bap-logo
Urban Life

လူစီးကြောင်း လှည်းတန်း

-0kGz98YAs4VB_qN_Nuu6-image

လွန်ခဲ့သော ၂ နှစ် က

ဘတ်စ်ကားပေါ်မှ ဆင်းပြီး ခြေလှမ်း သုံး၊ လေးလှမ်းမျှ လှမ်းလိုက်သည့် အချိန်အတွင်းမှာပင် လှည်းတန်းသည် ခါတိုင်းနှင့်မတူ တမူထူးခြားနေသည်ဟု မြင့်ဝင်းသာ စိတ်ထဲတွင် ခံစားလိုက်ရသည်။

 

အင်းစိန်လမ်းမတစ်လျှောက် ကားများပိတ်နေသဖြင့် မြင့်ဝင်းသာသည် လှည်းတန်းရောက်ရန် တစ်မှတ်တိုင် အလိုဖြစ်သည့် စံရိပ်ငြိမ်မှတ်တိုင်တွင် ဆင်းပြီး လှည်းတန်းဘက်ကို လမ်းလျှောက်လာခဲ့ခြင်း ဖြစ်သည်။


ယခုတော့ လမ်းပေါ်တွင် ကားပင်မက လူများပါပိတ်ကျပ်နေသည်ကို တွေ့လိုက်ရ၏။

 

ပလပ်ဖောင်းပေါ်တွင် လမ်းလျှောက်စရာနေရာ မရှိတော့သဖြင့် လမ်းသွားလမ်းလာများမှာ ကားလမ်းမပေါ်သို့ ပင် လျှံကျနေလေသည်။

 

မြင့်ဝင်းသာ ရန်ကုန်တွင် နေထိုင်သည့် ခုနှစ်တာကာလအတွင်း ရုံးဖွင့်ရက်ရော ရုံးပိတ်ရက်များတွင်ပါ လှည်းတန်း ကို မကြာခဏရောက်ဖူးသည်။ လှည်းတန်းသည် ပုံမှန်အားဖြင့် လမ်းသွားလမ်းလာများ၊ လမ်းဘေးစျေးသည် များဖြင့် စည်ကားရာအရပ်ဖြစ်သော်လည်း တစ်ခါမှ သည်လောက်အထိ လူကြိတ်ကြိတ်တိုးနေသည်ကိုတော့ မမြင်ဖူးသေး။


ယခုမူ သမုဒ္ဒရာကြီးအတွင်း လားရာမတူညီသည့် ရေစီးကြောင်းနှစ်ခု ပွတ်တိုက်စီးဆင်းနေသကဲ့သို့ လှည်းတန်း ကို ဦးတည်နေသည့် ပလက်ဖောင်းပေါ်တွင် လူရေစီးကြောင်းနှစ်ခု ပွတ်တိုက်သွားလာနေကြသည်ကို တွေ့ရသည်။

လမ်းပေါ်တွင် လူများထပ်နေသဖြင့် လမ်းကောင်းကောင်းလျှောက်၍ မရချင်။ ခြေနှစ်လှမ်းမျှ လျှောက်ပြီးတိုင်း ရှေ့ကလာသည့် လူကို ဖယ်ပေးနေရသည်။ တချို့နေရာတွင် မျက်နှာချင်းဆိုင်က လာသည့်လူနှင့် သူဖယ်နိုးနိုး ကိုယ် ဖယ်ရနိုးနိုး။  

 

မြင့်ဝင်းသာနှင့်အတူ လမ်းလျှောက်နေသူအများစုမှာ လူငယ် ယောကျ်ားပျို၊ မိန်းမပျိုများ ဖြစ်ကြသည်။

 

နီညိုရောင် ချိတ်ထမီဝမ်းဆက်ဝတ်ထားသည့် အမျိုးသမီးများ၊ ဆွယ်တာလက်ပြတ်၊ ဂျင်းဘောင်းဘီ ဝတ်ထား သည့် ကိုယ်လုံးကိုယ်ပေါက်လှသည့် မိန်းမပျိုများ၊ လျှာထိုးဦးထုတ်ကို နောက်ပြန်ဆောင်း ကျောပိုးအိတ် ဘေးစောင်းလွယ်ကာ ခပ်ငိုက်ငိုက်လျှောက်လာသည့် အမျိုးသားများ၊ လမ်းသွားရင်း စီးကရက်ခဲသွားကြသည့် လူငယ်ယောကျ်ားလေးများ၊ ဘန်ကောက်ပန်းထိုးဂါဝန်ဝတ်ထားသည့် အမျိုးသမီးလေးများ စသဖြင့် အရောင် အသွေး စုံလှသည်။

 

လမ်းလျှောက်နေသူများရှိသကဲ့သို့ လမ်းဘေးတွင် မတ်တပ်ရပ်နေသူ ထိုင်နေသူများကိုလည်း တွေ့ရသည်။ လမ်း ဘေး တစ်နေရာတွင်တော့ ဆံပင်ရှည်ကို အလယ်ခွဲထားသည့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်သည် ဆောင့်ကြောင့်ထိုင်၍ ကောင်မလေး၏ ပန်းရောင်ဖိနပ်ကို ကြိုးချည်ပေးနေသည်။ လမ်းသွားလမ်းလာများက ၎င်းတို့ကို ကြည့်သွားကြသဖြင့် ကောင်မလေး၏ မျက်နှာမှာ ပြုံးစိစိဖြင့် ပီတိဖြစ်နေ၏။

 

တစ်နေရာတွင်တော့ အနီရောင် ရှပ်အင်္ကျီခပ်နွမ်းနွမ်းဝတ်ထားသည့် အမျိုးသမီးသည် အုတ်ခုံပေါ်ထိုင်ပြီး လင် ယောကျ်ားကို သန်းတုပ်ပေးနေသည်ကို တွေ့ရသည်။ ထိုအမျိုးသမီးသည် လင်၏ ဦးခေါင်းပေါ်က ဆံပင်ကို ဖြဲကား၍ သန်းများကို ရှာဖွေနေရင်းကနေ တစ်နှစ်သားအရွယ်ကလေးငယ်ကို ရင်ခွင်ထဲ ထည့်ကာ နို့တိုက်နေ၏။


နောက်တနေရာတွင်မူ ခွေးအကဲ့သို့ အစက်အပြောက်များဖြင့် အရောင်မွဲခြောက်နေသည့် ခွေးတစ်ကောင်သည် နီညိုရောင် ခွေးမကို အနောက်မှနေ၍ မိတ်လိုက်ဖို့ကြိုးစားနေသည်။

 

လမ်းလယ်တွင်ရှိနေသည့် ထိုခွေးနှစ်ကောင်ကို လူများက ရှောင်ကွင်းသွားကြ၏။

 

လူတွေရော ခွေးတွေပါ တရုန်းရုန်းနဲ့ ရိုမန်တစ်ဆန်နေတဲ့ လမ်းပဲဟု မြင့်ဝင်းသာ ကောက်ချက်ချမိတော့သည်။

 

လူတွေရော ခွေးတွေပါ တရုန်းရုန်းနဲ့ ရိုမန်တစ်ဆန်နေတဲ့ လမ်းပဲဟု မြင့်ဝင်းသာ ကောက်ချက်ချမိတော့သည်။

 

သို့ဖြင့် မြင်းဝင်းသာသည် လှည်းတန်းမှတ်တိုင်ဘေးက ဦးထွန်းလင်းခြံလမ်းထိပ်သို့ ရောက်ရှိသွားသည်။ ထိုအခါ ထပ်မံတွေ့လိုက်ရသည့် မြင်ကွင်းကြောင့် တဒင်္ဂမျှ မှင်သက်သွားလေသည်။

 

ခုဏက တွေ့ခဲ့သည့် လူပမာထက် နှစ်ဆသုံးဆခန့် ပိုများသည့် လူရေစီးကြောင်းများ။

 

ဦးထွန်းလင်းခြံလမ်းသည် အင်းစိန်လမ်းမပေါ်ကနေ အောက်သို့ လျှောဆင်းသွားသည့် လမ်းဖြစ်ရာ လမ်းထိပ်က ကြည့်လိုက်လျှင် လမ်းအတွင်းပိုင်းအထိ အပေါ်စီးကနေ မြင်ရသည်။

 

မိုးရွာသွန်းပြီးနောက် ရေများသည် တောင်ကြားမှနေ၍ လျှိုတစ်ခုအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွား သကဲ့သို့ ဦးထွန်းလင်း ခြံလမ်းထဲသို့ လူများတရွေ့ရွေ့ လျှော့ဆင်းသွားသည်ကို လမ်းထိပ်တွင် ရပ်နေရင်း မြင့်ဝင်းသာ တွေ့နေရသည်။ မြင်တွေ့ရသမျှအားလုံးနီးပါး လူငယ်များဖြစ်ကြရာ တောထဲ၌ စစ်တိုက်နေသည့် လူမှ ကျန်ပါသေးရဲ့လားဟုပင် တွေးလိုက်မိလေသည်။

 

သို့ဖြင့် မြင့်ဝင်းသာသည် လူမြစ်ကြီးအတွင်း အလိုက်သင့် စီးမြောငေးမောရင်း ငယ်သူငယ်ချင်းဖြစ်သူ မောင်ခန့် နှင့် ချိန်းထားသည့် လဖက်ရည်ဆိုင်သို့ ရောက်သွားတော့၏။

 

ရန်ကုန်ရှိ မြေအောက်လှုပ်ရှားမှုလုပ်ငန်းများတွင် လျှို့ဝှက်စွာပါဝင်လုပ်ကိုင်နေသည့် မြင့်ဝင်းသာသည် ၎င်းနှင့် တစ်ပတ် သို့မဟုတ် နှစ်ပတ်လျှင် တစ်ကြိမ်ခန့် လဖက်ရည်ဆိုင်တွင်ဆုံရင်း ထွေရာလေးပါး ပြောလေ့ရှိသည်။ ခါတိုင်းကတော့ ရပ်ကွက်ဆိုင်များတွင် ထိုင်သော်လည်း ယခုတခေါက်တွင် စာအုပ်ဝယ်စရာရှိသဖြင့် စာအုပ် ဆိုင်များ ရှိရာ ဦးထွန်းလင်းခြံလမ်းသို့ ချိန်းလိုက်ခြင်းဖြစ်သည်။

 

ငါသွားရတော့မယ့်ကွ။

 

မြင့်ဝင်းသာတစ်ယောက် ထိုင်ခုံပေါ်မထိုင်ရသေးခင်မှာပင် မောင်ခန့်သည် ပြောချင်သည့်စကားများကို မအောင့် နိုင်တော့သည့်အလား ဖွင့်ချလိုက်သည်။

 

သည်ကောင့်မျက်နှာမှာ ခါတိုင်းတွေ့တုန်းကနှင့် မတူဘဲ လန်းဆန်းရွှင်ပြုံးနေသည်ကို မြင့်ဝင်းသာ သတိထားမိ သည်။

 

ဘယ်ကို သွားမှာလဲဟ

 

ဘယ်ကို ရမလဲ ဂျပန်ကိုပေါ့။

 

သည်ကောင် ဂျပန်သွားဖို့ ကြိုးစားနေသည်မှာ ကြာပြီ။ ကြာဆို တစ်နှစ်တောင်ရှိတော့မည်။ မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ်နောက်ပိုင်း ကြီးပြင်းလာသူအများစု၏ ပန်းတိုင်မှာ နိုင်ငံခြားသွားဖို့ပင်ဖြစ်ရာ မောင်ခန့် နိုင်ငံခြား သွားမည့် ကိစ္စမှာ ဆန်းကြယ်သည့်အရာတော့ မဟုတ်ပေ။

 

မောင်ခန့်သည် လေကြောင်းပညာသိပ္ပံ့ဘွဲ့ဖြင့် ကျောင်းပြီးထားသူဖြစ်သည်။

 

ဟုတ်လားဟု မြင့်ဝင်းသာ ပြန်ဖြေရင်း ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

 

လဖက်ရည်ဆိုင်ထဲ ထိုင်နေကြသူတွေကိုကြည့်လိုက်တော့လည်း အများစုမှာ လူငယ်များသာ ဖြစ်နေသည်ကို တွေ့ရသည်။

 

ဒီနားတစ်ဝိုက် လူငယ်တွေ များလိုက်တာကွာ တောထဲမှာ လူငယ်တွေ ကျန်မှ ကျန်ပါ့ဦးမလား မသိဘူးဟု မြင့်ဝင်းသာသည် လမ်းတစ်လျှောက် တွေးခဲ့သည့် အတွေးစများကို ဖွင့်ထုတ်လိုက်၏။

 

၎င်းက စီးကရက်ငွေ့များကိုမှုတ်ထုတ်ပြီး တစ်ချက်ပြုံးရယ်လျက်

 

မင်းက အိမ်ထဲမှာပဲ အောင်းနေတာကိုး။ အပြင်လေး ဘာလေးထွက်ကြည့်ဦး။ ရန်ကုန်က ခါတိုင်းထက် လူပိုများ နေပြီ။

 

ဟင်ဘာဖြစ်လို့လဲဟ။ ဒီလောက် ခိုးဆိုးလုနှိုက်များနေတဲ့နေရာကို

 

သေနတ်ကိုင်ပြီး ရမ်းချင်တိုင်းရမ်းနေသူများ၏ မျက်စိဒေါက်ထောင့် ကြည့်ရှူခံရမှု၊ ဓါးထိုးလုယက်မှု၊ အုပ်စုဖွဲ့ ဓါးပြတိုက်မှုများအပြင် ဒုစရိုက်မှုပေါင်းစုံဖြစ်နေသည့် ရန်ကုန်မြို့ကြီးတွင် နေထိုင်သူ ပိုများလာသည်ဆိုသည့် အပေါ် သံသယဖြစ်မိသဖြင့် မြင့်ဝင်းသာ မေးလိုက်ခြင်းဖြစ်သည်။

 

နယ်ဘက်မှာ တိုက်ပွဲတွေနဲ့ မငြိမ်းချမ်းတော့ အကုန်လုံး ရန်ကုန်ကို တက်လာကြတာလေ. စစ်ကိုင်းမကွေး. နေရာအစုံကပဲ။ အောက်ပြည်ကလည်းပါတယ်။ ငါတို့ အဆောင်ကိုတောင် ဟိုနေ့က စစ်ကိုင်းက လူတွေ ရောက် လာသေးတယ်။ ဂျပန်သွားဖို့ သင်တန်းလာတက်တာတဲ့။ ဒီအချိန်မှာ အကုန်လုံးက နိုင်ငံခြားသွားဖို့ပဲ လုပ်နေ ကြတာ။

 

အခုမင်း လမ်းမှာ မြင်ခဲ့တဲ့ လူတွေအများစုကလည်း ဒီမှာ ဂျပန်သင်တန်းလာတက်တဲ့သူတွေကြီးပဲ။ သင်တန်း ဖွင့်ရက် ဆိုတော့ လူများတာပေါ့။ အခု ဆိုင်ထဲမှာ ထိုင်နေတဲ့သူတွေလည်း ဂျပန်သွားမယ့် သူတွေချည်းပဲ။

 

အခုမင်း လမ်းမှာ မြင်ခဲ့တဲ့ လူတွေအများစုကလည်း ဒီမှာ ဂျပန်သင်တန်း လာတက်တဲ့သူတွေကြီးပဲ။ သင်တန်း ဖွင့်ရက် ဆိုတော့ လူများတာပေါ့။ အခု ဆိုင်ထဲမှာ ထိုင်နေတဲ့သူတွေလည်း ဂျပန်သွားမယ့် သူတွေချည်းပဲ။

 

မောင်ခန့် ပြောလိုက်သဖြင့် မြင့်ဝင်းသာ ဆိုင်ထဲကို နောက်ထပ်တစ်ကြိမ် ဝေ့ကြည့်လိုက်သည်။

 

ဆိုင်ထဲတွင် ခုံနေရာလွတ်ပင်မရှိ။ ခုံများပေါ်တွင် ဂျပန်စာလုံးဖြင့် ပုံနှိပ်ထားသည့် စာအုပ်အချို့ကို တွေ့ရသည်။ မြင့်ဝင်းသာတို့ ဘေးကခုံတွင် အသက် ၂၆ နှစ်ခန့်ရှိသည့် လူငယ်တစ်ဦးသည် ဂျပန်သင်ခန်းစာတစ်ခုကို ခေါင်းငုံ့ ပြီး သဲကြီးမဲကြီးဖတ်နေ၏။

 

တိုးတက်ချင်သည့် လူငယ်များသည် ပညာသင်ယူချင်သည်။ လွပ်လပ်ခြင်း၏ အရသာကို နှစ်ခြိုက်ကြသည်။ လွပ်လွပ်လပ်လပ်နေရခြင်းကို တန်ဖိုးထားသည်။ အနာဂါတ်ကို ညစ်ထေးစေမည့် အနှောင်အဖွဲ့များကို မခံလို။ ထို့ ကြောင့် အချိန်ရှိသ၍ လွတ်မြောက်ဖို့ လမ်းစကို ရှာဖွေနေကြ၏။

 

လတ်တလော ခေတ်ပျက်ကာလ မြန်မာပြည်မှ လူငယ်များကိုကြည့်လျှင် စစ်အာဏာရှင်ကို တိုက်နေသူနှင့် နိုင်ငံခြားထွက်ဖို့ ကြိုးစားနေသူဆိုပြီး အဓိက အုပ်စုကြီးနှစ်စုအဖြစ် မြင်ကြည့်လို့ရသည်။

 

တော်လှန်နေသူနှင့် နိုင်ငံခြားထွက်ဖို့ ကြိုးစားနေသူတွင် နိုင်ငံခြားထွက်ဖို့ ကြိုးစားနေသူက ပိုများလိမ့်မည် ထင်သည်။

 

ယခုအချိန်၌ အဓိကကျသည့် လမ်းနှစ်ခုကို ယှဉ်ကြည့်လိုက်လျှင် တောထဲမှနေ၍ လွတ်မြောက်ခြင်းအတွက် ကြိုးစားခြင်းမှာ ပရဟူသည့် အများအကျိုးနှင့် ယှဉ်တွဲထားသည်ကိုတွေ့ရပြီး နိုင်ငံခြားသို့ ထွက်ခြင်းကတော့ တစ်ကိုယ်ရည်စာ လွတ်မြောက်ရာလမ်းဖြစ်သည်။

 

ထိုလွတ်မြောက်ခြင်း လမ်းနှစ်သွယ်အနက် မည်သည့်လမ်းက သာ၍ မြတ်သည်ကို အထူးခွဲခြမ်းစိတ်ဖြာပြရန်ပင် လိုမည်မထင်ပါ။ ထိုနည်းလည်းကောင်းပင် တစ်ကိုယ်ရည်စာလွတ်မြောက်ဖို့ ကြိုးစားနေသူများကိုလည်း မြင့်ဝင်းသာ အပြစ်မပြောလို။

 

ယင်းသည် ၎င်းတို့၏ အတွေ့အကြုံ၊ ခံယူချက်နှင့်ယှဉ်၍ ရွေးချယ်ကြခြင်းသာ ဖြစ်သည်။

 

ဘ၀တစ်လျှောက် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ့၊ ကျင်လည်ရာပတ်ဝန်းကျင်နှင့် ဆည်းပူးခဲ့သည့် ပညာပါရမီ ရေချိန်ကိုလိုက်၍ ကြံဆပုံခြင်း ကွာသွားသည့်အခါ လွပ်လပ်ဖို့ ကြိုးစားရာတွင်လည်း ပုံသဏ္ဍန် အမျိုးမျိုး ကွဲသွားခြင်းဖြစ်မည်ဟု မြင့်ဝင်းသာ ထင်သည်။

 

နိုင်ငံခြားထွက်လို့ ငွေရလျှင် ပိုပြီးကူနိုင်မည်ဟုလည်း ပြောကြသူများရှိပါသည်။ မြင့်ဝင်းသာကတော့ ထိုစကားကို အတ္တကို ဖုံးကွယ်ထားသည့် စကားလုံးလှလှလေးများဟုသာ မြင်သည်။ လူအများစုသည် အတ္တဗဟိုပြုလျက် မိမိ ဘ၀ကို တည်ဆောက်ကြသူများဖြစ်သည်စု မြင့်ဝင်းသာ လက်ခံထားသည်။

 

(မြန်မာပြည်တွင် နေလို့မရတော့သဖြင့် နိုင်ငံခြားကိုထွက်ရသူများ၊ နိုင်ငံခြားမှနေ၍ တော်လှန်ရေးအတွက် နေ့မနားညမနား လုပ်ပေးနေသူများကတော့ ခြွင်းချက်ဖြစ်ပါသည်။)

 

အကယ်၍ တော်လှန်ရေးထဲ လူငယ်များကို ပို၍ပါလာစေချင်သည်ဆိုအံ့။ ဦးဆောင်နေသူများက လူငယ်များကို ယခုထက် ပို၍ အားစိုက်ထုတ်ပြီး စည်းရုံးရန်သာ လိုပေတော့သည်။

 

လဖက်ရည်ဆိုင် ကောင်တာပေါ်ရှိ ဆောင်းဘောက်မှနေ၍ ထူးအိမ်သင်၏ သီချင်းတစ်ပုဒ် ခပ်သဲ့သဲ့ ထွက်ပေါ် နေသည်။

 

စိတ်ဖိစီးမှု များလွန်းသောကြောင့်လား မဆိုတတ်။ လဖက်ရည်ဆိုင်ထိုင်သူအများစုမှာ စီးကရက် သောက်နေကြ သည်။ ဆိုင်အတွင်းပိုင်းတစ်ခုလုံး မီးခိုးထောင်းထောင်း ထနေ၏။

 

မြင့်ဝင်းသာသည် စားပွဲပေါ်က ဆေးလိပ်တစ်လိပ်ကို ယူပြီး မီးညှိဖွာရှိုက်လိုက်သည်။ ထို့နောက် မောင်ခန့်၏ စကားကို ပြန်ဆက်လိုက်သည်။

 

အေးကွမင်းပြောမှ သတိထားမိတယ်။ ဒါကြောင့် လှည်းတန်းမှာ ခါတိုင်းထက် လူများနေတာပဲ။ ဒီက ဂျပန် သင်တန်းတို့ ဘာတို့မှာလည်း လူအပြည့်ပဲ ထင်တယ်။ သတင်းတွေမှာဆိုလည်း နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တဲ့ သူတွေများလာတယ်လို့ ခဏခဏပြောကြတယ်မြင့်ဝင်းသာက ဆိုလိုက်၏။

 

အေး..လူပြည့်နေပြီ။ ဒီလောက်စိတ်ပျက်ဖို့ကောင်းပြီး ဒုက္ခထူတဲ့နိုင်ငံမှာ ဆက်နေလို့ ဘာမှမထူးဘူးလေကွာ။ ငါလည်း သွားချင်ပြီ။ အဓိကက ဒီနိုင်ငံကနေ လွတ်ကျွတ်ဖို့ပဲ။ ကျန်တာ နောက်ကိစ္စ။

 

အေး..လူပြည့်နေပြီ။ ဒီလောက်စိတ်ပျက်ဖို့ကောင်းပြီး ဒုက္ခထူတဲ့နိုင်ငံမှာ ဆက်နေလို့ ဘာမှမထူးဘူးလေကွာ။ ငါလည်း သွားချင်ပြီ။ အဓိကက ဒီနိုင်ငံကနေ လွတ်ကျွတ်ဖို့ပဲ။ ကျန်တာ နောက်ကိစ္စ။

 

ဒီမှာက ဒုက္ခတွေကလွဲရင် ဘာမှ မရှိဘူး

 

မောင်ခန့်၏ ထိုစကား မြင့်ဝင်းသာ၏ နားစည်တွင် ပဲ့တင်ထပ်သွားသည်။

 

အင်း ဥရောပနိုင်ငံတွေမှာ ပြည်တွင်းစစ်ဖြစ်တော့ ဒုက္ခသည်တွေ အမေရိကန်ကို အုံလိုက်ကျင်းလိုက် သွားကြ သလိုပေါ့။ မင်း သိတယ်မဟုတ်လား။ စပိန်တို့၊ ဂျာမနီတို့ အီတလီက လူတွေ အမေရိကန် သွားတာမျိုးလေ။ နောက်ပိုင်း အမေရိကန်ရောက်တော့ အုပ်စုဖွဲ့ ဂန်းစတားတွေဖြစ်.. God Father တို့ Goodfellas တို့လိုမျိုးပေါ့။

 

မြင့်ဝင်းသာက သူကြည့်ဖူးသည့် နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများခေါင်းထဲ ပေါ်လာသဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

 

ဘာရယ်မဟုတ် စကားက ပြောရင်းဆိုရင် ရုပ်ရှင်တွေ အကြောင်း ရောက်သွားပြန်သည်။ မြင့်ဝင်းသာရော မောင်ခန့်ပါ ရုပ်ရှင်ကြိုက်သူများဖြစ်ရာ လူချင်းဆုံသည်နှင့် ဆွေးနွေးကြသည်တွင် ရုပ်ရှင်အကြောင်းကတော့ မပါမဖြစ်။

 

သို့ဖြင့် အင်တာစတယ်လာ (Interstellar) ထဲမှ တွင်းနက်ကြီးများ၏ ပဟေဠိများ၊ မြေဆွဲအား နိယာမများနှင့် တကွ ဒါရိုက်တာ ခရစ်စတိုဖာနိုလန်၏ စကြာ၀ဠာအပေါ် ချဉ်းကပ်ပုံများ၊ Good Will Hunting You ရုပ်ရှင်ထဲမှ မက်ဒေးမွန်နှင့် ရော်ဘင်ဝီလီယမ်တို့၏ အားပြိုင်မှုများ၊ ကမ္ဘာကျော် ဂျပန်စာရေးဆရာ မူရာကာမိ (Haruki Murakami) စိတ်ခံစားချက်လွန် ဇာတ်ကောင်များ။

 

ယင်းမှာ ကိုယ်ကြိုက်သည့်အကြောင်း စကားအရသာခံပြောခြင်းမျှသာဖြစ်လေရာ ပြောစရာကုန်သွားသည့် နောက် မြင့်ဝင်းသာနှင့် မောင်ခန့်၏ စကားဝိုင်းသည်လည်း နိုင်ငံခြားထွက်ခြင်းဆိုသည့် ဘူတာသို့ပင် ပြန်စိုက် လာခဲ့၏။

 

မင်းဟိုကိုရောက်ဖို့ ဘယ်နှစ်ဆင့်လိုသေးလဲ။ ခုလက်ရှိ ဘယ်လောက်ကုန်သွားပြီလဲ။မြင့်ဝင်းသာ မေးခွန်းများ ကို တရစပ်မေးလိုက်သည်။

 

နှစ်ဆင့်သုံးဆင့်လောက်ပါပဲ။ ဆေးစစ်တာတွေ ဘာတွေတော့လုပ်ပြီးပြီ။

 

လောလောဆယ် ဆယ်သိန်းကျော်ကုန်သွားပြီ။ ဟိုကိုရောက်ဖို့ဆို သိန်း ၉၀၊ ၁၀၀ လောက် ကုန်ဦးမယ်


ဘုရားရေ..”.ဟု မြင့်ဝင်းသာ အာမေဋိတ်ပြုမိသည်။

 

ဒါဖြင့် မင်းက ဟိုကိုရောက်ရင် ဘာလုပ်မှာလဲ။ မင့် လေကြောင်း ဘွဲ့လက်မှတ်က ဟိုမှာ သုံးမရဘူးလား။

 

ဟားဟား ဒီနိုင်ငံက ဘွဲ့ကို မင်းမျှော်လင့်နေရသေးတယ်။ ဟိုရောက်ရင် အစပိုင်းတော့ ရတဲ့အလုပ် ဝင်လုပ် ရမှာပဲ။ နောက်ပိုင်းကျမှ အခွင့်အရေးရရင် ရသလိုလှုပ်ရှားရမှာပေါ့။အခု ကုန်သွားမယ့် ငွေတွေကိုလည်း ဟိုရောက်ရင် နှစ်လ သုံးလလောက်နဲ့ ပြန်ရှာနိုင်မှာပဲ။

 

၎င်းက အပိုင်တွက်ထားသည့် စကားများကို ချပြသည်။

 

ဟိုရောက်ပြီး ကျောင်းတက်ဖြစ်ရင် တက်မယ်။ ဟိုရောက်ရင်တော့ တတိယလူတန်းစား. အဲ.. စတုတ္ထ လူတန်းစား ဖြစ်မှာပေါ့။ နောက်ပိုင်း အဆင်ပြေရင် ဟိုမှာ နိုင်ငံသား ခံယူလိုက်မယ်။ ဒီကို မပြန်လာတော့ဘူး။

 

အင်း

 

ဟိုရောက်ရင် မင်းကိုတော့ မမေ့ပါဘူး။ဒါပေမယ့် ဒီနိုင်ငံကိုတော့ မေ့ချင်မေ့သွားမယ်။

 

အင်း……….”

 

မြန်မာလူငယ်များ မြန်မာပြည်ကို မေ့ဖို့ ကြိုးစားနေကြလေပြီ။ ယခုလှည်းတန်းတစ်ဝိုက် ရောက်နေသည့် လူငယ် အများစုသည်လည်း မောင်ခန့်လိုပင် မြန်မာပြည်ကို မေ့ဖို့အတွက် ကြိုးစားနေကြသည်ဟု မြင့်ဝင်းသာ မြင်လာသည်။

 

မြင့်ဝင်းသာသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ရက်ကို ရုတ်တရက်သတိရမိသွားသည်။ ထိုနေ့သည် ရန်ကုန်၌ စစ်အာဏာရှင်စနစ်ကို စတင်ဆန္ဒပြသည့်ရက်ဖြစ်သည်။ ဆန္ဒပြသည့် နေရာကလည်း လှည်းတန်းပင် ဖြစ်သည်။

 

ထိုနေ့က လှည်းတန်းကို မြင့်ဝင်းသာလည်း ရောက်လာခဲ့သဖြင့် မြင်ကွင်းများကို ကောင်းကောင်း မှတ်မိနေသည်။

 

လှည်းတန်းမီးပွိုင့်နားက အင်းစိန်လမ်းမပေါ်တွင် ဒိုင်းများကိုင်ပြီး တန်းစီနေသည့် ရဲများ၊ ၎င်းတို့ရှေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်နေကြသူများ၊ ကြွေးကြော်သူများမှာ လူငယ်များပင် ဖြစ်သည်။  

 

နောက်ပိုင်းတွင် လှည်းတန်းသည် ရန်ကုန်မြို့တွင်း သိန်း၊ သောင်းချီသော လူစုလူဝေးဖြင့် ဆန္ဒ ထုတ်ဖော်ရာ အဓိက နေရာတစ်ခုဖြစ်လာခဲ့သည်။

 

ယခုတော့ ထိုလူငယ်များထဲမှ တချို့တဝက် တောထဲရောက်ကုန်ပြီ။ တချို့ကလည်း ထောင်ထဲ ရောက်နေကြ သည်။ ယခုလှည်းတန်းသို့ရောက်နေသူများတွင် ထိုလူငယ်များပါသလော မြင့်ဝင်းသာ မပြောတတ်။

 

ထိုစဉ် လဖက်ရည်ဆိုင်ထဲမှ သီချင်းတစ်ပုဒ် လွင့်ပျံ့လာသည်။

 

အဝေးဆုံး ပြေးထွက်စရာ မြေမရှိပြီ.. ငါမင်းအရှေ့မှာ ကွဲကြေမောဟိုက်ပင်ပန်းလွန်းခဲ့ပြီ. ဒုက္ခမြစ်များသာ စီးဆင်းရာဟာ ငါကိုယ်တိုင်လားကွာ ဒုက္ခမြစ်များသာ စီးဝင်ရာဟာ ငါပဲ ဖြစ်နေမလား

 

အဝေးဆုံး ပြေးထွက်စရာ မြေမရှိပြီ.. ငါမင်းအရှေ့မှာ ကွဲကြေမောဟိုက် ပင်ပန်းလွန်းခဲ့ပြီ. ဒုက္ခမြစ်များသာ စီးဆင်းရာဟာ ငါကိုယ်တိုင်လားကွာ ဒုက္ခမြစ်များသာ စီးဝင်ရာဟာ ငါပဲ ဖြစ်နေမလား

 

ထူးအိမ်သင်၏ဒုက္ခမြစ်များဖြစ်သည်။ သီချင်းစာသားများသည် လဖက်ရည်ဆိုင်ထဲမှထွက်ကျလာပြီး ဦးထွန်းလင်းခြံလမ်းပေါ်က လူရေစီးကြောင်းထဲသို့ စီးဝင် မျောပါသွားကြသည်။

 

မြင့်ဝင်းသာ ရင်ထဲတွင်တော့ တလှပ်လှပ်ဖြစ်နေ၏။ လဖက်ရည်တွင်ပါသည့် ကဖင်းကြောင့်လား.. ဆောင်းဘောက်က လာသည့် သီချင်းကြောင့်လား  မြင့်ဝင်းသာ မသိပေ။ သိလည်း မသိချင်တော့ပေ။

 

Burma Associated Press

 

မြန်မာ
ရန်ကုန်
လှည်းတန်း
လူငယ်
အာဏာသိမ်း

Share With
bap-logo