Urban Life
ညအချိန် အိမ်ပြန်ကြသူများ
လွန်ခဲ့သော ၃ နှစ် က
“၁၁ ထုပ်တောင် ကျန်တယ်၊ ၂,၂၀၀ ဖိုး ရှုံးတယ်”ဟု ရောင်းမကုန်ဘဲကျန်နေသော မုန့်ဖက်ထုပ်များကို ရေတွက် ရင်း မသင်းမာ (အမည်လွှဲ) ဆိုသည်။
ည ၈ နာရီဝန်းကျင်ခန့်တွင် အလုပ်သိမ်းအိမ်ပြန်လေ့ရှိသော သင်းမာတို့ မောင်နှမနှစ်ယောက် ထိုနေ့က ည ၈ ခွဲ ဝန်းကျင်ထိရောင်းသည်ပင် မကုန်ပေ။ အပြန်ပိုခက်မည်စိုးသောကြောင့် အိမ်ပြန်လာသော်လည်း ၂,၂၀၀ ဖိုး ကျန်နေသေးသည်။ ကားမှတ်တိုင် မီးအလင်းရောင်တွင် အပေါ်ပိုင်းမွစာကြဲနေသည့် ကြိမ်ခြင်းတောင်းထဲရှိ ကျန်နေသောမုန့်ဖက်ထုပ်ကို သင်းမာ မကြာခဏ ရေတွက်နေသည်။
စက်သုံးဆီဈေးများ တစ်ရိပ်ရိပ်တက်သည့်အပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ကုန်ထုတ်လုပ်မှု စရိတ် ပိုမြင့်လာကာ အခြေခံစားသောက်ကုန်အားလုံးနီးပါး ဈေးတက်လျက်ရှိသည်။
အပိုသုံးရန်ခက်လာသော ပြည်သူများအနေဖြင့် သရေစာကဲ့သို့ အစားအစာများဘက်သို့ လှည့်ရန် ခက်လာခြင်း သည် သင်းမာတို့ မုန့်ဖက်ထုပ်သည်များအတွက် အဆိုးပင်။
“ဈေးတွေတက်လည်း သားတို့ မုန့်ဖက်ထုပ်ကမတက်ဘူး၊ ဒီဈေးပဲ တစ်ခု နှစ်ရာပဲ “မုန့်ဖက်ထုပ် လှည့်ရောင်းသူ မောင်စာစာက ပြောသည်။ မောင်စာစာသည် ၁၀ နှစ်ဝန်းကျင်ခန့် ရှိပြီး သင်းမာ၏ မောင်ဖြစ်သည်။ မောင်နှမ နှစ်ဦး တစ်ယောက်တစ်လမ်းစီ ပတ်ရောင်းကြသည်။
“ဈေးတွေတက်လည်း သားတို့ မုန့်ဖက်ထုပ်ကမတက်ဘူး၊ ဒီဈေးပဲ တစ်ခု နှစ်ရာပဲ “မုန့်ဖက်ထုပ် လှည့်ရောင်းသူ မောင်စာစာက ပြောသည်။
၎င်းတို့ရွာသည် ကြည့်မြင့်တိုင် တစ်ဖက်ကမ်းတွင်ရှိသည်။ နေ့လည်ပိုင်းတွင် ရန်ကုန်မြစ်ကိုဖြတ်ကာ မြို့ထဲ လူ စည်ကားရာတွင် မုန့်ဖက်ထုပ် လှည့်လည်ရောင်းပြီး ည ၇ ခွဲကျော် ၈ ဝန်းကျင်တွင် သိမ်းဆည်းကာ ကြည့်မြင့်တိုင် တစ်ဖက်ကမ်းသို့ ပြန်ကြသည်။ ၎င်းတို့နှင့်အတူ အခြားမုန့်ဖက်ထုပ် ရောင်းသူများနှင့် အခြားကုန်ပစ္စည်း ရောင်းသူများလည်း ပြန်သည့်အချိန်တူသလို စုပြန်ကြသည်။
ပြန်ကြလျှင် နေ့သွင်းပေးစရာရှိသည်များ၊ အကြွေးတောင်းစရာရှိသည်များ၊ ယနေ့အတွက် အရောင်းအဝယ် အခြေအနေများကို ပေးကြဖလှယ်ကြသည်။ လမ်း၊ ဘတ်စ်ကားပေါ်၊ ကားမှတ်တိုင်တို့ကို ရောက်လျှင် အလင်းရောင်ရပြီး ဈေးဝယ်သူမရှိသောကြောင့် စကားပြောနိုင်သည့် အခြေအနေ ရှိသည်ပင်။
မမွန်မွန် (အမည်လွှဲ) သည် ကလေးငါးလသားနှင့် မုန့်ဖက်ထုပ်ရောင်းသည်။ နေ့လည် ၂ နာရီ ခွဲမှ ညမိုးချုပ် မုန့်ဖက်ထုပ်ကုန်သည်အထိ သို့မဟုတ် မပြန်လို့မရတော့သည့်အခြေအနေထိ ရောင်းသည်။ ဤကာလတွင် ၎င်းတို့မုန့်ဖက်ထုပ် ဈေးမတက်သော်လည်း ရောင်းအားကျသွားပါသည်။
မမွန်မွန်သည်လည်း ထိုနေ့ည မုန့်ဖက်ထုပ် ဆယ့်ရှစ်ခု ကျန်ကာ ဆယ်ခုစာ ရှုံးသည်။
ခါဂျာမုန့်ရောင်းသူတစ်ဦးက မမွန်မွန်၏ မုန့်ဖက်ထုပ် ၈ ခုနှင့် ၎င်း၏ ခါဂျာမုန့်လဲစားခဲ့သည်။ သို့ရာတွင် ခါဂျာမုန့်ပဲ ပေးလိုက်ကာ မုန့်ဖက်ထုပ် မယူခဲ့ပေ။ ထို့ကြောင့် တောင်းထဲတွင်ကျန်နေသည့် မုန့် ဆယ့်ရှစ်ခုတွင် မုန့် ဆယ်ခုစာက အရှုံးပေါ်ရခြင်းဖြစ်သည်။
နောက်ဆုံး ထိုဆယ့်ရှစ်ခုလုံးကို နှစ်ထောင်နှင့်ရောင်းသော်လည်း ဝယ်သူမရှိ၊ ထို့ကြောင့် ခြင်းထဲထည့် ပြန်သယ်လာရသည်။
ရောင်းမကောင်းသောကြောင့် မမွန်မွန်လည်း ထိုနေ့က အိမ်ပြန်နောက်ကျပါသည်။ ဘက်စ်ကား ရဖို့ မသေချာ တော့သော်လည်း လာမည်ဟုပင် မျှော်လင့်ထားကြသည်။ ကားမှတ်တိုင်တွင် ကားအတူ စောင့်နေသည့် သင်းမာတို့မောင်နှမက ငါးလအရွယ်ကလေးကို ကူထိန်းရင်း ကစားနေခိုက် မမွန်မွန် ဈေးရောင်းရာမှ ရသည့် ငွေကို ရေတွက်သိမ်းဆည်းနေသည်။ ကားမှတ်တိုင်တွင် မီးအလင်းရောင် ကောင်းကောင်းရသည်။ ဈေးရောင်း နေခိုက် ပိုက်ဆံများကို စနစ်တကျထားလို့မရ ငွေယူ ပြန်အမ်း အကြွေရှာစသည်တို့ကို အလွယ်လုပ်နိုင်ရန် အိတ်ထဲထည့်ထားရုံသာထားသည်။ ယခုလိုအချိန်ရောက်မှသာ တစ်နေ့စာအမြတ်တွက်ရင်း ပြန်ရေတွက်ရင်း စီရသည်။
“တူ….တူ…ရေ……ဝါး။ ဟား..ဟား..ဟား…ဟာ…..။ ခစ်…ခစ်……ခစ်……ခစ်။ “ သင်းမာတို့ မောင်နှမနှင့် ထိုငါးလသားကလေးတို့၏ အသံပင်။
၎င်းတို့ကိုကြည့်ကာ “ကလေးက ဘယ်လောက်ရှိပြီလဲ” ဒေါ်မမူ (အမည်လွှဲ) က မေးလိုက်သည်။ ဒေါ်မမူသည် လည်း အိမ်ပြန်နောက်ကျသူပင် ၎င်းကတော့ မုန့်ဖက်ထုပ်တွေကျန်သည်ဟု မညည်း၊ ၎င်း၏ မုန့်ဖက်ထုပ်တောင်း အလွတ်ကို ကိုင်ရင်းထိုင်နေသည်။ ၆၀ ကျော်ဝန်းကျင် ရှိပြီဖြစ်သည့် ဒေါ်မမူသည် ဆူညံနေသော ကလေးတွေကို ကြည့်နေသည်။ ဘက်စ်ကားလာသည့်ဘက်ကိုလည်း ကြည့်သည်။
“ဒီနေ့ဆို ငါးလနဲ့ ဆယ့်လေးရက်” မမွန်မွန် ပိုက်ဆံတွေရေတွက်ရင်း ဖြေသည်။ ကလေးသည် နေမကောင်းရာမှ နလန်ထခါစဟု မမွန်မွန်က ပြောပြသည်။ ၎င်းဈေးရောင်းရချိန်သည် ၂ ခွဲဝန်းကျင် စတင်သည်ဖြစ်သောကြောင့် ရာသီဥတုအပူဆုံးအချိန်တွင် လမ်းမပေါ် တစ်နေ့လုံးထိုင်နေရသည်ဖြစ်ရာ ကြာတော့ကလေး အပူရှပ်သည်ဟု ဆိုသည်။
“အရမ်းပူတော့ သူအပူရှပ်တာ” ဟု သင်းမာတို့မောင်နှမနှင့် ဆော့နေသော ကလေးကို လှမ်းမေးငေါ့ပြရင်း ပြောသည်။ “နေပူထဲထိုင်နေရတာဆိုတော့…” ဟု ဆိုသည်။
လက်တလောသည် မြန်မာနိုင်ငံရာသီဥတု နွေရာသီ၏အပူပြင်းဆုံးကာလဖြစ်ပြီး မကြာသေးမီက ရန်ကုန်မြို့ ကားလမ်းမပေါ်၌ ယာဉ်ထိန်းရဲတစ်ဦး လဲကျသေဆုံးခဲ့သည်။
၎င်းတို့အားလုံး ည ၈ ခွဲကျော်ပြီးချိန်တိုင် အိမ်ပြန်ရန် ဘက်စ်ကားစောင့်နေခဲ့ကြသော်လည်း မည်သည့် ဘက်စ်ကားမှ မလာပေ။
“ဟိုမှာ ကားလာပြီ ကားလာပြီ” ဟု ဒေါ်မမူက လှမ်းသတိပေးရင်း သူအရင်ထသည်။ သို့သော်ကားက မဆွဲတော့ သည့်ကားမို့ မှတ်တိုင်တွင်မရပ်ဘဲရှေ့ ဆက်သွားသည်။ ကလေးများ အပါအဝင် ၈ ယောက်ခန့် ရှိနေသည့် ကားမှတ်တိုင်ကို ဒရိုင်ဘာက သေချာ ကြည့်သွားပါသေးသည်။
ကားကမရပ်သည်မို့ ဒေါ်မမူ ပြန်ထိုင်သည်။ မမွန်မွန်လက်ထဲ ကလေးပြန်ရောက်ပြီဖြစ်ပြီး နောက်တစ်စီး ရှိဦးမှာ ပါဟုဆိုကာ ဆက်စောင့်နေကြသည်။
“ကိုယ်ပိုင်ကားရှိရင် ကောင်းမယ်” ဟူသည့် သင်းမာ၏ စကားကို မောင်စာစာက “ ကိုယ်ပိုင်ကားရှိရင် အိမ်ပြန် ရမယ့်သူတွေကို လိုက်ပို့ပေးမယ်” ဟု ဝမ်းသာအားရ ဆက်ပြောသည်။ လက်တွေ့တွင်တော့ ဘက်စ်ကား မလာနိုင်တော့ဟုထင်သဖြင့် ကားစောင့်နေသောအမျိုးသားနှစ်ဦးက လမ်းသင့်သောကြောင့် နှစ်ဦးစုပြီး ကားငှား သွားသည်။
ကားမှတ်တိုင်၌ မမွန်မွန်တို့ပဲ ကျန်ချိန်တွင်တော့ သင်းမာက ဦးဆောင်ကာ ကားငှားရန် ပြင်ဆင်ပါသည်။ အချိန်က ညကိုးနာရီ ထိုးခါနီးဖြစ်နေချေပြီ။ ရန်ကုန်မြို့၌ ညမထွက်ရ အမိန့်ကာဖျူးက ဆယ်နာရီထိဆိုသည်ကို ၎င်းတို့ အားလုံးသိသည်။
ကားဖြင့်သွားရသည့် ကြည့်မြင့်တိုင် ကမ်းနားဈေးရောက်လျှင် နောက်ထပ်လှေတစ်ဆင့် ထပ်စီးရဦးမည် ဖြစ်သောကြောင့် သင်းမာတို့အားလုံး တက်စီခအတွက် အများကြီးမသုံးနိုင်ပေ။ ၂,၅၀၀ မှန်းထားကြသော်လည်း နောက်ဆုံး ၃,၀၀၀ နှင့် လိုက်ပါသွားကြသည်။
နောက်တဆင့်တွင် သဗ္ဗာန်စီးရန် လိုပါသည်။ လှေဆိပ်နှင့် သိပ်မဝေးသည့်ဟိုဘက်မှာတော့ စစ်တပ်က တပ်စွဲ ထားပါသည်။ သိပ်နောက်ကျသွားလျှင် မထင်သလို အပစ်ခံရနိုင်သည်မို့ ညအပြန် သတိတော့ ထားကြရသည်။ ဟိုဘက်မှာ စစ်ကောင်စီစခန်းရှိသောကြောင့် ညဘက် သဗ္ဗာန် ထွက်သူသည်လည်း စွန့်စားရပါသည်။ ထို့ကြောင့် နေ့ဘက်တွင် တစ်ဦး ၃၀၀ ကျပ်ကျသင့်သည့် သဗ္ဗာန်ခသည် ညဘက်တွင် တစ်ဦး ၁,၅၀၀ ကျပ် ကျသင့်သည်။
နေ့ဘက်တွင် တစ်ဦး ၃၀၀ ကျပ်ကျသင့်သည့် သဗ္ဗာန်ခသည် ညဘက်တွင် တစ်ဦး ၁,၅၀၀ ကျပ် ကျသင့်သည်။
သင်းမာတို့၏ ပုံမှန်နေ့များတွင် လမ်းစရိတ် ကားခ၊ သဗ္ဗာန်ခ အသွားအပြန်ပေါင်း ၂,၅၀၀ ခန့် အနည်းဆုံး ကျသင့်ပြီး ဘက်စ်ကားမရှိ၍ တက္ကစီစီးရမည်ဆိုလျှင် ထိုထက်ပိုကုန်ကျသည်။ စုပြန်သည့်လူ နည်းသလောက် လည်း စရိတ်ပိုကုန်ပါသည်။ ထို့ကြောင့်လည်း ၎င်းတို့ စုပြန်ကြခြင်းဖြစ်သည်။
ကိုးနာရီဝန်းကျင် ရန်ကုန်မြို့တွင် ယခင်နှစ် ဤအချိန်ကဲ့သို့မဟုတ်ဘဲ မပိတ်သေးသောဆိုင်များနှင့် လူအချို့ကို ဟိုတစ်စဒီတစ်စ တွေ့နိုင်သည်။ ညအမှောင်၏ မီးရောင်ပျပျအောက်တွင် မြို့သည် တိတ်တဆိတ် လှုပ်ရှား လျက်သာ။
စက်သုံးဆီဈေးတက်သောကြောင့် ဝင်ငွေကျကြောင်း သင်းမာတို့ငှားလာသည့် တက္ကစီဒရိုင်ဘာက ပြောသည်။
“ကျနော့်ကားလည်း ဆီဖိုးဘာညာနှုတ်လိုက်ရင် ၅,၀၀၀ လောက်ပဲကျန်တယ်” ဟု တက္ကစီမောင်းသူက သင်းမာ၏ မုန့်ဖက်ထုပ်ရောင်းရငွေသည် လမ်းစရိတ်နှုတ်ပါက ငါးထောင်ဝန်းကျင်သာ ကျန်ကြောင်း ပြောသည်ကို အားကျ မခံ တုံ့ပြန်သည်။
“မိန်းမကပြောတယ် ငါးထောင်လောက်မှမကျန်ရင် အိမ်ပြန်မလာနဲ့ဆိုလို့” ဟု ည ၉ နာရီဝန်းကျင် တိုင်ကားဆွဲစဉ် ငှားစီးသည့်ခရီးသည် မုန့်ဖက်ထုပ်သည်များကို ဆက်ပြောပြသည်။
“အမယ်လေး အစ်ကိုကြီးကမှ ငါးထောင်ကျန်သေးတယ်။ ကျမယောက်ျား ဆိုင်ကယ်ဆွဲတာ ပြန်လာရင် တစ်ပြားမှမပါလာဘူး” ဟုမမွန်မွန်က အားပေးစကားပြောသည်။
တက္ကစီဒရိုင်ဘာက ၎င်း၏မိန်းမအနေဖြင့် ဤကာလတွင် ငါးထောင်ရလျှင်ပင် ကျေနပ်သင့်ကြောင်းနှင့် မမွန်မွန် ကတော့ ငါးထောင်သည် ဆန်ဝယ်ဆီဝယ်နှင့်ပင် ဘာမှမရကြောင်း ကလေးကို လက်တစ်ဖက်က ချီကာ တက္ကစီ ဒရိုင်ဘာ၏ အမျိုးသမီးဘက်က ရပ်တည်ပြောဆိုသည်။
လမ်းတစ်လျှောက်ရှိ ဘားနှင့် ကလပ်အချို့မှ ကျယ်လောင်သော တီးလုံးနှင့် သီချင်းဆိုသံကို ကြားရပြီး ဖွင့်လျက် ရှိသေးသော ဆိုင်များရှိ လူတချို့မှလွဲပြီး လမ်းပေါ်လူရှင်းသည်။
အရှိန်ပြင်းစွာမောင်းသွားသော ကားသံများနှင့်အတူ နီသောမီးပွိုင့်ကို ဖြတ်လာသည့်ကားများမှာလည်း ပုံမှန် အတိုင်းပင်။ သင်းမာတို့ တက္ကစီပင် မီးနီကိုမစောင့်ဘဲ ဒီအတိုင်းဖြတ်လာခဲ့ကြသည်။ သင်းမာက ၎င်းတို့ရွာတွင် ဓါးပြတိုက်မှုကြောင့် ရှစ်သိန်းခန့်ပါသွားကြောင်းနှင့် ထိုဓါးပြများသည် စစ်ဝတ်စုံများ ဝတ်ကာ စစ်သားကဲ့သို့ အယောင်ဆောင်တိုက်သွားခြင်းဖြစ်ကြောင်း ပြောပြနေသည်။
အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်အောက်တွင် တော်လှန်ရေးအသံများ ယခင်လောက် မကျယ်လောင် သော်လည်း ပျက်လိုက်လာလိုက် မီးရောင်အောက်တွင် မြို့သည်ရုန်းကန်နေဆဲဖြစ်သည်။ မြို့သည် ၎င်း၏ မြိုသိပ်ထားကြသော လက်နက်မဲ့နေထိုင်သူများကို ကောင်းစွာ ထွေးပွေ့ထားဆဲပင်။
သင်းမာတို့သည်လည်း ဤအပြန်ည၏နောက်တစ်ဆင့် သဗ္ဗာန်ခရီးအတွက် တက္ကစီပေါ်မှ ဆင်းရတော့မည် ဖြစ်သည်။ ဟိုဘက်ကမ်းမှာရှိသော သဗ္ဗာန်သမားကို ဖုန်းဆက်ခေါ်ရမည်၊ ညတိုင်းသူတို့ဒီလိုပဲ အိမ်ပြန်နေကျ ဖြစ်သည်။ ဆိပ်ကမ်းအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ စိတ်ရူးပေါက်ပြီး ထမပစ်ရန်တော့ သတိထားရမည်။
Burma Associated Press
10 months ago on March 27, 2022 at 12:24 amsss