိုက်အဆောင်စသည်ဖြင့် အဆောင်အသစ်များ ပေါများလာခဲ့ပြီး အဆောင်ငှားခြင်း လုပ်ငန်းလည်း ပိုမိုတွင်ကျယ်လာကာ ကျယ်ပြန့်လာတော့သည်။

 

ဦးဝင်း(အမည်လွှဲ)သည် ဒီဇင်ဘာတွင် ဖျက်သိမ်းခဲ့ရသော ပီမိုးနင်းလမ်းဘေး ကျူးကျော်ရပ်ကွက်ရှိရာမှ ခပ်လှမ်းလှမ်းရှိ အုတ်ခုံပေါ်တွင်ထိုင်ကာ အပျက်အစီးပုံများကြားသို့ ကြည့်နေသည်။

 

၎င်းသည် ထိုကျူးကျော်ဧရိယာအနီးရှိ အဆောင်တစ်ခုတွင် ငှားရမ်းနေထိုင်ပြီးဖြစ်သောကြောင့် နေစရာ မပျောက်ပေ။ သို့သော်လည်း ၁၀ နှစ်ခန့် နေခဲ့သောအိမ်အဟောင်းရှိရာ ထိုအရပ်သို့ငေးရင်းလွမ်းနေဆဲ ဖြစ်သည်။

 

အဲ့နေရာလေးကိုလွမ်းလို့လေ၊ ဒီအုတ်ခုံလေးမှာပဲ လာကြည့်နေတာ။ အနားသွားရင်မခံစားနိုင်လို့ဟု ဆိုသည်။

 

ဦးဝင်း၏အိမ်သည် ပီမိုးနင်းလမ်းဘေးရှိ ကျူးကျော်ဧရိယာအတွင်းတွင်ရှိခဲ့ပြီး ဆယ်နှစ်ခန့် နေထိုင်ခဲ့သည်ဟု ပြောသည်။ ထိုအိမ်သည် ဒီဇင်ဘာတွင် လုပ်ခဲ့သည့် စစ်ကောင်စီ၏ ကျူးကျော်ဖယ်ရှားမှု စီမံချက်တွင် ဖယ်ရှား ရှင်းလင်းခံခဲ့ရသည်။

 

အိမ်ပိုင်မရှိတော့သော်လည်း ဈေးရောင်းပြီး ဝင်ငွေရှာကာ ကြိုးစားဦးမည့် ဦးဝင်းသည် ဖျက်သိမ်းခံ ကျူးကျော် မိသားစုများတွင် အခြေအနေမဆိုးဟု ဆိုနိုင်သည်။ ရုတ်တရက်ရွေ့ပြောင်းခဲ့ရသူ အများစုမှာ စားစရိတ်ထဲမှနေ၍ နေစရာစီစဉ်ခဲ့ကြရသည်။ ထို့ကြောင့် စားစရိတ် မကျန်ကြတော့ပေ။

 

ကိုဗစ်နှင့် နိုင်ငံရေးအခက်အခဲများကြောင့် မြန်မာ့လူဦးရေ ၅၅ သန်း၏ တစ်ဝက်နီးပါးသည် ၂၀၂၂ အစောပိုင်းမှ စတင်ပြီး ဆင်းရဲမွဲတေမှုကိုခံစားရမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က အသိပေးထားသည်။ ၂၀၂၁ နိုဝင်ဘာတွင် ထုတ်ပြန်ခဲ့သည့် ကိုဗစ်နှင့် နိုင်ငံရေးကပ်နှစ်ခုသည် မြန်မာနိုင်ငံသားများ၏ သက်သာချောင်ချိရေး အပေါ် သက်ရောက်မှုအစီရင်ခံစာတွင် ထိုသို့ သတိပေးထားခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မြို့ပြဆင်းရဲမွဲတေမှုနှင့် ကလေးသူငယ်ဆင်းရဲမွဲတေမှုသည် သုံးဆမြင့်တက်သွားမည် ဖြစ်သည်။ ထိုမွဲတေမှုကြောင့် မြို့ပြ၏ လုံခြုံရေးအခြေအနေကိုပါ သက်ရောက်မှုရှိမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်က အသိပေးထားသည်။

 

ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးပြီးလျှင် ဧရာဝတီတိုင်းသည် ဆင်းရဲမွဲတေသူ ဦးရေအမြင့်ဆုံးဖြစ်မည် ဟုလည်း ဆိုထားသည်။ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသများတွင် ဆက်လက်ဆင်းရဲမွဲတေမှု မြင့်မားမည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့များတွင် ပိုမိုဆင်းရဲမွဲတေလာမည်ဟု ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် ကျူးကျော်ဟု သတ်မှတ်ခြင်းခံရသည့် လူတန်းစားပြဿနာသည် မကြာသေးမီ ကာလအတွင်းမှ စတင်ခဲ့သည်တော့ မဟုတ်ပေ။

 

အာဏာရှင်နေဝင်း လက်ထက်တွင်လည်း ရန်ကုန်မြို့မှ မြေဂရမ်မရှိဘဲ နေကြသည့်မြို့စွန်မှ အိမ်ထောင်စု အချို့ကို ကျူးကျော်ဟုသတ်မှတ်ကာ လျော်ကြေးမပေးဘဲ ဖယ်ရှားခဲ့ပြီး ယင်းနေရာတွင် အိမ်ရာစီမံကိန်းများ ဆောက်ခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

ကိုလိုနီခေတ် အခြေခံဥပဒေပုံစံကို ဆက်သုံးခဲ့သည့် မြန်မာ့အစိုးရဆက်ဆက်၏ မြေယာဥပဒေများအရ ကျူးကျော်များကို မြေယာမဲ့ဟုသတ်မှတ်ထားသော်လည်း ၎င်းတို့သည် ဤနိုင်ငံမြေတွင်ပင် မွေးဖွား ကြီးပြင်းကြသည့် နိုင်ငံသားများဖြစ်ကြသည်။ မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံတွင်ပင် နေစရာ မရှိကြသည့်အဖြစ်အတွက် အစိုးရအဆက်ဆက် ထိရောက်သည့်ဖြေရှင်းချက် မရှိခဲ့ပါ။

 

ပုံစာ- စစ်ကောင်စီ၏ အဓမ္မ ရွေ့ပြောင်းခြင်းကိုခံခဲ့ရသည့် လှိုင်သာယာမြို့နယ်၊ ပီမိုးနင်းလမ်းဘေးရှိ အိမ်ထောင်စုများ (ဓာတ်ပုံ - ဂျိုဆက်ဖင်း)


Burma Associated Press

စစ်ကောင်စီ
ရန်ကုန်
မြေသိမ်း
မြန်မာ

Share With
bap-logo