bap-logo
Article

နိုင်ငံတကာဥပဒေ အလှည့်အပြောင်းကာလတစ်ခု ရောက်ချိန်၌ နိုင်ငံငယ်လေးတစ်ခုက မြန်မာ စစ်ကောင်စီကို ၎င်း အစီအစဉ်ဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေ

mW4bUmWtJtffCL9s69b6r-image

လွန်ခဲ့သော ၂ ရက် က

 

BAP ဘာသာပြန်။

 

လွန်ခဲ့သော လေးလခန့်ကမှ တီမောလက်စတေနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

 

ပြီးခဲ့သည့် အပတ်တွင် ထိုနိုင်ငံငယ်လေးသည် မကြုံစဖူးသော ခြေလှမ်းတစ်ရပ်ကို လှမ်းခဲ့သည်။ ၎င်း၏ တရားစီရင်ရေးဆိုင်ရာ အာဏာပိုင်များက မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိမှုကို စစ်ဆေးရန် အစိုးရရှေ့နေတစ်ဦးကို ခန့်အပ်ခဲ့သည်။ ၎င်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ယခုကဲ့သို့ အရေးယူဆောင်ရွက်သည့် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ယုံကြည်ရသည်။

 

ဤအမှုသည် မြန်မာနိုင်ငံရှိ လူနည်းစုမျိုးနွယ်စုဖြစ်သော ချင်းလူမျိုးများအတွက် တရားမျှတမှု ရှာဖွေပေးနေသည့် နစ်နာသူများအဖွဲ့ဖြစ်သော ချင်းလူ့အခွင့်အရေးအဖွဲ့၏ မဆုတ်မနစ် ကြိုးပမ်းမှု ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအဖွဲ့၏ အကြီးအကဲက တိုင်ကြားစာတင်သွင်းရာတွင် တရားမျှတမှုနှင့် လွတ်လပ်ရေးရရှိရန် တီမောလက်စတေနိုင်ငံ၏ သမိုင်းဝင် ကြိုးပမ်းမှုများနှင့်အတူ တစ်သားတည်းရှိကြောင်း ဖော်ပြခဲ့သည်။

 

တီမောလက်စတေ အာဏာပိုင်များသည် စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ခေါင်းဆောင်များကို တရားစွဲဆိုခြင်း ရှိ၊ မရှိ ယခုအခါ အကဲဖြတ်သွားမည်ဖြစ်သည်။

 

မည်သည့်တရားစွဲဆိုမှုမဆို "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်" (universal jurisdiction) အခြေခံဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းမှာ ရာဇဝတ်မှုများ မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ဖြစ်စေ၊ နစ်နာသူ သို့မဟုတ် ကျူးလွန်သူ၏ နိုင်ငံသားဖြစ်မှု မည်သို့ပင်ရှိစေကာမူ နိုင်ငံတကာ ရာဇဝတ်မှုများဟု စွပ်စွဲခံရသော အမှုများကို ပြည်တွင်းတရားရုံးများက ကြားနာစစ်ဆေးခွင့်ပြုသည့် ဥပဒေရေးရာမူ ဝါဒတစ်ခုဖြစ်သည်။

 

⏹︎ နိုင်ငံတကာတရားရုံးများ၏ ကန့်သတ်ချက်များ

 

ပြီးခဲ့သည့် အပတ်က ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခ ၂၃ ခုကို အဓိကထား လေ့လာထားသည့် သုတေသန စာတမ်းတစ်ခုတွင် အရပ်သားများကို အကာအကွယ်ပေးရန် ရည်ရွယ်ထားသည့် နိုင်ငံတကာ ဥပဒေစနစ်သည် "အလှည့်အပြောင်းကာလ" (breaking point) သို့ ရောက်ရှိနေကြောင်း ဖော်ပြထားသည်။ စောင့်ကြည့်လေ့လာသူများကလည်း ကုလသမဂ္ဂ၏ ရှေ့အနာဂတ်ရှိပါသေးရဲ့လားဟု မေးခွန်းထုတ်နေကြသည်။

 

စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တရားစွဲဆိုရာတွင် နိုင်ငံတကာတရားရုံးများသည် ထိရောက်မှု အကန့်သတ်ရှိသည်မှာ ကာလရှည်ကြာကတည်းက ရှင်းလင်းနေခဲ့ပြီးဖြစ်သည်။

 

ဝေဖန်သူများက နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) သည် ရွေးချယ်မှုပြု၍ တရားစွဲဆိုမှုများ ပြုလုပ်နေပြီး အလွန်နှေးကွေးသည့်အပြင် အရေးယူဆောင်ရွက်နိုင်သည့် အာဏာလည်း အားနည်းသည် ဟု စောဒကတက်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ထိုတရားရုံးသည် အမှုပေါင်း ၃၄ ခုကို ကြားနာခဲ့ပြီး ပြစ်ဒဏ်ချမှတ်နိုင်မှု ၁၃ ခုသာ ရှိခဲ့သည်။

 

သို့သော် တရားရုံးကို ထောက်ခံသူများကမူ ၎င်းမှာ မတရားသဖြင့် အပုပ်ချတိုက်ခိုက်ခံနေရခြင်း ဖြစ်သည်ဟု ပြောဆိုကြပြီး ပြီးခဲ့သည့်နှစ်တွင် ထိုတရားရုံးအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည့် ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များကို ထောက်ပြကြသည်။

 

တစ်ချိန်တည်းမှာပင် နိုင်ငံတကာတရားရုံး (ICJ) သည် နိုင်ငံများကို ရာဇဝတ်မှုများအတွက် တာဝန်ယူခိုင်းနိုင်သော်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုမူ အရေးမယူနိုင်ပေ။

 

ICC နှင့် ICJ နှစ်ခုစလုံးသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ၎င်းတို့မှာ အာဏာမသိမ်းမီက ရိုဟင်ဂျာလူနည်းစုအပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ရာဇဝတ်မှု များကိုသာ ကိုင်တွယ်နေခြင်းဖြစ်သည်။ ICC ၏ အမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တစ်စိတ်တစ်ပိုင်း ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များ အကျုံးဝင်သည်။

 

 

ICC ၏ ရှေ့နေချုပ်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် တရားသူကြီးများထံ တောင်းဆိုခဲ့သော်လည်း တစ်နှစ်ကျော် ကြာသည်အထိ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မထွက်ပေါ်သေးပေ။

 

⏹︎ ပြည်တွင်းတရားရုံးများအတွက် စိန်ခေါ်မှုများ

 

ဤအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သည် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ ကုလသမဂ္ဂအနေဖြင့်လည်း ဆီးရီးယားနှင့် မြန်မာနိုင်ငံတို့အတွက် စုံစမ်းစစ်ဆေးရေး ယန္တရားများကို တည်ထောင်ကာ နောင်တွင် ပြည်တွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးများ၌ တရားစွဲဆိုရန် သက်သေအထောက်အထားများ စုဆောင်းခြင်းဖြင့် ဤအချက်ကို သွယ်ဝိုက်၍ အသိအမှတ်ပြုထားသည်။

 

နိုင်ငံအများအပြားတွင် ညှဉ်းပန်းနှိပ်စက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုများ ကဲ့သို့သော နိုင်ငံတကာရာဇဝတ်မှုများကို တရားစွဲဆိုနိုင်သည့် ဥပဒေများ ရှိကြသည်။ အားနည်းချက်မှာ စုံစမ်းစစ်ဆေးမှုများအတွက် ရန်ပုံငွေ အရင်းအမြစ်များနှင့် ၎င်းတို့ကို မည်သို့ဆောင်ရွက်ရမည်ဆိုသည့် ပွင့်လင်းမြင်သာသော စံနှုန်းများ သို့မဟုတ် လမ်းညွှန်ချက်များပင် ဖြစ်သည်။

 

အမှုများ စတင်လာသည့်အခါတွင်လည်း အခြားစိန်ခေါ်မှုများ ရှိနေပါသေးသည်။ တစ်ချက်မှာ ပြည်တွင်း တရားရုံးများ၏ လက်လှမ်းမီမှု အကန့်အသတ်ရှိခြင်းဖြစ်သည်။ အဆင့်မြင့်အရာရှိများသည် သံတမန် ရေးရာ ကင်းလွတ်ခွင့်ကို အသုံးပြုနိုင်ခြင်း သို့မဟုတ် ၎င်းတို့ တရားစွဲဆိုခံရနိုင်သည်ဟု ယူဆရသော နိုင်ငံများကို ရှောင်လွှဲသွားနိုင်ခြင်းကြောင့် ဖမ်းဆီးရန် ခက်ခဲစေသည်။

 

အဆင့်နိမ့် သို့မဟုတ် အလတ်စား ကျူးလွန်သူများကို တရားစွဲဆိုရန်မှာပင် နိုင်ငံရေးအရ အခက်တွေ့နိုင် ပါသည်။ အမှုများသည် ကုန်ကျစရိတ်ကြီးမြင့်နိုင်ပြီး အထူးသဖြင့် သက်သေများနှင့် အထောက်အထား များမှာ ပြည်ပတွင်သာ ရှိနေသောအခါ လက်တွေ့ပိုင်း၌ ခက်ခဲနိုင်ပါသည်။

 

ထိုရာဇဝတ်မှုများ၏ အတိုင်းအတာနှင့် ရှုပ်ထွေးသော သဘောသဘာဝတို့မှာလည်း ၎င်းတို့နှင့် အတွေ့ အကြုံနည်းပါးသော ပြည်တွင်းရာဇဝတ်တရားရုံးများအတွက် စိန်ခေါ်မှု ဖြစ်စေနိုင်ပါသည်။

 

ကြားနာစစ်ဆေးမှုများ ရှေ့ဆက်သွားခဲ့လျှင်ပင် နစ်နာသူများအနေဖြင့် တရားမျှတမှု ရရှိရန် ခဲယဉ်းနေဆဲ ဖြစ်နိုင်သော်လည်း ထိုအမှုများမှာ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာမြောက် သို့မဟုတ် သင်္ကေတအရ ရည်မှန်းချက်များ ရှိနေပါသည်။

 

စစ်ဆေးစီရင်မှုများ ရှေ့ဆက်သွားခဲ့လျှင်ပင် ၎င်းအမှုများမှာ ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် သို့မဟုတ် သရုပ်ပြသနိုင်စေရန် ရည်မှန်းချက်များရှိနေနိုင်သော်လည်း နစ်နာဆုံးရှုံးခဲ့ရသူတွေအတွက်မူ တရားမျှတမှုကို ရရှိရန် ခက်ခဲနေဦးမည် ဖြစ်သည်။

 

 

သို့သော် အောင်မြင်မှုများလည်း ရှိခဲ့ဖူးသည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က Chad နိုင်ငံ၏ သမ္မတဟောင်း Hissène Habré ကို ဆီနီဂေါနိုင်ငံ၌ နိုင်ငံတကာရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုအမှုကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ တွန်းအားပေးမှုဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

⏹︎ နိုင်ငံများ ပိုမိုပါဝင်လာရန် လိုအပ်သည်

 

တီမောလက်စတေ၏ လက်ရှိနောက်ဆုံး ကြိုးပမ်းမှုသည် နစ်နာသူများအဖွဲ့က မြန်မာပြည်သူများ အတွက် တရားမျှတမှု ရရှိရန် နိုင်ငံအသီးသီးတွင် ကြိုးပမ်းခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် မြန်မာခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ခဲ့သည့် အာဂျင်တီးနား၊ တူရကီနှင့် ဂျာမနီနိုင်ငံတို့ ပါဝင်သည်။

 

အာရှပစိဖိတ်ဒေသတွင်လည်း ရှေ့နေများသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ အမှုဖွင့်ရန် ကြိုးပမ်းခဲ့ကြသည်။

 

ဥရောပနိုင်ငံများသည် ရာဇဝတ်မှုများကို တရားစွဲဆိုရန် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ပိုမို အသုံးပြုလာကြသော်လည်း အခြားနိုင်ငံများမှာမူ ထိုအမှုများကို လက်ခံဆောင်ရွက်ရန် စိတ်အားထက် သန်မှု နည်းပါးကြသည်။ ဥပမာအားဖြင့် ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့တွင် ထိုသို့ဆောင်ရွက်နိုင် သည့် ဥပဒေများ ရှိနေသည့်အတွက် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ပိုမိုလုပ်ဆောင်သင့်သည်ဟု အချို့က အကြံပြုကြသည်။

 

၎င်းမှာ တရားစွဲဆိုရေးဆိုင်ရာ ခက်ခဲသော လုပ်ငန်းစဉ်များကို အခြားသူများ ဖြစ်နိုင်လျှင် အရင်းအမြစ် ပိုမိုနည်းပါးသော တရားရုံးများထံသာ လွှဲပြောင်းပေးထားသလို ဖြစ်နေသည်။

 

ကမ္ဘာတစ်ဝန်းတွင် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ဖြစ်ပွားနေချိန်၌ အစိုးရများအနေဖြင့် နိုင်ငံတကာတရားမျှတမှုကို နှုတ်ဖြင့်သာ ထောက်ခံနေရန်မဟုတ်ဘဲ၊ မိမိတို့နိုင်ငံအတွင်း၌ပင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမှန်တကယ် သန္နိဋ္ဌာန်ချထားကြောင်း ပြသရန်မှာ ယခင်ကထက် ပိုမိုအရေးကြီးလာပြီဖြစ်သည်။

ကိုးကား - www.abc.net.au

ပုံစာ - ၂၀၂၁ ခုနှစ် ရန်ကုန်မြို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ မြင်ကွင်း။ (ဓာတ်ပုံ - BAP)

Burma Associated Press

 

 

တီမောလက်စတေ
အာဆီယံ

Share With
bap-logo