Opinion
မြို့ပြဟာ တော်လှန်ရေးကို ထားခဲ့ပြီလား
လွန်ခဲ့သော ၂ နှစ် က
BAP၊ ဖေဖော်ဝါရီ ၂၇။
“ဒီကလူတွေက ဟိုဘက်ကလူတွေကို မေ့နေသလိုပဲ”
လက်နက်ကြီးပစ်ခတ်သံတွေ၊ လေယာဉ်ဗုံးကြဲသံတွေ ကြားရလေ့ရှိတဲ့ ပဋိပက္ခနယ်မြေကနေ လွန်ခဲ့တဲ့ လပိုင်းကမှ မြို့ပြတစ်ခုကိုရောက်သွားတဲ့ လူငယ်တစ်ယောက်က ပြောတာပါ။
သူဒီလိုပြောလာခဲ့တာ စစ်ကောင်စီရဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို အသက်မသွင်းခင် ရက်သတ္တပတ်အလိုက ဖြစ်ပါတယ်။
တစ်ချိန်လုံးလိုလို ပဋိပက္ခနယ်မြေမှာနေလာတဲ့ သူ့အဖို့ မြို့ပြလူငယ်တွေရဲ့ ပေါ့ပါးတဲ့နေထိုင်မှုနဲ့ တော်လှန်ရေး နယ်မြေကို ရောက်နေတဲ့ လူငယ်တွေရဲ့ ဖြစ်တည်မှုကို ချိန်ထိုးကြည့်တဲ့အခါ အံ့ဩသွားပုံပါပဲ။
တကယ်တော့ ဒါတွေက အာဏာသိမ်းပြီး ၃ နှစ်ကြာမှ ပြောင်းလဲလာတဲ့ မြို့ပြလူနေမှုပုံစံ တစ်ခုတော့ မဟုတ်ပါဘူး။
အာဏာသိမ်းပြီး ၁ နှစ်အကြာမှာပဲ စစ်ကောင်စီရဲ့ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေ လူမဆန်တဲ့ နှိပ်စက် ညှင်းပန်းမှုတွေကြောင့် မြို့ပြဟာ ပုံမှန်အခြေအနေတစ်ခုကို ပြန်သွားနေခဲ့တာပါ။ ကျောင်းတွေဖွင့်တယ်၊ ပျော်ပွဲရွှင်ပွဲတွေဖန်တီးတယ်၊ စစ်တပ်ကို မထိခိုင်နိုင်တဲ့ ကိစ္စတွေကို ခွင့်ပြုပေးတယ် ဆိုတာမျိုးနဲ့ စစ်ကောင်စီဟာ သူတို့လိုချင်တဲ့ မြို့ပြပုံစံတစ်ခုကို ပုံဖော်ခဲ့ပါတယ်။ မြို့ပြဟာ ဒီတိုင်းပြည်ဟာ ပုံမှန်ပါပဲလို့ ပြောလို့ အကောင်းဆုံး ပြယုဂ်တစ်ခုမဟုတ်လား။
တစ်ချို့ကတော့ ဒီထဲမှာပဲ ပြန်ပြီး နေသားကျသွားခဲ့ပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။
ဖိအားအမျိုးမျိုးကြားမှာပဲ ဘီယာ၊ စားသောက်ကုန်၊ လူသုံးကုန်တွေထဲက စစ်တပ်ထုတ်ကုန်တွေကို အတတ်နိုင် ဆုံး ဆန့်ကျင်ထားမှုတွေ၊ “အောင်ဘာလေထီ” လို ရှောင်လို့ရတဲ့ ငွေကြေးတွေဟာ ၃ နှစ်ကြာတဲ့အထိ မြို့ပြမှာ ရှိနေဆဲမို့ မြို့ပေါ်နေသူ တွေဟာ တောထဲကလူတွေကို မေ့သွားပြီ တော်လှန်ရေးကို ချန်ထားခဲ့ပြီလို့ ယတိပြတ်ပြောလို့မရပါဘူး။
မြို့ပြနေသူတွေရဲ့ ထက်ဝက်မကဟာ လမ်းပေါ်ထွက်ဆန္ဒပြဖူးတယ်၊ သံပုံးတီးပြီးအာဏာရှင်ကို ဆန့်ကျင်ဖူးတယ်၊ မင်းအောင်လှိုင်ကို ဆဲဖူးတယ်၊ လမ်းမတွေထက်မှာ စစ်အုပ်စုကို ကျိန်စာတွေတိုက်ခဲ့ကြတယ်၊ ကျေးလက်တွေ ထက်ကို စစ်တပ်ရဲ့ မိုက်ရိုင်းရမ်းကားမှုတွေကို မြို့ပေါ်မှာတင် မျက်ဝါးထင်ထင်အစောဆုံး မြင်ခဲ့ဖူးတယ်၊ ထောင်တန်းကျနေတဲ့ မိသားစုတွေ မိတ်ဆွေတွေရှိတယ်၊ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူတွေဟာလည်း မြို့ပြမှာပဲရှိနေပါသေးတယ်။
ဒါတွေဟာ သိပ်ဝေးတဲ့ကာလတစ်ခုမဟုတ်သေးတာကြောင့် ဒီအဖြစ်အပျက်ကို မေ့သွားပြီ သို့မဟုတ် မေ့လိုက်လို့ရပြီလို့ မပြောနိုင်သေးပါဘူး။
မူလထဲကကိုက အာဏာသိမ်းမှုကို အပျော်တမ်းဆန္ဒပြခဲ့သူတွေကတော့ တစ်နှစ်မတိုင်ခင်ထဲက ပုံမှန်ဘဝကို ပြန်သွားနေကြပါပြီ။ သူတို့ကိုတော့ တော်လှန်ရေးရဲ့ “ဖြတ်လျှောက်” တွေလို့ သဘောထားလို့ရပါတယ်။
ပြည်ပရောက်နေတဲ့ အင်အားစုတွေကို ခဏဘေးဖယ်ထားပြီး ပြည်တွင်းမှာမှ မြို့ပေါ်ကလူတွေရဲ့ တော်လှန်ရေး အတွက် ရပ်တည်ပေးမှု၊ ဘက်ပေါင်းစုံ စောင့်ကြည့်နေတဲ့ အခက်အခဲကြားထဲက တော်လှန်သူတွေ အတွက် ခြစ်ကုပ် ထောက်ပံ့ပေးမှုတွေသာ မပါခဲ့ဘူး သို့မဟုတ် ရေရှည်မရှိခဲ့ဘူးဆိုရင် ပြည်တွင်းပုန်ကန်မှုတွေဟာ အခုလောက် တောင့်ခံနိုင်ဖို့မလွယ်သလို အခုလို မြန်မြန်ဆန်ဆန်အားကောင်းလာဖို့လည်း မလွယ်ကူပါဘူး။
“ဒီတော်လှန်ရေးဟာ အရင့်အရင်နဲ့မတူဘဲ စစ်တပ်က ထင်မထားလောက်အောင် ဘာလို့ ကြံ့ကြံ့ခံရှေ့ရောက် နေရသဲဆိုတော့ လူချမ်းသာတွေ၊ လူလတ်တန်းစားတွေရဲ့ အမျက်ဒေါသကိုလည်း စစ်တပ်ကခံနေရလို့” ဆိုပြီး မြို့ပြနေသူ တစ်ယောက် အာဏာသိမ်းပြီး ၆ လလောက်အကြာမှာ ပြောဖူးပါတယ်။
ဒါကြောင့်မို့ မြို့ပြဟာ ပျော်နေသူတွေရှိသလို ပုန်ကန်သူတွေလည်း ရှိနေဆဲပဲဆိုတာကို ယုံကြည်ထား လို့ရပါသေးတယ်။
မြို့ပြရယ် မြို့ပြနဲ့အဝေးက ပုန်ကန်သူတွေရယ်ကို စိတ်ဝမ်းကွဲအောင် လုပ်နေသူဟာ စစ်တပ်ပဲမို့ “ဘုံရန်သူ” ကိုသာ မျက်ခြေမပြတ် ဖို့ လိုပါတယ်။
မြို့ပြဟာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။
Burma Associated Press
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က
လွန်ခဲ့သော ၁၇ ရက် က