Article
အာဏာသိမ်းမှုက မီးပွားပျိုးပေးခဲ့သည့် စိတ်ကျန်းမာရေးပြဿနာများနှင့် မြန်မာလူငယ်များ
လွန်ခဲ့သော ၃ နှစ် က
အကြမ်းဖက်မှုတွေနဲ့ ကပ်ရောဂါဘေးကြောင့် အသက်ဆုံးရှုံးမှုတွေက မြန်မာမှာ ရှင်သန်ကျန်ရစ်နေတဲ့ လူငယ်တွေကို စိုးရိမ်ကြောင့်ကြမှုတွေနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို အစပျိုးပေးနေပါတယ်။
ဖုန်းမျက်နှာပြင်ပေါ်တက်လာတဲ့ တသီတတန်းသော သတိပေးချက် (noti) တွေကြောင့် ဗန်ထောင်းထောင်း (Van Thawng Thawng) ရဲ့ ဖုန်းက တကျည်ကျည်မြည်နေတယ်။
“အိုင်းဇက်နဲ့ စကားပြောခဲ့တဲ့ တစ်ယောက်တစ်လေများရှိသလား” လို့ ချင်းကျောင်းသားသမဂ္ဂအဖွဲ့ရဲ့ fb အဖွဲ့မှာ တစ်ယောက်က လာမေးပါတယ်။ သို့ပေမယ့်လည်း အသက် ၂၀ အရွယ် သမဂ္ဂခေါင်းဆောင်နဲ့ပတ်သက်ပြီး ဘယ်သူကမှ ဘာကိုမှမကြားမိခဲ့ကြပါဘူး။
တစ်ပတ်အကြာ ဧပြီ ၁၄ မှာတော့ အိုင်းဇက်ရဲ့ အလောင်းကို တွေ့ပြီဆိုတာကို သူငယ်ချင်း တစ်ယောက်က ဗန်ထောင်းထောင်းကို ဖုန်းဆက်ပြောခဲ့ပါတယ်။
အိုင်းဇက်ကို အာဏာသိမ်းစစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ပဲ သမဂ္ဂဝင်တွေက ယုံကြည်ယူဆခဲ့ကြပါတယ်။ ဗန်းထောင်းထောင်းကတော့ အိုင်းဇက်နဲ့ပတ်သက်ပြီး ဝမ်းနည်းပက်လက်နဲ့ယူကျုံးမရ ဖြစ်ခဲ့ရတယ်။
“ကျွန်တော် တကယ်ကိုပဲ စိတ်ဓာတ်ကျပြီး ဒေါသထွက်ခဲ့တယ်။ အထူးသဖြင့် စစ်တပ်ကို ဒေါသထွက်တာပါ။ ဘာကြောင့်လဲဆိုရင် အခုလိုအဖြစ်ဆိုးနဲ့ကြုံရတာ အိုင်းဇက် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အတန်းဖေါ်တစ်ယောက်က ဖမ်းဆီးထိန်းသိန်းခံခဲ့ရပြီး နောက်သူငယ်ချင်းတစ်ယောက်ကတော့ ဆန္ဒပြပွဲမှာ သူ့ညီမကို ကယ်ဖို့ကြိုးစားရင်း သေဆုံးခဲ့ရတယ်။ ကျွန်တော့် အမေ၊ ဦးလေးနဲ့ အဖွားက ပြီးခဲ့တဲ့လအနည်းငယ်ကပဲ သေဆုံးခဲ့ကြတယ်” လို့ ချင်း ကျောင်းသား သမဂ္ဂအသင်းရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ချင်းလူမျိုး တက္ကသိုလ်ကျောင်းသားဟောင်းဖြစ်တဲ့ ဗန်ထောင်းထောင်းက ပြောခဲ့ပါတယ်။
ကျွန်တော် တကယ်ကိုပဲ စိတ်ဓာတ်ကျပြီး ဒေါသထွက်ခဲ့တယ်။ အထူး သဖြင့် စစ်တပ်ကို ဒေါသထွက်တာပါ။ ဘာကြောင့်လဲဆိုရင် အခုလိုအဖြစ်ဆိုးနဲ့ကြုံရတာ အိုင်းဇက် တစ်ယောက်တည်း မဟုတ်ပါဘူး။
ဗန်ထောင်းထောင်းရဲ့ အမေဟာ ကာလရှည်စွာခံစားခဲ့ရတဲ့ ကင်ဆာရောဂါနဲ့ ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့တာဖြစ်ပါတယ်။ ဦးလေးနဲ့ အဖွားတို့ကတော့ ကိုဗစ်-၁၉ ရောဂါနဲ့ ဆုံးပါးရတယ်လို့ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ကြည့်ပြီး ၎င်းက မှတ်ယူခဲ့ပါတယ်။
“သေတဲ့လူတွေကလည်း သေနေကြတယ်။ ကျန်ခဲ့တဲ့သူတွေမှာလည်း စိတ်ဓာတ်ကျဆင်းမှုတွေ ကိုယ်စီနဲ့ပါ။ ခုလိုအနေအထားမှာ လူတွေကို နှစ်သိမ့်ပေးနိုင်ဖို့၊ သူတို့ရဲ့စိတ်တွေ အရင်လိုပုံမှန်ပြန်ဖြစ်လာအောင် လုပ်ပေးဖို့ဆိုတာ မလွယ်ပါဘူး” လို့ ဗန်ထောင်းထောင်းက ပြောပါတယ်။
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက်ပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်း နှိမ်နှင်းမှုတွေကြောင့် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ လူငယ်တွေမှာ စိတ်ဆိုးဒေါသထွက်မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ကူရာမဲ့ဖြစ်မှုတွေကို ခံစားနေရပါတယ်။ တိုင်းပြည်မှာ ကိုဗစ်-၁၉ ရဲ့ ဆိုးဆိုးဝါးဝါးပျံ့နှံ့မှုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ဇူလိုင်မှာတော့ ဒီဆိုးဝါးတဲ့ခံစားချက်တွေက ပိုပြီးတော့ တိုးလာပါတယ်။
စစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့ ကပ်ရောဂါဘေးကြောင့် ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရတဲ့ လူတော်တော်များများက ဝမ်းနည် းပူဆွေးမှုတွေနဲ့ ရုန်းကန်နေကြရတယ်။
သို့တိုင်အောင် နီးရာအန္တရာယ်တွေဖြစ်တဲ့ ဘေးကင်းလုံခြုံစေဖို့၊ ဆေးဝါးတွေရရှိနိုင်ဖို့အတွက်ကိုပဲ လုံးပန်းနေရပြီး စိတ်ကျန်းမာရေး အလေးပေးမှုတွေကိုတော့ နောက်ဆုတ်ထားရပါတယ်။
သို့ပေမယ့်လည်း စိတ်ဓာတ်ကျဆင်းမှုနှုန်းနဲ့ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုနှုန်းတွေအရ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လျစ်လျူရူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
“မျှော်လင့်ချက်မဲ့နှင့် ကူရာမဲ့”
မြန်မာမှာ “စိတ်ကျန်းမာရေး” ဆိုတဲ့စကားလုံးဆိုတာ မကြားဝံ့မနာသာ အကြောင်းအရာ တစ်ခုလို့ ကာလရှည်ကြာကတည်းက လက်ခံထားခဲ့ပြီး စိတ်ဓာတ်ကျဆင်းခြင်းနှင့် စိုးရိမ်ပူပန်ကြောင့်ကြခြင်း ဆိုတာ သိုသိုသိပ်သိပ်ကိုင်တွယ်ဖြေရှင်းသင့်သော အားနည်းချက်၊ အားပျော့ချက်ရဲ့ သင်္ကေတတွေမျှသာဖြစ်တယ်လို့ ယူဆထားကြပါတယ်။
မြန်မာရဲ့ လူအထူထပ်ဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာနေထိုင်တဲ့ အလွတ်တန်း ဆွေးနွေးလမ်းညွှန်မှု ပေးသူ မချယ်ရီစိုးမြင့်က ဂျွှန်ဟော့ကင်း တက္ကသိုလ်ရဲ့ အသုံးချစိတ်ကျန်းမာရေး သုသေတနအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်လျှက်ရှိပါတယ်။ အာဏာသိမ်းမှုကြောင့် စိတ်ဒုက္ခရောက်ခဲ့ရတဲ့ မချယ်ရီစိုးမြင့်က ယခုတဖန် ကိုဗစ်-၁၉ ကြောင့် အဖေနဲ့ အဒေါ်ဖြစ်သူတို့ကို မကြာခင်ကမှ ထပ်မံဆုံးရှုံးခဲ့ရတာမို့ စိတ်ထောင်းကိုယ်ကြေ ဖြစ်ရပါတော့တယ်။
မြန်မာ့အကျပ်အတည်းရဲ့ ပြင်းထန်မှုက ဆိုးဝါးတာမို့ မချယ်ရီစိုးမြင့်က စိတ်ပိုင်းဆိုင်ရာ ပညာရှင်ရဲ့အကူအညီကိုလိုအပ်နေတဲ့ ငွေကြေးမတတ်နိုင်သူတွေကို အခကြေးငွေ တစုံတရာမယူဘဲ ဆွေးနွေးလမ်းညွှန်မှုတွေ ပေးနေပါတယ်။
“လူနာတွေနဲ့စကားပြောတဲ့အခါ သူတို့ရဲ့ သေကြောင်းကြံလိုမှုနှုန်းကို ကျွန်မသတိထားမိပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူတို့တွေမှာ မျှော်လင့်ချက်တွေမဲ့နေသလို၊ ကူရာမဲ့လည်းဖြစ်နေလို့ပါ။ သူတို့တွေမှာ အနာဂတ်ဆိုတာလည်းပျောက်ဆုံး နေပြီး ခုလက်ရှိဖြစ်နေတဲ့ ဘေးဒုက္ခတွေကို ဖြတ်ကျော်နိုင်မယ်လို့လည်း သူတို့မထင်ကြဘူး။ ဒီအတွက်မို့ သူတို့ကိုယ်သူတို့ သတ်သေဖို့ကိုပဲ စဉ်းစားနေကြတယ်” လို့ မချယ်ရီစိုးမြင့်က ပြောခဲ့ပါတယ်။
“အမျိုးသမီးငယ်တစ်ယောက်ဆိုရင် ဇူလိုင်လကုန်မှာ သူ့အဒေါ်နဲ့ သူ့အဖွား သေဆုံးခဲ့ရတာက သူဂရုစိုက်မှုအပြည့်အဝ မပေးနိုင်ခဲ့လို့ပဲလို့ ထင်ခဲ့ပြီး သူ့ကိုယ်သူ ဆွဲကြိုးချခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေက တိုးပွားလာနေပြီး မိမိကိုယ်ကိုသတ်သေမှုနှုန်းကလည်း မြင့်တက်နေပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။
အမျိုးသမီးငယ်တစ်ယောက်ဆိုရင် ဇူလိုင်လကုန်မှာ သူ့အဒေါ်နဲ့ သူ့အဖွား သေဆုံးခဲ့ရတာက သူဂရုစိုက်မှုအပြည့်အဝ မပေးနိုင်ခဲ့လို့ပဲလို့ ထင်ခဲ့ပြီး သူ့ကိုယ်သူ ဆွဲကြိုးချခဲ့ပါတယ်။
အာဏာသိမ်းပြီးကတည်းက သူကုသပေးခဲ့တဲ့ လူနာ ၁၀ ဦးမှာ ၇ ဦးက သူတို့ကိုယ်သူတို့သတ်သေဖို့ ကြံရွယ်ချက်ရှိကြောင်း ဖွင့်ထုတ်ပြောဆိုခဲ့တယ်လို့ မချယ်ရီစိုးမြင့်ရဲ့ မှတ်စုများအရသိရပါတယ်။ အာဏာမသိမ်းခင်ကတော့ မိမိကိုယ်မိမိသေကြောင်းကြံမှုက ၃ လ မှာ ၂ ဦး (သို့) ၃ ဦးသာ ဖြစ်ပွားခဲ့တာပါ။
အာဏာသိမ်းစစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ စီးနင်းဝင်ရောက်မှုကနေ လွတ်မြောက်ဖို့အတွက် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးက ရန်ကုန်မြို့ အထပ်မြင့်အဆောက်အဦးကနေ ခုန်ချခဲ့မှုတစ်ခု မကြာသေးခင်ကပဲ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ၅ ဦးထဲက ၂ ဦး ကတော့ နေရာမှာပဲသေဆုံးခဲ့ပါတယ်။
တိုင်းပြည်ကို ၂၀၁၀ ထိတိုင်အောင် နှစ်ပေါင်း ၆၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ ယခင်စစ်အစိုးရလက်အောက်မှာ နေခဲ့ဖူးသော (သို့) ကြားသိခဲ့ရသော အတွေ့အကြုံများအရ မြန်မာလူမျိုးအများစုမှာ စစ်တပ်ကပဲအုပ်ချုပ်ရေးမှာဆက်ပါနေမှာကို ကြောက်ရွံ့တဲ့စိတ်က နက်ရှိုင်းစွာ အမြစ်တွယ်နေပါတယ်။ ဒီစစ်တပ်ကိုပဲ နောက်ထပ် ဆယ်စုနှစ်နဲ့ချီပြီး ကာလရှည်စွာဆက်တိုက်ထုတ်ရအုံးမှာကို ကြောက်ရွံ့တဲ့စိတ်က စိုးမိုးလာပြီး ဒီစိတ်ကပဲ ဒီမိုကရေစီဝါဒကိုခံယူသော မြန်မာလူမျိုးတွေကြားမှာ ကြီးပြင်းလာတဲ့ ယနေ့ခေတ် မျိုးဆက် Z တွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေကိုပါ မီးပွားပျိုးပေးခဲ့ပါတယ်။
“ကျွန်မတို့ရဲ့ အဖိုးတွေ၊ အဖွားတွေက ဒီစနစ်ဆိုးကိုပဲ တိုက်ခိုက်ပြီး သေဆုံးသွားကြတယ်။ တချို့ဆိုလည်း ထောင်ထဲမှာ နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ရတယ်။ အကယ်၍များ ဒီတိုက်ပွဲမပြီးဆုံးခဲ့ဘူးဆိုရင် စစ်အုပ်ချုပ်ရေးနဲ့ပဲ ကျွန်မတို့က ဆယ်စုနှစ်ချီပြီး အရင်လိုပဲ စခန်းဆက်သွားနေရမှာလား” လို့ မဖြူပန်းနုခင်က မေးခွန်းထုတ်ခဲ့ပါတယ်။ အမေရိကန်တွင် လက်တွေ့ စိတ်ပညာဘာသာရပ်ကို ပါရဂူတန်း တက်နေသော မဖြူပန်းနုခင်သည် အာဏာသိမ်းပြီးကတည်းက စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ညှိုနှိုင်းမှုများကို အွန်လိုင်းမှနေ၍ ပြုလုပ်ပေးနေသူတစ်ဦးဖြစ်သည်။
“အရွယ်ပေါင်းစုံမှာ စိတ်ဒဏ်ရာတွေ၊ အနာဂတ်နဲ့ မျှော်လင့်ချက် ပျောက်ဆုံးမှုတွေကို ခံစားနေရပါတယ်။ ကျွန်မတို့မျိုးဆက်ကတော့ အရပ်သားအစိုးရလက်အောက်မှာ လွတ်လပ်မှုကို ခံစားခဲ့ကြရတယ်။ လွတ်လပ်မှုဆိုတာကို မြည်းစမ်းခွင့်ရခဲ့ကြတယ်။ ပြီးတော့ ကျွန်မတို့တွေမှာ စိတ်ကူးအိပ်မက်တွေလည်းရှိခဲ့တယ်။။ အဲ့လို လွတ်လပ်မှုတွေ၊ စိတ်ကူးအိပ်မက်တွေ လုယူခံလိုက်ရတဲ့ အခုလိုအချိန်မှာ အကြီးအကျယ် ဖွတ်ဖွတ်ညက်ညက်ကြေအောင် စိတ်ထိခိုက်မိတာပါပဲ” လို့ မဖြးပန်းနုခင်က ပြောခဲ့ပါတယ်။
“ကိုဗစ်-၁၉ နှင့် အားကိုးရာမဲ့ခြင်း”
တိုင်းပြည်မှာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို ဖြစ်ပေါ်စေခဲ့တာက စစ်အုပ်ချုပ်ရေးတစ်ခုတည်းကြောင့်လည်း မဟုတ်ပါဘူး။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ထိန်းချုပ်ဖို့ စီမံရင်း ချောင်ပိတ်မိတဲ့အခြေအနေတွေရှိခဲ့တဲ့ မြန်မာမှာ ကိုဗစ် တတိယလှိုင်း ရိုက်ခဲ့တဲ့ ဇူလိုင်လကုန်မှာတော့ အခြေအနေတွေက တော်တော် ဆိုးရွားကုန်ပါတယ်။ ယနေ့ချိန်ထိ ကိုဗစ်ကြောင့်သေဆုံးရသူ ၁၄,၄၉၉ ဦးရှိပြီဆိုပြီး စာရင်းတွေ ထုတ်ပြန်ခဲ့သော်လည်း အမှန်သေဆုံးသူစာရင်းမှာ ဒီထက်မက များပြာ းနိုင်တယ်လို့ လက်ခံထားကြပါတယ်။
ဆေးရုံတွေပိတ်ထားရခြင်း၊ စစ်တပ်က ဆေးဝါးနှင့် အောက်ဆီဂျင်ကို သိမ်းဆည်းသိုလှောင်ထားခြင်း အစရှိတဲ့ အားကိုးရာမဲ့တဲ့အနေအထားတွေကြောင့် ကူရာမဲ့ဖြစ်သွားပြီဆိုတဲ့စိတ်က ဒဏ်ရာအနာတရကြောင့်သော် လည်း ကောင်း (သို့) ကိုဗစ်ကြောင့်သော်လည်းကောင်း ချစ်ရတဲ့သူတွေကို ဆုံးရှုံးလိုက်ရတဲ့ ရှင်သန်ကျန်ရစ်နေသူတွေကို အပြစ်ရှိစိတ် ဝင်စေခဲ့ပါတယ်။
“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသူတွေက အောက်ဆီဂျင်နဲ့ ဆေးဝါးကုသမှုတွေကို တောင်းဆိုပေမယ့်လည်း ဘာကိုမှ သူတို့ မရခဲ့ပါဘူး။ ကျွန်မတို့ရဲ့ ချစ်ရတဲ့မိသားစုဝင်တွေ ကျွန်မတို့ရှေ့မှာတင် သေဆုံးသွားကြတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရပြီး ရှင်သန်ကျန်ရစ်သူ အများစုဟာ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း အပြစ်ရှိတယ်လို့ ခံစားနေကြရပါတယ်” ဟု မချယ်ရီစိုးမြင့်က ပြောကြားခဲ့ပါတယ်။
ကျွန်မတို့ရဲ့ ချစ်ရတဲ့မိသားစုဝင်တွေ ကျွန်မတို့ရှေ့မှာတင် သေဆုံးသွားကြတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရပြီး ရှင်သန်ကျန်ရစ်သူ အများစုဟာ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း အပြစ်ရှိတယ်လို့ ခံစားနေကြရပါတယ်
“ကျွန်မ ကိုယ်တိုင်က စိတ်ကုထုံး ကျွမ်းကျင်သူတစ်ဦးဆိုပေမယ့်လည်း၊ ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာကို သိပေမယ့်လည်း ကိုယ်တိုင်က အသက်ရှင်ကျန်ရစ်ခဲ့လို့ဆိုပြီး အပြစ်ရှိတယ်လို့ခံစားနေရသူတစ်ဦးပါ။ ဒါပေမယ့် ကျွန်မစိတ်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်မ ဘာ့ကြောင့် အသက်ရှင်သန်နေဖို့လိုသလဲ။ ကျွန်မအဖေကရော ဘာကြောင့် ဆုံးပါးခဲ့ရတာလဲ။ ကျွန်မအဖေဆုံးတာ ကျွန်မကြောင့်မဟုတ်ပေမယ့် တိုင်းပြည်မှာ ဖြစ်နေတာတွေနဲ့တော့ ဆိုင်ပါတယ်” လို့ မချယ်ရီစိုးမြင့်က ပြောခဲ့ပါတယ်။
အခြားသော စိတ်ကုထုံးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ မချယ်ရီစိုးမြင့်က သူ့ရဲ့တွေးခေါ်ပုံတွေကို လူနာတွေဆီသို့ လက်ဆင့်ကမ်းကုသပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ သို့ပေမယ့်လည်း လုံခြုံရေးအန္တရာယ်တွေ၊ စိတ်မချရတဲ့ အင်တာနက်ဆက်သွယ်မှုတွေနဲ့ ကိုဗစ်-၁၉ ရဲ့ စည်းမျဉ်းတွေကြောင့် သူ့ရဲ့ဆွေးနွေးတိုင်ပင်ပေးမှုတွေက “ထင်သလောက် ခရီးမပေါက်ပါ”လို့ ပြောပါတယ်။
အကြမ်းဖက်ခံရမှုနဲ့ ကိုဗစ်-၁၉ ကြောင့် အားလုံးက ပူဆွေးသောကရောက်မှုတွေကို ခံစားရပေမယ့် မတူတဲ့အုပ်စုတွေအကြား အတွေ့အကြုံတွေက ကွဲပြားပါတယ်။
စစ်သားတစ်ယောက်ရဲ့ ရပ်တန့်စစ်ဆေးခြင်းခံရပြီး ထိန်းသိမ်းရာစခန်းများသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရတဲ့အခါ လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့သတင်းတွေကြောင့် အမျိုးသမီးငယ်တွေက စိုးရိမ်ကြောင့်ကြမှုကို ခံစားနေရပါတယ်။ အထူးသဖြင့် တိုင်းရင်းသူတွေနဲ့ ဘာသာရေးအရ လူနည်းစု အမျိူးသမီးတွေက ထိုကဲ့သို့အနိုင်ကျင့်မှုကို ခံစားရပါတယ်။
“စစ်သားတွေနဲ့ကြုံမိတိုင်းပဲ ကျွန်မကို စစ်သားတွေဘာလုပ်မလဲဆိုပြီး ကျွန်မမှာ ထိတ်လန့်နေရတယ်။ အထူးသဖြင့် စစ်ဆေးရေးဂိတ်တွေမှာပေါ့” လို့ ရန်ကုန်မြို့ရှိ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ငယ်ရွက်သည့် တိုင်းရင်းသူလေး သက်က မျက်ရည်တွေသုတ်ရင်း ပြောခဲ့ပါတယ်။ သူ့ရဲ့လုံခြုံရေးကြောင့် သူ့အမည် အရှေ့ဆုံးတစ်လုံးကိုပဲ သုံးခွင့်ပေးခဲ့ပါတယ်။
“နေ့ဖက်တွေဆိုရင်တော့ ကျွန်မကိုကျွန်မအလုပ်ပေးပြီး အလုပ်များနေသလို နေလို့ရပေမယ့် အထူးသဖြင့် ညဖက်တွေမှာတော့ ကျွန်မအတွက် တော်တော်ခက်ခဲပါတယ်။ အခု ကျွန်မမှာ အိပ်မပျော်တဲ့ရောဂါရှိနေပြီး တစ်ညကို ၃ နာရီလောက်ပဲ ကျွန်မအိပ်ရပါတယ်” လို့ သက်က ပြောခဲ့ပါတယ်။
သက်က တစ်ယောက်ထဲနေတာတော့ မဟုတ်ပါဘူး။ ညနေခင်းတွေဆို လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ ပုံမှန်ဝင်စီးနင်းတာတွေ၊ အင်တာနက်ဖြတ်တောက်မှုတွေကြောင့် မြန်မာပြည်တဝှမ်းမှာရှိတဲ့ လူအများစုအတွက် ညဖက်တွေဟာ တကယ်ကိုပဲ ကြောက်ရွံ့စရာကောင်းလာပြီး အများစုမှာ စိုးရိမ်ကြောင့်ကြမှုနဲ့ အိပ်မပျော်တဲ့ရောဂါတွေ ရှိလာပါတယ်။
ယခုကဲ့သို့သော ဝမ်းနည်းပူဆွေးမှုတွေနဲ့ စိတ်ဒုက္ခတွေကို မျှဝေရင်းကနေ စုပေါင်းနားလည်ပေးမှုတစ်ခု ပေါ်ထွက်လာပြီး တချို့က စိတ်ကျန်းမာရေးဆိုင်ရာဆွေးနွေးမှုတွေကို ပိုပြီးပွင့်ပွင့်လင်းလင်းပြုလုပ်လာကြကာ အကူအညီရှာနေသူတွေကို ပိုပြီး အားပေးထောက်ပံ့ နိုင်လာပါတယ်။
ပြီးခဲ့တဲ့ ၇ လအတွင်း လူမူကွန်ယက်တွင် မျှဝေခြင်းများနှင့် webinar ၌ ပြုလုပ်သော လေ့ကျင့်ရေးသင်တန်းနှင့် ကုထုံးဆိုင်ရာကဏ္ဍများ ပိုမိုများပြားကျယ်ပြန့်လာပြီး အကူအညီ လိုအပ်နေသူများကို ကူညီပေးလျှက်ရှိပါတယ်။
သို့ရာတွင် လူအများစုအတွက်၊ အထူးသဖြင့် ဗန်ထောင်းထောင်း ကဲ့သို့သော ကျေးလက်နှင့် တိုင်းရင်းသားဒေသ နေ သူများအတွက် စိတ်ကျန်းမာရေးအပေါ် ဓလေ့ထုံးတမ်းဆိုင်ရာ အမြင်တွေက ဆက်လက်လွှမ်းမိုးမှုတွေကြောင့် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အကူအညီရဖို့ ရုန်းကန်နေရဆဲပါ။
“ချင်းပြည်မှာသာ စိတ်ကျန်းမာရေးဆိုင်ရာ အားကိုးရာတစ်ခု ရှိမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ သို့ပေမယ့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မြန်မာလူမျိုးတွေက အနောက်နိုင်ငံတွေလို စိတ်ကုထုံးပညာရှင်တွေနဲ့ တွေ့ဆုံပြသဆွေးနွေးဖို့ကို အသားမကျသေးပါဘူး” လို့ ဗန်ထောင်းထောင်းက ပြောခဲ့ပါတယ်။
ချင်းပြည်မှာသာ စိတ်ကျန်းမာရေးဆိုင်ရာ အားကိုးရာတစ်ခု ရှိမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ သို့ပေမယ့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မြန်မာလူမျိုးတွေက အနောက်နိုင်ငံတွေလို စိတ်ကုထုံးပညာရှင်တွေနဲ့ တွေ့ဆုံပြသဆွေးနွေးဖို့ကို အသားမကျသေးပါဘူး
“စိတ်ဓာတ်ကျတာကို ကူညီဖေးမဖို့ လူတွေက ကြိုးစားလာတာနှင့်အမျှ အခြေအနေတွေက ပိုကောင်းလာပါပြီ။ သို့ပေမယ့် လူတွေက ဒီလိုတွေဖြစ်နေတာကို သတိမထားမိသေးသလို အသားလည်းမကျသေးပါဘူး။ အချိန်တော့ယူရမှာပေါ့” လို့ ဗန်ထောင်းထောင်း က ပြောခဲ့ပါတယ်။
(အယ်ဂျာဇီးယား သတင်းဌာန၏ “Coup, COVID take toll on young people’s mental health in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)
ပုံစာ - ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖေဖော်ဝါရီလအတွင်းပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်းတစ်ခု
Related Articles
- တရုတ်၏ ခါးပတ်နှင့် လမ်းစီမံကိန်းမှ အီတလီ နှုတ်ထွက်ရခြင်း အကြောင်းရင်း
- အရှေ့တောင်အာရှနိုင်ငံများ၏ ဒေသတွင်း ငွေပေးချေမှုစနစ် အသစ်ဖြင့် စီးပွားရေး ဆိုင်ရာ ပေါင်းစည်းလုပ်ဆောင်နိုင်ရန် နီးစပ်လာ
- မအောင်မြင်သည့် မြန်မာ့ပဋိပက္ခ ဖြေရှင်းရန် ကြိုးပမ်းမှုအပြီး ရှေ့ဆက်ရန် အလားအလာ
- ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း မြန်မာမှ EU သို့ တင်သွင်းမှုများ မြင့်မားနေဆဲ
Top News
လွန်ခဲ့သော ၂ ရက် က