bap-logo
Article

တရုတ်-မြန်မာအနီး အကြမ်းဖက်မှုများဖြစ်နေသော အိန္ဒိယနယ်စပ် အကျပ်အတည်းမှသည် ပြည်တွင်းစစ် ဖြစ်နိုင်သည့်အန္တရာယ်

kjHfQPOfizoI3sjdqi-Hy-image

လွန်ခဲ့သော တစ်နှစ် က

 

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က မငြိမ်သက်မှု ပိုမိုဆိုးရွားလာသည့် မနီပူရ်ပြည်နယ်တွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိနေပြီဟု အခိုင်အမာဆိုထားသည်။ သို့သော် စစ်ဒဏ်ခံနေရသည့် မြန်မာနိုင်ငံ၊ နယ်စပ်မျဉ်းအငြင်းပွားမှုဖြစ်နေသည့် တရုတ်နှင့်လည်း မဝေးကွာသည့် မဟာဗျူဟာရှေ့တန်း နယ်စပ်တွင် မတည်ငြိမ်မှုဖြစ်စေနိုင်သည့် အရှေ့မြောက်အစွန်းဘက်ရှိ မနီပူရ်ပြည်နယ်တွင် ကာလကြာရှည်လာပြီဖြစ်သော ပြည်တွင်းစစ်ဖြစ်ပွားနိုင်ခြေများ ပေါ်ထွက်လာနေသည်။

 

ပါကစ္စတန်၊ တရုတ်တို့အတွက် အိန္ဒိယ၏ အဓိက ရှေ့တန်းနယ်မြေဖြစ်သော ကက်ရှ်မီးယားဒေသမှ မိုင် ၁,၀၀၀ ဝေးကွာသည့် မနီပူရ်တွင် လူများစု ဟိန္ဒူ မေထေး အသိုင်းအဝန်းနှင့် အခြားတစ်ဘက်တွင် ခရစ်ယာန်ကိုးကွယ်သူအများစုပါဝင်သည့် ကူကီ-ဇို အသိုင်းအဝန်းတို့အကြား မေလက လူမျိုးရေးနှင့် နယ်မြေဆိုင်ရာ တင်းမာမှုများက အကြမ်းဖက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

 

လူပေါင်း ၁၈၀ အထက် သေဆုံးခဲ့ပြီး အိမ်များနှင့် ဘာသာရေးနယ်မြေများကို မီးရှို့ခြင်း၊ လူမျိုးရေးလှုံ့ဆော်မှုကြောင့် တိုက်ခိုက်မှုများ၊ အမျိုးသမီးများကို ပစ်မှတ်ထားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအများအပြား ကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

 

အာသံ အရံရိုင်ဖယ်တပ်များအပါဝင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များ၏ အခြေအနေထိန်းသိမ်းရန် ကြိုးပမ်းမှုများသည် ဒေသခံရဲများနှင့် Modi  Bharatiya Janata Party (BJP) ပါတီထောက်ခံသူများကပါ ရန်ငြိုးထားမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ငြိမ်းချမ်းရေးလမ်းကြောင်းမှေးမှိန်စေကာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ အိန္ဒိယကို ချောက်ကမ်းပါးအစွန်းသို့ တွန်းပို့ရန် ခြိမ်းခြောက်လာခဲ့သည်။

 

အိန္ဒိယသမိုင်းမှာ ဘယ်တုန်းကမှ တိုင်းရင်းသားနှစ်စုက ကတုတ်ကျင်းတွေတူးထားကြပြီး အရပ်သားအစုအဖွဲ့တွေက စိန်ပြောင်းနဲ့ပစ်တာတွေ၊ တိုက်ပွဲဖော်ဆောင်တာတွေ မရှိခဲ့ဖူးပါဘူး။” ဟု နယူးဒေလီအခြေစိုက် နိုင်ငံရေးသုတေသနစင်တာမှ အကြီးတန်းအဖွဲ့ဝင်နှင့် ဆယ်စုနှစ် ၂ ခု အကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အိန္ဒိယစစ်မှုထမ်းဟောင်းလည်းဖြစ်သူ Sushant Singh က Newsweek ကိုပြောကြားသည်။

 

အိန္ဒိယသမိုင်းမှာ ဘယ်တုန်းကမှ တိုင်းရင်းသားနှစ်စုက ကတုတ်ကျင်းတွေတူးထားကြပြီး အရပ်သားအစုအဖွဲ့တွေက စိန်ပြောင်းနဲ့ပစ်တာတွေ၊ တိုက်ပွဲဖော်ဆောင်တာတွေ မရှိခဲ့ဖူးပါဘူး။”

 

 

"ဒေသတွင်းဖြစ်စဉ် ဆိုပေမယ့် အိန္ဒိယက ပြည်တွင်းစစ်ကို အနီးကပ်ဆုံး မြင်ဖူးတာပဲဟု ဖြည့်စွက်ပြောကြားသည်။

 

အိန္ဒိယသည် အုံကြွမှုနှင့် ပုန်ကန်ထကြွမှု အတော်များများကို ကိုလိုနီခေတ်အလွန် ၇၆ နှစ်တာအတွင်း ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ၎င်းတို့တွင် လွန်ခဲ့သည့် လေးနှစ်က မူဆလင်နယ်မြေအများအပြားပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသရရှိထားမှုကို Modi က ပြန်လည်ရုပ်သိမ်းပြီး တပ်အင်အားအများအပြား ပေးပို့ခဲ့သည့် ကက်ရ်ှမီးယားဒေသမှ ဆက်လက်ဖြစ်ပွားနေသော မငြိမ်သက်မှုလည်း ပါဝင်သည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားကြသော တောင်အာရှပြိုင်ဘက်နှစ်နိုင်ငံဖြစ်သည့် အိန္ဒိယ၊ ပါကစ္စတန် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်စပ်တွင် ပါကစ္စတန်က စစ်ရေးလှုပ်ရှားမှုများကို ‌ထောက်ခံအားပေးသည့်အတွက် အိန္ဒိယက ပြစ်တင်ဝေဖန်ခဲ့ပြီး ပါကစ္စတန်ကလည်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။

 

ကက်ရ်ှမီးယားတွင် ဘာသာရေးနှင့် နိုင်ငံရေးတို့ကြောင့် တင်းမာမှု ဖြစ်ပေါ်နေချိန်အတွင်းမှာပင် ပြည်တွင်းစစ် ပိုမိုဆိုးရွားလာနေသော မြန်မာနိုင်ငံ၏ နယ်စပ်ဖြစ်သည့် မနီပူရ်မှ အကျပ်အတည်းက ဒေသတွင်းမကျေလည်မှုများ နက်ရှိုင်းစွာအမြစ်တွယ်နေခြင်း၏ ရလဒ်အဖြစ် မတည်ငြိမ်မှု အတိုင်းအတာတစ်ခုသို့ မြင့်တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပဋိပက္ခများဖြစ်ပွားနေသည့် မြန်မာနိုင်ငံမှ မနိပူရ်သို့ ဒုက္ခသည်များ ဝင်ရောက်လာခဲ့ကြပြီး ၎င်းတို့တွင် ကူကီမျိုးနွယ်များနှင့် ပိုမိုကျယ်ပြန့်သည့် ဇိုတိုင်းရင်းသားအုပ်စုများလည်း ပါဝင်ကာ ၎င်းတို့သည် အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ ဒေသခံများအဖြစ် နေထိုင်ကြသူများ ဖြစ်ကြသည်။

 

မြန်မာနိုင်ငံလို နိုင်ငံတွေ၊ ပြည်နယ်တွေနဲ့ ထိစပ်ရောယှက်နေတဲ့ နယ်စပ်ဒေသတွေရဲ့ မတည်ငြိမ်မှုတွေက နိုင်ငံတော်လုံခြုံ‌ရေးနဲ့ ဆက်စပ်ပါတယ်။” Sushant Singh က ပြောကြားသည်။ "ဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းကနေပြီး အကြီးမားဆုံးအန္တရာယ်ကျရောက်နိုင်ခြေအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။ မနီပူရ်မှာ တိုင်းရင်းသားလမ်းကြောင်း ခွဲခြားပြီးဖြစ်ပါတယ်။ အရေအတွက် အမြောက်အများရှိတဲ့ စစ်သားနဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့က ဒီအခြေအနေကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။”

 

ဒုတိယ စိန်ခေါ်မှုကတော့ ရဲလက်နက်တိုက်တွေကနေ ရယူသွားကြတဲ့ သေစေနိုင်တဲ့ လက်နက်တွေ လူအုပ်ကြီးဆီမှာ အမြောက်အများရောက်ရှိနေတာပဲ ဖြစ်ပါတယ်။” ဟုလည်း ဖြည့်စွက်ပြောကြားသည်။

 

ဒုတိယ စိန်ခေါ်မှုကတော့ ရဲလက်နက်တိုက်တွေကနေ ရယူသွားကြတဲ့ သေစေနိုင်တဲ့ လက်နက်တွေ လူအုပ်ကြီးဆီမှာ အမြောက်အများ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။”

 

 

မနီပူရ်တွင် ပြဿနာများ ကာလရှည်ကြာဖြစ်ပွားနေသော်လည်း "လက်ရှိအကျပ်အတည်းက ပြင်းထန်ပြီး မကြာခင် တိုးတက်ကောင်းမွန်လာမယ့် လက္ခဏာတော့ မတွေ့ရသေးပါဘူး။” ဟု နယူးယော့ခ်ရှိ Bard တက္ကသိုလ်မှ အိန္ဒိယအရှေ့မြောက်နိုင်ငံရေးအထူးပြု ပါမောက္ခ Sanjib Baruah က ပြောကြားသည်။

 

ဒါက Modi အစိုးရရဲ့ အခြေအနေတည်ငြိမ်အောင် မစွမ်းဆောင်နိုင်မှုတစ်ခုတည်း မဟုတ်ဘူး။ ဒီလို အခြေအနေမှာ အသုံးပြုရမယ့် စံချိန်စံညွှန်း မူဝါဒတွေကို အသုံးပြုဖို့ တွန့်ဆုတ်နေတာပဲ။” ဟု Baruah က စောဒက တက်သည်။ ၎င်းမူဝါဒများတွင် ကက်ရ်ှမီးယားဒေသ၌ ဒေသတွင်းအစိုးရ မလည်ပတ်နိုင်၍ ၎င်းဒေသအာဏာပိုင်များကို ဗဟိုအစိုးရမှ ဖယ်ရှားကာ "သမ္မတ၏ စိုးမိုးအုပ်ချုပ်မှု” အရေးပေါ်ကြေညာပြဌာန်းခြင်း ပါဝင်သည်။

 

မနီပူရ်အရေးတွင် အဓိကကွာခြားချက်မှာ ပြည်နယ်ခေါင်းဆောင်ဖြစ်သည်။ မေထေးအသိုင်းအဝိုင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝန်ကြီးချုပ် Nongthombam Biren Singh က အစွန်းရောက်အဖွဲ့များ၏ သဘောထားများကို ထုတ်ဖော်ပြောဆိုသည့် BJP ပါတီထောက်ခံသူတစ်ဦးဖြစ်သည်။

 

“Modi အစိုးရရဲ့ နေမြဲအတိုင်း နေထိုင်ရေး ဆုံးဖြတ်ချက်က အာဏာရပါတီရဲ့ ဟိန္ဒူအမျိုးသားရေးစီမံချက်အမြင်ကနေကြည့်တဲ့ မဟာဗျူဟာသာ ဖြစ်ပါလိမ့်မယ်” ဟု Baruah က Newsweek ကို ပြောသည်။

 

“BJP ပါတီရဲ့ မဟာမိတ် ဟိန္ဒူအမျိုးသားရေးအဖွဲ့အစည်းတွေက အိန္ဒိယအရှေ့မြောက်ပိုင်းမှာရှိတဲ့ များပြားသိပ်သည်းတဲ့ ခရစ်ယာန်လူဦးရေကို စံပြအခြေအနေအဖြစ် မရှုမြင်နိုင်ခဲ့တာ ကြာပြီဖြစ်တဲ့အတွက် ဒီဒေသကို နေထိုင်ရခက်ခဲတဲ့ ဒေသဖြစ်စေခဲ့ပါတယ် ဟု ၎င်းက ပြောသည်။ "အစ္စလမ်ဘာသာလိုပဲ 'နိုင်ငံရပ်ခြားဘာသာတစ်ခုလို့ ခရစ်ယာန်ဘာသာပျံ့နှံ့မှုကို ဆန့်ကျင်ခြင်းက ဒီယုံကြည်မှုတွေကို လိုက်နာတဲ့ အိန္ဒိယတွေရဲ့ အမြင် မဟုတ်ဘဲ မနီပူရ်နဲ့ အိမ်နီးချင်းပြည်နယ်တွေရဲ့ လုပ်ရပ်တွေအပေါ် အဓိက လှုံ့ဆော်ချက်တစ်ခုဖြစ်ပါတယ်

 

အိန္ဒိယတပ်မတော်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ BJP ပါတီ၏ နိုင်ငံအဆင့်၊ ပြည်နယ်အဆင့် ပြောခွင့်ရပုဂ္ဂိုလ်တို့ကို မှတ်ချက်ပေးနိုင်ရန် Newsweek က ဆက်သွယ်ခဲ့သည်။

 

BJP နှင့် ဝန်ကြီးချုပ် Singh တို့၏ အခန်းကဏ္ဍကို အိန္ဒိယအရှေ့မြောက်ပိုင်းဆိုင်ရာများ နှစ်ပေါင်းများစွာ ရေးသားဖော်ပြခဲ့သည့် လွတ်လပ်သော ဂျာနယ်လစ် Makepeace Sitlhou ကလည်း ထင်ရှားအောင် ဖော်ပြထားသည်။

 

မနီပူရ်ခေါင်းဆောင်သည် ချိုင့်ဝှမ်းအခြေပြု လူများစု မေထေးများနှင့် တောင်တန်းဒေသနေ ကူကီ-ဇိုတို့အကြား ရင်ကြားစေ့ရေးထောက်ခံသူဟု ကနဦးတွင် ၎င်းကို ၎င်း တင်ပြခဲ့သော်လည်း ယင်းအခြေအနေသည် BJP နှင့် မနီပူရ်မှ မေထေးလူမှုအသိုင်းအဝန်းနှင့်ပါ ကွဲလွဲနေသည်ဟု Sitlhou က ရှင်းပြသည်။ ၂၀၂၂ ခုနှစ်တွင် ၎င်း ပြန်လည်ရွေးကောက်ခံခဲ့ရသော်လည်း သူသည် "မေထေးတိုင်းရင်းသား အများစုကြိုက်နှစ်သက်မည့် ကူကီ-ဇိုမျိုးနွယ်စုများသည် 'ဘိန်းစိုက်ပျိုးသူများ’၊ 'တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ’ဟူ၍ ပုံဖော်လာခဲ့ခြင်း၊ မြန်မာဒုက္ခသည်အကျပ်အတည်းကို မနီပူရ်မှ အနည်းငယ်သာ ခံရသော်လည်း အမြတ်ထုတ်လာခြင်းတို့ပြုလုပ်လာခဲ့ကြောင်း  သူမက စောဒကတက်ခဲ့သည်။

 

ပြည်နယ်ရဲ့ အခြေအနေတွေ မတည်ငြိမ်နိုင်တာကတော့ လက်နက်ကိုင်လူအုပ်ကြီးကို ထိန်းသိမ်းဖို့နဲ့ အကြမ်းဖက်မှုတွေ လျော့ချဖို့ နိုင်ငံရေးဆန္ဒ အားနည်းခြင်းကြောင့်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်နယ်အစိုးရကို တူညီတဲ့ ပါတီရဲ့ ဖက်ဒရယ်အစိုးရက ကာကွယ်ပေးထားလို့ပါပဲ။” ဟု Sitlhou က Newsweek ကို ပြောသည်။ "နောက်နှစ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပရမှာ ဖြစ်တဲ့အတွက် BJP အစိုးရက ဘာသာရေးဖြစ်စေ လူမျိုးရေးဖြစ်စေ လူအများကြိုက်ရာလိုက်တဲ့စနစ်ကို အခြေခံတဲ့ သွေးခွဲတဲ့နိုင်ငံရေး နည်းလမ်းဟောင်းသုံးပြီး ဖြေရှင်းနေပါတယ်။

 

Modi နှင့် BJP တို့က တရုတ်အရေးတွင် အိန္ဒိယ၏ ကျယ်ပြန့်သော လုံခြုံရေးကို မြှင့်တင်ရန် တရုတ်အပေါ် တင်းမာသော ရပ်တည်မှုကို ရွေးချယ်ထားခြင်းနှင့်ပတ်သက်၍ အိန္ဒိယရည်ရွယ်သကဲ့သို့ပင် တရုတ်သည် မြန်မာနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများနှင့် ခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်ထားကြောင်း Sitlhou က သတိပေးသည်။ "မကျေလည်မှုတွေ ဆက်လက်ရှိနေတာက တရုတ်နိုင်ငံရဲ့ အရင်ကလုပ်ခဲ့တဲ့အတိုင်း ခွဲထွက်ရေးအုပ်စုတွေကို လေ့ကျင့်ပေးဖို့၊ ရံပုံငွေထောက်ပံ့ပေးဖို့ ပြင်းထန်တဲ့ တွန်းအားဖြစ်လာစေပါလိမ့်မယ်

 

တရုတ်၏ အဓိကစိုးရိမ်မှုမှာ မနီပူရ်၏ အပြင်ဘက် အိန္ဒိယအရှေ့မြောက်တွင်သာ ရှိကြောင်း၊ အတိအကျဆိုရလျှင် တိဘက်တောင်ပိုင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရုတ်က တောင်းဆိုထားသည့် ပို၍ အရှေ့မြောက်ဘက်ကျရောက်သော Arunachal Pradesh တွင်သာ ရှိကြောင်း အရှေ့အာရှအစီအစဉ် တွဲဖက်ညွှန်ကြားရေးမှူးနှင့် ဝါရှင်တန်အခြေစိုက် Stimson Center မှ တရုတ်အစီအစဉ် ညွှန်ကြားရေးမှူးဖြစ်သူ Yun Sun ထောက်ပြပြောဆိုသည်။

 

"မနီပူရ်က အကြမ်းဖက်မှုတွေနဲ့ မငြိမ်သက်မှုတွေက တရုတ်အတွက် ကောင်းမွန်တဲ့ တိုးတက်မှုတွေလို့ပဲ မြင်ကြမှာပါ။” သူမက ထောက်ပြသည်။

 

အနိမ့်ဆုံးတော့ အိန္ဒိယနိုင်ငံဆိုတာ ညီညွတ်မှု ဒါမှမဟုတ် ပြည်တွင်းစည်းလုံးမှုအနည်းငယ်နဲ့ အတုအယောင်ဖန်တီးထားမှုသာဖြစ်တယ်ဆိုတာကို သက်သေခံနေမှာဖြစ်ပါတယ် ဟု Yun က Newsweek သို့ ပြောသည်။ "ဒါက တရုတ် ပိုင်ဆိုင်ကြောင်း တောင်းဆိုထားတဲ့ အရှေ့မြောက်ဒေသက နယ်မြေတချို့မှာ မတရားမှုတွေဖြစ်ပေါ်နေပြီး ဒေသခံတွေရဲ့ တိုက်ခိုက်မှုရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း သွယ်ဝိုက်ပြီး အားကောင်းခိုင်မာစေပါတယ်။ တရုတ်အတွက်တော့ ဒါက အငြင်းပွားနယ်မြေဆိုတာကို သေသေချာချာ အကျုံးဝင်စေပါတယ်။

 

အနိမ့်ဆုံးတော့ အိန္ဒိယနိုင်ငံဆိုတာ ညီညွတ်မှု ဒါမှမဟုတ် ပြည်တွင်းစည်းလုံးမှု အနည်းငယ်နဲ့ အတုအယောင်ဖန်တီးထားမှုသာ ဖြစ်တယ်ဆိုတာကို သက်သေခံနေမှာ ဖြစ်ပါတယ်

 

 

တရုတ်က အိန္ဒိယရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်တဲ့အဆင့်ထိတော့ လုပ်ဆောင်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် မနီပူရ်က အကြမ်းဖက်မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ ပြည်တွင်းပြဿနာတွေက အိန္ဒိယရဲ့ ပြည်တွင်းမူဝါဒနဲ့ နိုင်ငံခြားရေးမှာ အရေးပါမှုကိုတော့ ပျက်ပြားစေပါတယ်။

 

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးပြောခွင့်ရသူ Liu Pengyu ကို မှတ်ချက်ပေးရန် Newsweek က ဆက်သွယ်ခဲ့ရာ အိန္ဒိယနှင့် မြန်မာပါဝင်နေသည့် တင်းမာမှုကို သီးခြားမှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး "အခြေခံမူအားဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် တရုတ်ရဲ့ ချဉ်းကပ်မှုက တသမတ်တည်းပါပဲ” ဟု ဖော်ပြခဲ့သည်။

 

အရေးအခင်းကို စိုးရိမ်သူတို့အနေဖြင့် ပြောဆိုဆွေးနွေးခြင်း၊ တိုင်ပင်ညှိနှိုင်းခြင်းတို့ကဲ့သို့သော နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် လိုအပ်‌သည်ဟု ယုံကြည်ပါသည် ဟု Liu က ပြောသည်။

 

အိန္ဒိယသည် တရုတ်ချဉ်းကပ်ပုံဖြစ်သည့် "မြန်မာမူဝါဒကို ပြန်လည်စဉ်းစားနေစဉ်အတွင်းမှာပင် မနီပူရ်မှ အကြမ်းဖက်မှုများကို အရေးတကြီး ဖြေရှင်းရန် လိုအပ်မှုအပေါ် ဖော်ထုတ်ဖြေရှင်းပုံကို ပြောင်းလဲအသုံးချနိုင်သည်ဟု အင်ဒို-ပစိဖိတ် ပထဝီနိုင်ငံရေးနှင့် အရှေ့တောင်အာရှလေ့လာမှုကို အထူးပြုထားသည့် လွတ်လပ်သော မူဝါဒအကြံပေး Akash Sahu က စောဒကတက်သည်။

 

စစ်အာဏာရှင်နဲ့ တွေ့ထိဆက်ဆံနေတဲ့အချိန်မှာပဲ မြန်မာနိုင်ငံ၏ လုံခြုံရေးအတွက် အခြားသော သက်ဆိုင်သူတွေ ပါ၀င်လာအောင် သူ့ရဲ့ ဆက်ဆံရေးကို ကွဲပြားစုံလင်ဖို့ ကြိုတင်ပြင်ဆင်လို့ရနိုင်ပါတယ်။ စစ်အာဏာရှင်နဲ့လည်း ဆက်ဆံရေးကောင်း ရှိထားတယ်၊ တရုတ်-မြန်မာနယ်စပ်ဒေသတလျှောက်က တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းအများကြီးနဲ့လည်း နီးကပ်မှုရှိတယ်ဆိုတဲ့ တရုတ်ရဲ့ အလွှာစုံထိတွေ့ဆက်ဆံရေးကို အတုယူနိုင်ပါတယ် ဟု Sahu က Newsweek ကို ပြောသည်။

 

သို့မဟုတ်ဘဲ မနီပူရ်မှ အကျပ်အတည်းကို မဖြေရှင်းနိုင်လျှင် ရှည်လျားကျယ်ပြန့်သော အကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင်သည်။

 

အိန္ဒိယက တရုတ်၊ ပါကစ္စတန်တို့နဲ့ နယ်စပ်မှာ နယ်မြေမျှဝေရေး ပဋိပက္ခရှိနေတယ်။ အရှေ့မြောက်ဘက်မှာ အကျပ်အတည် းဖြစ်ပေါ်လာတာက ဒေသတွင်းမှာရော နိုင်ငံတကာအရပါ မဟာဗျူဟာ ပထဝီအနေအထားအရ နောက်ထပ် ဇာတ်ခုံအသစ်တစ်ခု ဖွင့်လိုက်သလိုဖြစ်ပြီး စစ်ရေးအရင်းအမြစ်နဲ့ အစိုးရရဲ့ အာရုံစိုက်မှုတွေ အတော်အတန် အသုံးပြုရမှာ ဖြစ်ပါတယ် ဟု Sahu က ပြောသည်။

 

ဤဖြစ်စဉ်သည် "အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျတို့လို Quadrilateral Security Dialogue (Quad) ရဲ့အစိတ်အပိုင်းအနေနဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေအတွက် စိုးရိမ်သင့်ပါတယ်”

 

အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျတို့လို Quadrilateral Security Dialogue (Quad) ရဲ့ အစိတ်အပိုင်းအနေနဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေအတွက် စိုးရိမ်သင့်ပါတယ်

 

 

မနီပူရ်မှ တင်းမာမှုများအပေါ် အမေရိကန်အမြင်နှင့် ပတ်သက်၍ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး John Kirby ကို ယခင်သီတင်းပတ်အတွင်းက စာနယ်ဇင်းရှင်းလင်းပွဲတွင် Newsweek က မေးမြန်းရာ "အဲဒီနယ်စပ်က တင်းမာမှုကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရင်အတိုင်း စောင့်ကြည့်နေတာက အကောင်းဆုံးဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်တို့က မတူညီမှုတွေကို ဖြေရှင်းဖို့ တိုက်တွန်းလိုပါတယ်။ ဖြစ်နိုင်သမျှ အငြိမ်းချမ်းဆုံးနည်းလမ်းတွေနဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့ တိုက်တွန်းအားပေးလိုပါတယ်” ဟု ၎င်းက ဖြေကြားသည်။

 

တရုတ်နှင့် အငြင်းပွားမှုတွင် အမေရိကန်က အိန္ဒိယကို ထောက်ခံမှုတိုးမြှင့်ပေးနေပြီး တရုတ်ကို တန်ပြန်ရန်နှင့် ဒေသတွင်းတွင် အခြားသော ပထဝီနိုင်ငံရေးရည်မှန်းချက်များ ရရှိရေး အိန္ဒိယကို အရေးပါသည့် မိတ်ဖတ်အဖြစ် ရှုမြင်ထားသည်။ သို့သော် အမေရိကန်သမ္မတ Joe Biden က Modi ကို ဂျွန်လတွင် အိမ်ဖြူတော်သို့ ဖိတ်ခေါ်၍ ကမ်းလင့်ထောက်ကူမှုကို အလေးအနက်ပြုခဲ့သော်လည်း အမေရိကန်၏ မူဝါဒများနှင့် ကိုက်ညီအောင် အိန္ဒိယ၏ မူဝါဒများ မည်မျှအထိ နီးကပ်အောင် ဆောင်ရွက်မည်ဆိုသည်နှင့်ပတ်သတ်၍ ကန့်သတ်ချက်များ ပေါ်ထွက်လာခဲ့သည်။

 

အင်အားမညီမျှမှုက မေးစရာတွေ ဘယ်လောက်ပဲ ဖြစ်နေပါစေ အိန္ဒိယက သူ့ရဲ့ အနောက်နိုင်ငံမဟာမိတ်တွေရဲ့ နည်းလမ်းအတိုင်း ဆောင်ရွက်ဖို့ အိန္ဒိယကို တွန်အားပေးတဲ့ တွေးခေါ်မှုဟာ ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်နိုင်ငံကြီးတစ်ခု အင်အားကြီးနိုင်ငံဖြစ်လာရေးလမ်းပေါ် ရောက်လာတယ်ဆိုတဲ့ အိန္ဒိယက သူ့ကိုယ်သူ မြင်တဲ့အပေါ် နားလည်မှုလွဲမှားတာပဲဖြစ်တယ်။ ဟု LSE IDEAS (လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ၏ နိုင်ငံခြားရေးမူဝါဒ ဉာဏ်ကြီးရှင်အဖွဲ့)၏ စီမံချက် ပူးပေါင်းညှိနှိုင်းရေးမှူး Saniya Kulkarni က Newsweek ကို ပြောသည်။

 

"ပြည်တွင်းလုံခြုံရေးသည် အဓိကဖြစ်ပြီး တရုတ်နှင့် အပြန်အလှန်ဆက်စပ်သော အင်အားပိုမိုကြီးမားသည့် နိုင်ငံရေးသည် နောက်သို့ပို့ထားသော်လည်း ၎င်းအချက်နှစ်ခုသည် ရှေ့နောက်စီစဉ်၍ မလုပ်နိုင်သည့် အိန္ဒိယနှင့် ဆက်ဆံရေးရှိသည့် မြန်မာစစ်တပ်အပေါ် အိန္ဒိယက ပိုမိုကြီးမားသည့် ဖိအားပေးရန်အထိ ၎င်းတွေးခေါ်မှုက တိုးချဲ့ရောက်ရှိစေသည်ဟု Kulkarni က ဆိုသည်။

 

အိန္ဒိယရဲ့ တွေးမြင်ပုံကို ပိုပြီး ကောင်းကောင်းသိရှိဖို့အတွက် ဒီအရေးကို အတွင်းကနေ အပြင်လှန်ထုတ်ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုဟာ ပြည်တွင်းရေးဆိုတဲ့အချက်ကို ဗဟိုပြုထားတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

 

ကိုးကား - Newsweek

ပုံစာ ဂျူလိုင်လ ၂၄ ရက် မနီပူရ်ပြည်နယ် အရှေ့မြောက်ဘက် Churachandpur ခရိုင်ရှိ ကူကီမျိုးနွယ်စုတို့၏ တောင်ပေါ် ယာယီခံတပ်တစ်ခုတွင် လက်နက်အလုပ်လုပ်ပုံကို သရုပ်ပြနေသည့် ဆန္ဒအလျောက်လက်နက်ကိုင်ခဲ့သူဟု ဆိုသူတစ်ဦး။ (Photo: ARUN SANKAR/AFP/Getty Images )

 

Burma Associated Press

 

အိန္ဒိယ
ဒုက္ခသည်
ပဋိပက္ခ
မြန်မာ

Share With
bap-logo