bap-logo
Opinion

နတ်ဝှက်ထားသော အရာများ

qHMJKXyvzVrrgIWZMurq8-image

လွန်ခဲ့သော ၂ နှစ် က

အပြာရောင်ဆေးသားများ ပြောင်နေပြီဖြစ်သည့် မောင်းတံကို အထက်မှအောက်သို့ ဆွဲချလိုက်တိုင်းတကျိကျိမြည်သည့် တုံကင်ထံမှ ရေကိုရဖို့ ရေတစ်ပုံးခန့်သုံးကာ ရေချူရသေးသည်။

 

ယခုရေတုံကင်သည် မြစ်ချောင်းများ၊ ရေတွင်းများပေါသည့် တိုင်းရင်းသားနယ်မြေတစ်ခုတွင် ရှားရှားပါးပါး တွေ့ရသည့်အရာဖြစ်သည်။

 

လက်ဖြင့် နှိပ်ချလိုက်တိုင်းပွက်ကနဲ’ ‘ပွက်ခနဲထွက်လာသည့် တုံကင်ပိုက်ခေါင်းမှမြေအောက်ရေသည် မြို့ပြတွင်ရသည့် မြေအောက်ရေနှင့်အတူပင်။ တုံကင်မှထွက်သည့် ရေတွင် အနံ့လည်းရှိသလို အရသာလည်း ရှိသည်။ ထိုအရာသည် မြို့ပြနှင်ထပ်တူကျသည်။

 

ကျေးလက်တွင် ရေတုံကင်သည် နေရာတိုင်းတွေ့ဖို့မလွယ်။

 

မြို့ပြဆင်ခြင်ဖုံးတွင်တော့ ရေတုံကင်သည် အခြေခံကျသည့် လူတန်းစားတို့၏ အရေးပါသောအရာဖြစ်သည်။

 

ဖီးဆင့်စက်ဘီး၊ ဘက်ထရီမီးချောင်း၊ ရေစည်လှည်း၊ ကြိုးဖုန်းဝန်ဆောင်မှုများရှိရာ သက္ကရာဇ် ၂၀၀၀ မတိုင်မီက ဆိုလျှင်ရေတုံကင်သည် ကျနော်တို့ သူငယ်ချင်းများဆုံရာ အရပ်ဖြစ်သည်။ ရေတုံကင်တွင် အရွယ်စုံအရောင်စုံ ရေပုံးများတန်းစီချကာ ကိုယ်နှိပ်ရမည့်အလှည့်ကို စောင့်နေကြသူများသည် လူကြီးများ လူလတ်ပိုင်းများထက် ကျနော်တို့လို ၁၀ နှစ်အရွယ်တွေက များသည်။ ထိုအရွယ်ဆိုတာ အိမ်အလုပ်လေး မယ်မယ်ရရ တစ်ခုလုပ်ရလျှင်ပင် အလုပ်ကြီး အကိုင်ကြီးမဟုတ်လား။ ထိုအလုပ်ကြီး အကိုင်ကြီးတွင် ရေတုံကင်တွင် ရေခပ်ရသည့် အလုပ်လည်းပါသည်။ အိမ်တွင် ကိုယ်ပိုင် ရေတုံကင်ရှိသူများသည် ရပ်ကွက်၏ ကြေးရတတ်လူတန်းများဖြစ်သည်။

 

ထိုစဉ်က ရန်ကုန်ဆင်ခြေဖုံး ရပ်ကွက်၏အလယ်ရှိ ဘုံပိုင်ဟု အလွယ်ခေါ်သည့် ရေတုံကင်သည် အုတ်ခုံပါလျှင်လေးပေနီးပါးခန့် အမြင့်ရှိရာ လက်တံကို နှိပ်ရင်း ကျနော်တို့ ကလေးတစ်သိုက် ခိုစီးကာ ဆော့ကစားကြသည်။

 

ရေမခပ်ရသည့်အချိန်များတွင်လည်း ထိုရေတုံကင်တွင် ကျနော်တို့ ဆုံစည်းကာ ရောက်တတ်ရာရာ များပြောကြသည်။ အထူးသဖြင့် ညနေပိုင်းအချိန်များတွင်ဖြစ်သည်။

 

ထိုရောက်တတ်ရာရာများတွင် လာမည့် ပွဲတော်ကို လည်ပတ်ခွင့်ရရေးနှင့် မိဘအုပ်ထိန်းသူများက ဝယ်ပေးသည့် ကစားစရာများရရှိရေး တခါတရံတွင် ဂေါ်လီကြွေး၊ သားရေကွင်းကြွေး စသည်ကိစ္စများဖြစ်သည်။

 

ကျနော်က စာအုပ်အငှားဆိုင်များနှင့် ရွှေသွေးစုဆောင်းသူများထံမှတဆင့် ကာတွန်းရုပ်ပြများ ဖတ်လေ့ရှိသူ ဖြစ်သည့်အတွက် သူငယ်ချင်းများ နားထောင်မည်ဆိုပါက ဖတ်ထားသည့်အထဲမှ အကြောင်းများကိုလည်း ပြန်ပြောဖြစ်သည်။

 

ရသည့် မုန့်ဖိုးကို ဘီအမ်အိတ် ဟုခေါ်သည့် စက်ဘီးကို အချိန်ဖြင့်ငှားစီးရန်၊ လက်တောက်ခုံဟုခေါ်သည့် ဇယ်တောက်ရန်၊ ဒိုးနီးလိုက်သည်ဟု ခေါ်သည့် ဂေါ်လီပစ်ရန် စိတ်အားထက်သန်သည့် အတန်းတူသူလည်းပါ မတူသူလည်းပါသည့် ကျောင်းနေဘက် သူငယ်ချင်းများကို ရေတုံကင်နံဘေးတွင်ထိုင်ရင်း ကာတွန်းစာအုပ် အကြောင်း ပြောရသည်ကိုလည်း ခုံမင်ခဲ့ဖူးသည်။

 

ထိုအချိန်က လူကြီးများက ကျနော်တို့အရွယ်များ နေဝင်မိုးချုပ်သည်အထိ ရေတုံကင်နားတွင်ထိုင်နေသည်ကို မကြိုက်ကြ။

 

နတ်ဖွက်(နတ်ဝှက်) လိမ့်မယ်ဟု ပြောကြသည်။

 

နတ်ဝှက်သည်ဆိုခြင်းက တကယ်ရှိသည့်အရာကို ယာယီမမြင်အောင် ဖုံးကွယ်ခံရမည် အဝှက်ခံရမည်ကို ဆိုလိုသည်။

 

ကျနော်တို့ထဲက ဘယ်သူမှ နတ်ဝှက်မခံရဖူးသော်လည်း လူကြီးများပါးစပ်ဖျားမှကြားရသည့် ပရှုးခေါင်းပြတ် ပုံပြင်ကဲ့သို့ပင် နတ်ဝှက်ခံရမည်ကို ကြောက်တတ်ကြသည်။ ထို့ကြောင့် မမှောင်ခင်မှာပင် ရေတုံကင်အနီးမှ ထပြန်လေ့ရှိကြသည်။

 

ကာလအချိန်ကြာလာသည့်အခါတွင် ရေတုံကင်ရှိရာ မြေကွက်လပ်နှင့် ရပ်ကွက်လမ်းကို ပေါင်းကူးထားသည့် ပေ ၂၀ ခန့် ရှည်သည့် သစ်သားတံတားသည် ဆွေးမြေ့ပျက်စီးသွားခဲ့သည်။

 

ယခုဆိုလျှင် လေးထောင့်ကျကျ ရပ်ကွက်၏ ကွင်းပြင်အတွင်း ထီးထီးရပ်နေသည့် ရပ်ကွက် ရေတုံကင်သည် နှိပ်၍မရတော့ဘဲ တစ်ချိန်က အသုံးတော်ခံခဲ့မှုကို ငူငူငိုင်ငိုင် ပြသနေသည်။ အများပိုင်ဖြစ်သည့် သူ့အား တစ်ခါမှ ဆေးမသုတ်သည့်အတွက် အရောင်မှာလည်း မွဲလှသည်။

 

ရေတုံကင်နံဘေးမှ ကလေးတသိုက်သည်လည်း လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် လမ်းဘေး ကွမ်းယာဆိုင်များတွင် အခြေပြုလာကြသည်။ ရောက်တတ်ရာရာ ပြောစကားများသည် မိန်းမပျိုလေးများ အကြောင်း၊ လုပ်ခလစာအကြောင်း၊ တက္ကသိုလ်ထဲမှ ဖဲဝိုင်းများအကြောင်းဖြစ်လာသည်။ ကာတွန်းစာအုပ်များထက် ဘောလုံးများကို ပိုစိတ်ဝင်စားခဲ့ကြသည်။

 

၂၁ ရာစုအရောက်တွင်မူ တချိန်က ဘီအမ်အိတ် စက်ဘီများ အပြိုင်နင်းခဲ့ရာ ဂဝံဖို့ထားသည့် မြေနီလမ်းသည် ကိုယ်ထူ ကိုယ်ထ ကွန်ကရိလမ်း ဖြစ်လာခဲ့သည်။

 

ကွန်ကရိလမ်းဖြစ်ပြီး မကြာမီမှာပင် အာဏာသိမ်းခြင်းနှင့် ကြုံခဲ့ရသည်။

 

တိုင်းပြည်ကို နတ်ဝှက်ခြင်းခံလိုက်ရသည်။ ထိုနတ်ဝှက်ထားသည့် တိုင်းပြည်တွင် တချိန်က တကယ်ရှိခဲ့သော မိသားစုများ၊ နေအိမ်များ၊ သူငယ်ချင်းများ၊ လွတ်လပ်မှုများ ကို မမြင်ရတာကြာပြီဖြစ်သည်။

 

ထိုအရာများသည်လည်း ကျနော်တို့ထံမှ နတ်ဝှက်ခြင်း ခံထားရတာဖြစ်ပေလိမ့်မည်။

 

အတွေးလွန်သွားသည့်အတွက် ရေတုံကင်မှ ရေထွက်ဖို့ ရေပြန်ချူရဦးမည်။

 

ရေချူရန် ပိုက်ခေါင်းမှတဆင့် ရေထည့်ကာ အားအင်နည်းနည်းစိုက်ထုတ်လိုက်သည်နှင့် မြေအောက်မှရေသည်ပွက်ခနဲပြန်တက်လာခဲ့သည်။

 

နတ်ဝှက်ထားသည့်အရာများ တချိန်ချိန်တွင် ပြန်ရှာတွေ့ပါလိမ့်မည်။

 

Burma Associated Press

မြန်မာ

Share With
bap-logo