Opinion
နှစ် ၆၀၊ ထို ၃ ဦးနဲ့ စင်ကာပူအိပ်မက်ထုဆစ်သူများ
လွန်ခဲ့သော ၁၀ လ က
၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်မှာ စင်ကာပူရဲ့ တတိယမြောက် ဝန်ကြီးချုပ် လီရှန်လွန်းတစ်ယောက် ဝန်ကြီးချုပ်ရာထူးကနေ လိုလိုချင်ချင်ပဲ စွန့်ခွာသွားပါတယ်။ လိုလိုချင်ချင် စွန့်တယ်ပြောရတာ အကြောင်းရှိပါတယ်။ သူ့ကို ဘယ်သူ့ကမှ အတင်းအကြပ် အာဏာစွန့်ဖို့ တောင်းဆိုမနေကြလို့ပါ။ သူက သူရဲ့ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ လော့ရင့်ဝမ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်ခံစေပါတယ်။ ဒီတော့ မေးခွန်းက ကျွန်တော်တို့ အိမ်နီးချင်းရဲ့ စင်ကာပူအကြောင်းကို ကျွန်တော်တို့က ဘာလို့ တခုတ်တရပြောနေရတာပါလဲ။
ဘာကြောင့်လဲဆိုတော့ အတိတ်တစ်ချိန်တုန်းက ကျွန်တော်တို့ကို စင်ကာပူက အားကျခဲ့သလို ကျွန်တော်တို့ကလည်း မကြာသေးတဲ့ နှစ်တွေကပဲ စင်ကာပူကို ကျော်မယ်လို့ ပြောခဲ့ကြတာမလား။ ဒီတော့ စင်ကာပူရဲ့ ခမ်းနားတဲ့ ပုံပြင်ကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်ပါ။
ဒီလိုပြောလို့ စင်ကာပူရဲ့ ပုဂ္ဂိုလ်ရေး အမွှမ်းတင်မှုတွေကို ပြောနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Stateman လို့ဆိုကြတဲ့၊ ကျွန်တော်တို့ကိုယ်တိုင် လိုချင်တဲ့ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တွေ၊ နိုင်ငံပြုသုခမိန်တွေ အကြောင်းကတော့ ရှောင်လွှဲလို့ မရဘူး။ ဘာလို့ဆို သူတို့က စင်ကာပူသမိုင်းကို ထုဆစ်ခဲ့ကြလို့ပါပဲ။
အိမ်နီးချင်းပုံပြင် Seasons 1
စင်ကာပူရဲ့သမိုင်းဟာ တံငါရွာကလေးက စတယ်။ မင်းသား ဆန်နီလာဥတားမားက ဒီကျွန်းကို တွေ့ပြီး စင်ကာပူရ ဆိုပြီး အမည်ပေးရာက ဖြစ်လာတာလို့ မလေးရာဇဝင်တွေက ဆိုကြတယ်။ ဒါတွေကို ကျော်လိုက်ပြီး ခေတ်သစ် စင်ကာပူသမိုင်းကိုပဲ ပြောရအောင်။
စင်ကာပူဟာ ၁၉၅၉ မှာ မလေးရှားနဲ့အတူ ကိုလိုနီလက်အောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် အတူ တွဲနေခဲ့ကြတယ်။ အဲဒီတုန်းက ခေါင်းဆောင်က ကမ္ဘာသိတဲ့ လီကွမ်ယုပါ။ အဲဒီလိုနေလိုက်တာ ၆ နှစ်နီးပါး ကြာပြီးတဲ့နောက် မလေးရှားကနေ ခွဲထွက်လိုက်တယ်။ အဓိကတော့ မလေးဖက်ဒရယ်အစိုးရနဲ့ လီကွမ်ယုရဲ့ PAP ပါတီကြား အဆင်မပြေလို့ပါ။ အဲဒါက ၁၉၆၅ ခုနှစ်ဆိုတော့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီး ၄ နှစ်လောက်ရှိမှာပေါ့လေ။ မလေးရှားက ခွဲထွက်တာကို စင်ကာပူက လွတ်လပ်ရေးရတယ်ဆိုပြီး သတ်မှတ်ခဲ့တာ။
နိုင်ငံသစ်ကို လီကွမ်ယုပဲ ဆက်လက်အုပ်ချုပ်တာပါ။ အဲဒီလိုအုပ်ချုပ်တာ ၁၉၆၅ ကနေ ၁၉၉၀ အထိဆိုတော့ ၂၅ နှစ်ကြာခဲ့တယ်။ ခွဲမထွက်ခင်အချိန် ၆ နှစ်လောက်ပါ ထပ်ပေါင်းရင် သူအုပ်ချုပ်တာ နှစ်ပေါင်း ၃၁ နှစ်လောက်ရှိတယ်။
စင်ကာပူအတွက် အနီးဆုံးရန်သူက မလေးရှားဖြစ်တယ်။ ဒါပေမဲ့ လီကွမ်ယုက စင်ကာပူဟာ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်အောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့တို့စင်ကာပူ အင်အားနည်းရင် မလေးရှားက အနိုင်ကျင့်လိမ့်မယ်လို့ လီကွမ်ယုက တွေးမှတ်ခဲ့တယ်။ ဒီတော့ စင်ကာပူကို အင်အားတောင့်တင်းအောင် လုပ်ခဲ့တယ်။ အဲဒီလို လုပ်တဲ့အခါ သူက အင်ဒိုနီးရှားက ဆူဟာတိုနဲ့ အလုပ်တွဲလုပ်တယ်။ မလေးရှားက မဟာသီ၊ နာဂျစ်ရာဇာတ် ဒီလူတွေနဲ့လည်း အမြင်မတူပေမဲ့ နိုင်ငံ့အကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ခဲ့တယ်။ အမေရိကန်၊ တရုတ် စူပါပါဝါတွေကြားမှာလည်း ဟန်ချက်ညီ ကစားနိုင်ခဲ့တယ်။
မလေးရှားကနေ ခွဲထွက်ချိန်မှာ စင်ကာပူဆိုတာ ဗြိတိသျှတွေရဲ့ လူသိနည်းတဲ့ သာမန်ဆိပ်ကမ်းမြို့လေး၊ ကိုလိုနီခေတ် ဆင်ခြေဖုံးလေးပဲ။ ဒီထက်မပိုဘူး။ အဲဒီမှာ အလုပ်လက်မဲ့ ပြဿနာတွေရှိတယ်။ လူတွေက နေစရာအိမ်မရှိဘူး။ လုပ်ကိုင်စားသောက်ဖို့ မြန်မာတွေလို သယံဇာတမရှိဘူး။ သဘာဝအရင်းအမြစ် မကြွယ်ဝဘူး။ လူမျိုးရေး ပြဿနာတွေ တပုံတင်ပင်နဲ့။ ဒီလိုပြဿနာတွေ အများကြီးကို ရင်ဆိုင်ပြီး စင်ကာပူဆိုတာ ဖြစ်လာခဲ့တယ်။ အဲဒါက ၁၉၉၀ အထိဆိုပါတော့။
မလေးရှားကနေ ခွဲထွက်ချိန်မှာ စင်ကာပူဆိုတာ ဗြိတိသျှတွေရဲ့ လူသိနည်းတဲ့ သာမန်ဆိပ်ကမ်းမြို့လေး၊ ကိုလိုနီခေတ် ဆင်ခြေဖုံးလေးပဲ။ ဒီထက်မပိုဘူး
ဒီတော့ စင်ကာပူက ဒီလို ကိုယ့်အားကိုယ်ကိုးဖို့ ကြိုးပမ်းနေချိန် မြန်မာမှာ ဘာတွေဖြစ်နေခဲ့လဲ။
စင်ကာပူလွတ်လပ်ရေးမရခင် လေးနှစ်လောက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်တယ်။ တော်လှန်ရေးကောင်စီဆိုပြီး ဖြစ်လာတယ်။ နောက်ကျ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုပြီး ဖြစ်ပြန်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီးက မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုတာကြီးကို တည်ထောင်တယ်။ အကျိုးဆက်က ဘာဖြစ်လဲ။ ၁၉၈၇ မှာ မြန်မာဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းဝင်သွားတယ်။ ၁၉၆၂ - ၁၉၉၀ ကြားထဲမှာ ငွေစက္ကူတွေ ဖျက်သိမ်းတယ်။ ပြည်သူတွေ ဒုက္ခရောက်တယ်။ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း၊ ရှစ်လေးလုံးလူထု အရေးတော်ပုံတွေ ပေါ်ပေါက်လာတယ်။ ဒါတွေက နိုင်ငံရေးအရ မကျေလည်လို့၊ စီးပွားရေးအရ ချွတ်ခြုံကျလာလို့ပေါ်လာတဲ့ လူထုလှုပ်ရှားမှုကြီးတွေ။
မဆလ ပါတီဟာ တစ်တိုင်းပြည်လုံးမှာ အာဏာ ၃ ရပ်ကို စိတ်တိုင်းကျ ခြယ်လှယ်နိုင်တဲ့အခွင့်အရေးကို တစ်ပါတီတည်းက ရယူထားတာ။ စင်ကာပူ လီကွမ်ယုရဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ PAP ပါတီလိုမျိုးပဲ။ ဒါပေမဲ့ တူတယ်ထင်လား၊ မတူပါဘူး။ စင်ကာပူအစိုးရအဖွဲ့ဟာ စွမ်းဆောင်ရည် ပြည့်ဝတယ်လို့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံထားရတာ ဖြစ်တယ်။ ကမ္ဘာမှာ အဂတိလိုက်စားမှု အနည်းဆုံး အစိုးရအဖွဲ့အဖြစ် မှတ်ကျောက်တင်ခံထားရတာ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မဆလပါတီအနေနဲ့ လီကွမ်ယုရဲ့ PAP လို တစ်ပါတီတည်းကြီးစိုးခွင့်ရှိပေမဲ့ စင်ကာပူလို အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ မဆလပါတီနဲ့ PAP အဲဒီလိုကွာပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ သားမြေးမြစ်တွေကတော့ အခုထိတိုင် သက်ရှိထင်ရှားနဲ့ ပြည်သူတွေအပေါ် မျက်နှာပြောင်တိုက် ပမာမခန့်လုပ်နေနိုင်တုန်းပဲ။
စင်ကာပူဟာ ၁၉၉၀ ရောက်တော့ လူရိုသေ၊ ရှင်ရိုသေဖြစ်နေချိန်မှာ မြန်မာကတော့ ဦးဆောင်သူတွေရဲ့ ချို့ယွင်းချက်တပုံတပင်၊ ကိုယ်ကျိုးစီးပွားအခြေပြုမူဝါဒတွေ၊ ခြစားမှုတွေ၊ အချင်းချင်းခြေထိုးခံမှု တွေရဲ့ အကျိုးဆက်ကြောင့်တွေကြောင့် နွံနစ်နေခဲ့ပြီ။
အိမ်နီးချင်းပုံပြင် Seasons 2
၁၉၉၀ ရောက်တော့ လီကွမ်ယုအနားယူသွားတယ်။ သူကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ခန့်အပ်လိုက်တဲ့ ဂိုချောက်တောင် တက်လာတယ်။ မစ္စတာလီက အတိုင်ပင်ခံဝန်ကြီးအဖြစ် နောက်ကွယ်က ရှိနေတုန်းပဲ။ အဲဒီအချိန် မလေးရှားမှာ ဝန်ကြီးချုပ်က အင်မတန်ထင်ရှားတဲ့ မဟာသီယာ မိုဟာမက်။
မဟာသီက လီကွမ်ယုနဲ့ချုပ်ထားတဲ့ ဂျိုဟိုး ရေအရောင်းအဝယ်စာချုပ်ကို ဂိုချောက်တောင်နဲ့ ပြင်ချင်တယ်။ ရေဂါလန်တစ်ထောင်ကို ၃ ရင်းဂစ်ပိုတောင်းတယ်။ ဒီအကြောင်း လီကွမ်ယုကို ဂိုချောက်တောင်ကပြောတော့ လီကွမ်ယု ဒီလိုပြောတယ်။
“မပေးနဲ့။ ပေးလိုက်ရင် မင်းသေပြီ(အခက်တွေ့ပြီ)သာ မှတ်ပေတော့။ စာချုပ်နဲ့သဘောတူထားတာ။ ဒါပဲပေါ့” ဆိုပြီး အပြတ်ပြောလိုက်တာ။ ဒါက စင်ကာပူ Founding Father ရဲ့ ပြောစကား။
အာဏာရှင်ဆန်ကောင်းဆန်နေပါလိမ့်မယ်။ သူ့နိုင်ငံအတွက်တော့ အကျိုးရှိတဲ့လုပ်ရပ်ပါ။
မစ္စတာလီကိုယ်တိုင်က လာဘ်စားမှုကင်းပြီး စွမ်းဆောင်ရည်ကောင်းပြနိုင်တော့ ဒီလိုအပြောကို စင်ကာပူသားတွေကလည်း ကြိုက်တယ်။ တကယ်လည်း အဲဒီအပြောက အလုပ်ဖြစ်ခဲ့တယ်။
မပေးနဲ့။ ပေးလိုက်ရင် မင်းသေပြီ(အခက်တွေ့ပြီ)သာ မှတ်ပေတော့။ စာချုပ်နဲ့သဘောတူထားတာ။ ဒါပဲပေါ့
လီကွမ်ယုက ဒီလိုဘာကြောင့်ပြောနိုင်တာလဲ။ စင်ကာပူဟာ ရေနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံ၊ ဂျိုဟိုးအပေါ် မှီခိုနေရတာကို လျော့ကျအောင် လုပ်ဆောင်နေခဲ့တာကြာပြီ။ ကြာဆို ဒီလို ခြိမ်းခြောက်မှုကို ကြိုမြင်လို့ မလေးရှားကနေ စင်ကာပူခွဲထွက်ပြီး ၅ နှစ်အကြာ ၁၉၇၀ ကတည်းက စခဲ့တာ။ အဲဒါမအောင်မြင်လို့ ရပ်သွားသေးတယ်။ ၁၉၉၈ ကျ NEWater Project ဆိုပြီး ပြန်စတယ်။ အမေရိကန်ဆီစေလွှတ်ပြီး လေ့လာရေးတွေလုပ်တယ်။ ၂၀၀၄ ကျ စက်ရုံလေးရုံနဲ့ အတော်အရှိန်ရနေပြီ။ ဒါကြောင့် အမြော်အမြင်ရှိရှိ စဉ်းစားနိုင်ခဲ့လို့ ဒီလိုပြောနိုင်ခဲ့တာပါ။ ဘယ်လောက်အမြော်အမြင်ကြီးလဲဆို အဲဒီ NEWater ပရောဂျက်အတွက် စင်ကာပူဟာ အဲဒီခေတ်က ဒေါ်လာ ၃.၆၅ ဘီလီယံ အကုန်ခံခဲ့တယ်။
ဂိုချောက်တောင်ဟာ ၁၉၉၀ ကနေ ၂၀၀၄ အထိ ၁၄ နှစ် အုပ်ချုပ်သွားပါတယ်။ သူ့လက်ထက် ၁၉၉၇ မှာ အာရှစီးပွားရေးပြဿနာ၊ ၂၀၀၃ ဆားစ်ရောဂါတို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ စင်ကာပူက အထိုင်မပျက် ပန်းပန်တုန်း။ အာရှကျားလေးကောင်ထဲက တစ်ကောင်ဖြစ်နေတုန်းပဲ။
စင်ကာပူကို ဂီုချောက်တောင်အုပ်ချုပ်နေတဲ့ ၁၉၉၀-၂၀၀၄ မှာ မြန်မာကရော။ ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြီး ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ နဝတ အစိုးရတက်လာပြန်တယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ပေမဲ့ ပြည်သူ့လက်ထဲ ပြည်သူ့အာဏာ ပြန်မရောက်ခဲ့ဘူး။ ၁၉၉၇ မှာ နဝတကို နအဖပြောင်းပေမဲ့ အာဏာက စစ်တပ်လက်ထဲမှာပဲ။ အဲဒီလိုနဲ့ စစ်ခေါင်းဆောင်တွေက နိုင်ငံကို ကိုယ့်ပစ္စည်းလုပ်ပြီး အလှည့်ကျ တစ်ဗိုလ်တက်၊ တစ်ဗိုလ်ဆင်း အုပ်ချုပ်လို့ကောင်းနေတုန်း။
စင်ကာပူက ရှေ့ကို ခပ်သွက်သွက်နဲ့ ပြေးနေချိန်မှာ မြန်မာပြည်သူတွေကတော့ စစ်အာဏာရူးတွေနှိပ်စက်လို့ လူတန်းမစေ့တဲ့ ဘဝတွေနဲ့ နေထိုင်နေရဆဲ။
အိမ်နီးချင်းပုံပြင် Seasons 3
ဂိုချောက်တောင်ဟာ စင်ကာပူကို ၁၄ နှစ်အုပ်ချုပ်ပြီး ၂၀၀၄ ခုနှစ်ကျ လီကွမ်ယုရဲ့ အကြီးဆုံးသား လီရှန်လွန်းကို အာဏာလွှဲပေးလိုက်တယ်။ လီရှန်လွန်းက စနစ်တကျပျိုးထောင်ခံရတဲ့ လီမျိုးဆက်ပါပဲ။ အင်မတန်တော်ပြီး ပညာရှင်ဆန်တဲ့ ဦးလေးကြီးဟန်နဲ့မို့ စင်ကာပူသားတွေ အကြိုက်တွေ့တဲ့ပုံပါ။
လီရှန်လွန်းဟာ အဖေခြေရာနင်းတဲ့သား။ သူ့အဖေတည်ထောင်ခဲ့တဲ့နိုင်ငံကို သူ့လက်ထက်မှာ ခေတ်သစ်ကမ္ဘာနဲ့ အံဝင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ သူ့လက်ထက်မှာ စင်ကာပူရဲ့ ဂျီဒီပီက နှစ်ပေါင်း နှစ်ဆယ်အတွင်း နှစ်ဆ တက်ခဲ့တယ်။ ကာဆီနိုရုံတွေ ဖွင့်တယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေ အများအပြားကို ဖိတ်ခေါ်တယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တယ်။ ဘဏ္ဍာရေးဆိုင်ရာ ဆွဲဆောင်မှုအများအပြားကို လုပ်ဆောင်ခဲ့တယ်။ ဒီလိုနဲ့ စင်ကာပူဟာ ကမ္ဘာ့ရေလမ်းကြောင်း ကုန်သွယ်ရေးဗဟိုချက်တစ်ခုဖြစ်လာတယ်။ ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်တစ်ခု ဖြစ်လာခဲ့တယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေက စင်ကာပူမှာရှိလာတယ်။ အာရှရဲ့စီးပွားရေးအကောင်းဆုံးနိုင်ငံဖြစ်ရုံတင်မကဘူး။ ကမ္ဘာပေါ်က စီးပွားရေးအကောင်းဆုံးနိုင်ငံ ဖြစ်လာခဲ့တယ်။ GDP Per Capital လို့ခေါ်တဲ့ တစ်ဦးချင်း GDP က ကမ္ဘာ့ထိပ်သီးစီးပွားရေးအင်အားကြီးဆိုတဲ့ နိုင်ငံတွေကို ကျော်တက်သွားခဲ့ပြီ။
လီရှန်လွန်းတစ်ယောက် စင်ကာပူကို ကမ္ဘာ့အဆင့်ဇာတ်ခုံမှာ ခမ်းခမ်းနားနားကပြနေချိန် မြန်မာမှာလည်း အပြောင်းအလဲ ဖြစ်တယ်။ ၂၀၁၀ မှာ စစ်အုပ်စုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစီအမံတွေနဲ့ သမ္မတဦးသိန်းစိန် တက်လာတယ်။ နိုင်ငံရေးခြေထိုးမှုတွေနဲ့ သမ္မတဦးသိန်းစိန်လည်း ကောင်းကောင်းအလုပ် မလုပ်လိုက်ရဘူး။ စစ်တပ်၊ လွှတ်တော်၊ အစိုးရ လွန်ဆွဲပွဲကြီးမှာ နိုင်ငံလည်း စိတ်ဝမ်းကွဲရတယ်။ အဆိုးထဲက အကောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နိုင်ပြီး ဒီမိုကရေစီအရသာ ၅ နှစ်ကို ပြည်သူတွေခံစားလိုက်ရတာပါပဲ။
နောင် နှစ်ပေါင်း နှစ်ဆယ်ကြာရင် မြန်မာနိုင်ငံဟာ စင်ကာပူကို ကျော်တက်သွားလိမ့်မယ်။ ဒေသတွင်းနိုင်ငံတစ်ခုရဲ့ အောင်မြင်မှုဟာ ဒေသတစ်ခုလုံးရဲ့ အောင်မြင်မှုဖြစ်လို့ စင်ကာပူက ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်
၂၀၁၆ နိုဝင်ဘာလကုန်ပိုင်းမှာ လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူကိုသွားပြီး လီရှန်လွန်းနဲ့လည်း တွေ့ခဲ့တယ်။ နိုဝင်ဘာ ၃၀ မှာ စင်ကာပူလုပ်ငန်းရှင်တွေနဲ့တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောခဲ့တယ်။
“စင်ကာပူရဲ့ လွတ်လပ်ရေးခေတ်ဦးကာလမှာ ဝန်ကြီးချုပ်မစ္စတာ လီကွမ်ယုက နောင်အနှစ်နှစ်ဆယ်ကြာရင် စင်ကာပူဟာ မြန်မာနိုင်ငံကို အမှီလိုက်နိုင်မယ်လို့ ပြောဆိုခဲ့ဖူးတယ်။ ဒီကနေ့တော့ ကျွန်မတို့က ပြန်ပြောင်းပြောရတော့မယ်။ နောင် နှစ်ပေါင်း နှစ်ဆယ်ကြာရင် မြန်မာနိုင်ငံဟာ စင်ကာပူကို ကျော်တက်သွားလိမ့်မယ်။ ဒေသတွင်းနိုင်ငံတစ်ခုရဲ့ အောင်မြင်မှုဟာ ဒေသတစ်ခုလုံးရဲ့ အောင်မြင်မှုဖြစ်လို့ စင်ကာပူက ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”တဲ့။
တကယ့်ကို ယုံယုံကြည်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ ဘာကိုယုံကြည်တာလဲဆိုတော့ ပြည်သူ့အားကို ယုံကြည်ပြီး ပြောခဲ့တာလို့ ယူဆရတာပါ။ တကယ်တော့ ပြည်သူ့အားကို နင်းချေဖျက်မဲ့ စစ်အုပ်စုရဲ့ လက်မဲတွေက နိုင်ငံရေးမနာလိုမှုတွေနဲ့ ခြေထိုးခံမှုတွေလုပ်ဖို့ အဲဒီအချိန်ကတည်း စောင့်ကြည့်နေခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲကျ NLD နိုင်တော့ နိုင်ငံရေးမနာလိုမှုဟာ အဆိုးရွားဆုံး အဆင့်ကို ရောက်သွားခဲ့ပြီ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ကျ အာဏာသိမ်းလိုက်တယ်။ အခုထိလည်း အာဏာသိမ်းထားတုန်းပဲ။ စင်ကာပူကို မှီဖို့ဟာ နှစ်ပေါင်း ၂၀၀ လောက်များဖြစ်သွားမလား မဆိုနိုင်ဘူး။
ဆင်ခြင်ခြင်း
စင်ကာပူအကြောင်းပြောခဲ့တော့ အကောင်းတွေချည်းပဲ ရွေးပြောတယ်လို့ ထင်ချင်စရာပါ။ ချို့ယွင်းချက်တွေရှိတာလည်း ဟုတ်ပါတယ်။ စင်ကာပူမှာ အနောက်တိုင်းဒီမိုကရေစီ မထွန်းကားသေးပါဘူး။ PAP ဟာ အတိုက်အခံတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့တယ်။ အထူးသဖြင့် လီကွမ်ယုပေါ့။ နောက်ပြီး မီဒီယာတွေကိုလည်း ဖိနှိပ်ခဲ့တယ်။ လီရှန်လွန်းလက်ထက်အထိပဲ ဆိုပါတော့။ သို့သော် ဒီလိုအနောက်တိုင်းဒီမိုကရေစီစံတွေ တိုးမပေါက်သေးပေမဲ့ စင်ကာပူဟာ ခေတ်မှီတယ်။ ဖွံ့ဖြိုးတိုးတက်တယ်။ အနောက်တိုင်းစံအသားပေး လူဖြူတွေရဲ့ ယုံကြည်မှုကို ရတယ်ဆိုတာကို နိုင်ငံတကာ ဘဏ္ဍာရေးဗဟိုချက်ဖြစ်တာနဲ့တင် သိသာပါတယ်။ ပြီးတော့ အရေးကြီးတဲ့ တရုတ်နဲ့ အမေရိကန်အကြား ဘယ်ဘက်ကမှ မရပ်တည်ဘဲ စင်ကာပူအကျိုးအတွက်ဦးစားပေးမှုနဲ့ သွားနေတာ အခုထိပါပဲ။ ဒီလိုအခြေခံကောင်းတွေကို လီကွမ်ယုက ဦးဆောင်ခဲ့သလို သူ့နောက်က ဂိုချောက်တောင်နဲ့ လီရှန်လွန်းတို့ကလည်း ခြေရာထပ်ပြီး လိုက်ဲခဲ့ကြတာပါပဲ။ သူတို့တွေ ပညာတတ်လူငယ်မျိုးဆက်တွေကို ပျိုးထောင်ခဲ့ပြီး အခုတော့ ၂၀၂၄ မေလ ၁၅ ရက်မှာ မစ္စတာ လော့ရင့်ဝမ် က ဝန်ကြီးချုပ်ဖြစ်လာတယ်။ အသက်က ၅၂။ Generation 4.0 လို့ လူငယ်တွေက ပြောကြတယ်။
အနောက်တိုင်းဒီမိုကရေစီဟာ စင်ကာပူမှာ သိပ်ပြီး အသံမထွက်နိုင်ရှာဘူးဆိုတာကလည်း အကြောင်းရှိတယ်။ ဘာလို့ဆို စင်ကာပူအစိုးရက သူ့ပြည်သူကို အာဏာရှင်ဆန်ဆန် ထင်မြင်ယူဆရအောင် အုပ်ချုပ်တယ်ဆိုပေမဲ့ သူ့တိုးတက်မှုက နိုင်ငံတကာ အထင်ကြီးစရာဖြစ်လောက်အောင် လုပ်ပြထားနိုင်တယ်။ ပြည်သူတွေ ဝမ်းရေးမပူပင်ရအောင်၊ အလုပ်အကိုင်ရှိအောင်၊ ပညာတတ်အောင်၊ နောက်မျိုးဆက်တွေအတွက် ဆယ်စုနှစ်ပေါင်းများစွာ လုံခြုံမှုရှိအောင် အစီအမံတွေလုပ်ပေးထားတာ။ ပြည်ပရန်ကို နိုင်ငံတကာစာချုပ်တွေနဲ့ ကာကွယ်ထားနိုင်သလို ကိုယ်တိုင်လည်း နိုင်ငံ့ဘတ်ဂျက်ရဲ့ ၅-၆ ရာခိုင်နှုန်းလောက်သုံးပြီး ဖြည့်တင်းနေတာဖြစ်တယ်။
စင်ကာပူပြည်သူတွေဟာ နိုင်ငံရေးမှာလွတ်လပ်စွာပါဝင်ဆောင်ရွက်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားခွင့်မှာပဲ ကန့်သတ်ခံရတာဖြစ်တယ်။ တခြားကိစ္စဖြစ်တဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း၊ တရားဥပဒေစိုးမိုးမှုကျ ကမ္ဘာ့အဆင့်မီဖြစ်တယ်။
ဒီတော့ အားနည်းချက်တွေရှိပေမဲ့ စင်ကာပူမှာ ဒီမိုကရေစီတိုးမပေါက်တာ အဆန်းတော့ မဟုတ်ဘူး။ လူငယ်တွေကတော့ ဒီမိုကရေစီလိုချင်တာပေါ့လေ။ ဒါပေမဲ့ ၂၀၁၄ လူဦးရေစာရင်းအရ စင်ကာပူရဲ့ ဒဏ္ဍာရီဖြစ်တဲ့ ကိုလိုနီခေတ်ဆိပ်ကမ်းဘဝမှာ မဝရေစာစားခဲ့ရတဲ့ နာကျည်းစရာ အတိတ်ဟောင်းကို မှီတဲ့လူဦးရေက ၅၀ ရာခိုင်နှုန်းဝန်းကျင်ပဲရှိတော့တယ်။ ဆိုလိုတာက စင်ကာပူဟာ ဒီနေ့ဒီအခြေအနေရောက်ဖို့ ရှေ့မျိုးဆက် အဘိုးအဘွားတွေ ဘယ်လိုရုန်းကန်လဲဆိုတာ နောက်မျိုးဆက် လူငယ်တွေ မသိတော့ဘူးလို့ ပြောတာ။ လူငယ်တွေကတော့ ဒီမိုကရေစီတောင်းနေတာပါပဲ။
စင်ကာပူကို ခေါင်းဆောင်သုံးဦးက နှစ်ပေါင်း ၆၀ လောက် အာဏာရှင်လို အုပ်ချုပ်ခဲ့တယ်လို့ အနောက်နိုင်ငံတွေက ဆိုတယ်။ ဒီတော့ မြန်မာမှာလည်း အာဏာရှင်တွေချည်းပဲ အုပ်ချုပ်ခဲ့တာ သေချာတွက်ကြည့်ရင် ၅၂ နှစ်ကျော်ပါတယ်။
ဒါပေမဲ့ ခေါင်းဆောင်မတူ၊ စနစ်မတူ၊ အမြော်အမြင်ရှိပုံမတူတော့ ရလဒ်မတူဘူး။
ဒီမိုကရေစီစနစ်မဟုတ်ရင်တောင် လီကွမ်ယုလို ကိုယ့်နိုင်ငံအကျိုး၊ ကိုယ့်ပြည်သူအကျိုးအတွက် အသက်ရှင်တဲ့ အာဏာရှင်ဆန်သူမျိုးဆိုရင်တော့ မြန်မာပြည်သူတွေက သဘောကျမလားမဆိုနိုင်ဘူး။ အခုလည်း မြန်မာပြည်သူတွေ စင်ကာပူထွက်ပြီး အလုပ်လုပ်နေကြရတာပဲ မဟုတ်ပါလား။ စဉ်းစားဆင်ခြင်ကြဖို့ပဲ ဖြစ်ပါတယ်။
Burma Associated Press
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က