bap-logo
Politics

အာကာသတွင်း နျူကလီးယား လက်နက်ပြိုင်ဆိုင်မှု တားဆီးရန် ကုလ၏ ဆုံးဖြတ်ချက် ရုရှား ဗီတိုဖြင့် ပယ်ချ

kaAcQh1XMlg8UuUpk9uj6-image

လွန်ခဲ့သော ၅ လ က

 

အန္တရာယ်ရှိသော အာကာသတွင်း နျူကလီးယား လက်နက်ပြိုင်ဆိုင်မှုကို တားဆီးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုင်ငံအားလုံးကို တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချလိုက်ပြီး "မသန့်ရှင်းသော တင်ပြချက်ဟု ခေါ်ဆိုလိုက်သည်။

 

အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တင်သွင်းသော ဆုံးဖြတ်ချက်တွင် နျူကလီးယား လက်နက် သို့မဟုတ် အခြားအဖျက်စွမ်းအားကြီးသည့် လက်နက်များ အာကာသအတွင်း တည်ဆောက်ခြင်း၊ နေရာချခြင်း နိုင်ငံအားလုံးမှ မပြုလုပ်ရန် တောင်းဆိုသွားမည့် ဆုံးဖြတ်ချက်ဖြစ်ပြီး ၁၉၆၇ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ဖြင့် တားမြစ်ထားပြီးလည်း ဖြစ်သည်။

 

ဒီနေ့ ဗီတိုအသုံးပြုမှုက မေးစရာဖြစ်နေတယ်။ ဘာကြောင့်လဲ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေတယ်ဆိုရင် ဒီစည်းမျဉ်းစည်းကမ်းတွေကို ထပ်လောင်းအတည်ပြုတဲ့ ဆုံးဖြတ်ချက်ကို ဘာကြောင့် မထောက်ခံနိုင်ရတာလဲ။ ဘာတွေ ဖုန်းကွယ်ထားစရာ ရှိလို့လဲ။ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield က မဲခွဲမှုအပြီး ပြောသည်။

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားအစိုးရသည် အာကာသအတွင်း နျူကလီးယား လက်နက်များ နေရာချထားရန် ရည်ရွယ်ချက်မရှိဟု ပြောဆိုထားပြီးဖြစ်သည်ဟုThomas-Greenfield က ပြောဆိုခဲ့ပြီးနောက် ယင်းမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

 

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် Vassil Nebenzia က ဆုံးဖြတ်ချက်သည် "လုံးဝ အဓိပ္ပါယ်မဲ့ပြီး နိုင်ငံရေးဆန်သည်ဟု ပြောကာ အာကာသတွင်း လက်နက်အမျိူးအစားအားလုံးအား တားမြစ်သွားရန် လုံလောက်ခြင်းမရှိဟုဆိုကာ ပယ်ချခဲ့သည်။

 

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ ဦးတွင် ၁၃ ဦးမှ ထောက်ခံကာ ရုရှားက ဆန့်ကျင်ပြီး တရုတ်က မဲမပေးဘဲ နေခဲ့သည်။

 

ရုရှားနှင့် တရုတ်တို့က နိုင်ငံအားလုံး အထူးသဖြင့် အာကာသစွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံများအနေဖြင့် "အာကာသတွင်း လက်နက်များ နေရာချထားခြင်း၊ အာကာသတွင်း အင်အားသုံး ခြိမ်းခြောက်မှုတို့ကို အမြဲတမ်း တားဆီးရန်" ပြင်ဆင်ချက်ကို အဆိုပြုခဲ့ကြသည်။

 

သို့သော် အမေရိကန်က ဆန့်ကျင်ခဲ့သည်။ မဲခွဲပြီးနောက် Nebenzia က "ကျွန်တော်တို့က အာကာသတွင်း အဖျက်စွမ်းအားကြီး လက်နက်တွေသာမက (weapons of mass destruction - WMD) ဘယ်လို လက်နက်မျိုးမဆို ထားရှိခြင်းက တားမြစ်လိုပါတယ်။ ဒါပေမယ့် ခင်ဗျားက မလိုချင်ဘူး။ ဒါဆို ကျွန်တော်ကလည်း ဒီမေးခွန်းပဲ ပြန်မေးရလိမ့်မယ်။ ဘာကြောင့်လဲ။

 

"အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေ လွန်ခဲ့တဲ့တစ်ချိန်က အာကာသထဲမှာ လက်နက်တွေ ထားဖို့ အစီအစဉ်ကို ကြေငြာခဲ့တာ ပြန်လည်မှတ်မိမယ်ဆိုရင်အမေရိကန်နှင့် ဂျပန်တို့၏ လုပ်ရပ်အများစုသည် ရှင်းလင်းလာကြောင်း ၎င်း ပြောသည်။

 

"အာကာသအတွင်း နျူကလီးယား ပေါက်ကွဲခြင်း၏ ဆိုးရွားသော သက်ရောက်မှုများ" ကို ကမ္ဘာကြီးသည် စတင် နားလည်လာရုံမျှ ရှိသေးသည်ဟု အမေရိကန်သံအမတ်က မဲမခွဲမီ ပြောသည်။

 

"ကမ္ဘာအဝှမ်းရှိ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေက လည်ပတ်ဆောင်ရွက်နေတဲ့ ဂြိုဟ်တု ထောင်ဂဏန်းများစွာကို ဖျက်ဆီးပစ်နိုင်ပြီး အဓိကကျတဲ့ ဆက်သွယ်ရေး၊ သိပ္ပံဆိုင်ရာ၊ မိုးလေဝသဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဖယ်ရှားပျောက်ကွယ်သွားစေနိုင်ပါတယ်ဟု သူမက ပြောသည်။

 

အလုပ်မလုပ်နိုင်သေးဟု ယုံကြည်ရသော်လည်း "ဒုက္ခဖြစ်စေနိုင်သည့်ဂြိုဟ်တုဖျက် လက်နက်တစ်ခု ရုရှားနိုင်ငံက ပိုင်ဆိုင်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပြီးနောက် Thomas-Greenfield က အမေရိကန်-ဂျပန် ဆုံးဖြတ်ချက်ကို မတ်လတွင် ကြေငြာခဲ့သည်။

 

အစိုးရများသည် ကမ္ဘာပေါ်တွင် စစ်ရေးစွမ်းဆောင်နိုင်မှုများ ပြုလုပ်နိုင်သည့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ ဂြိုဟ်တုများကို အရေးကြီး ပိုင်ဆိုင်မှုများအဖြစ် ရှုမြင်မှု တိုးမြင့်လာနေကြသည်။ ယူကရိန်းစစ်ပွဲအတွင်း အာကာသအခြေစိုက် ဆက်သွယ်ရေးများ၊ ဂြိုဟ်တုနှင့် ချိတ်ဆက်ထားသည့် ဒရုန်းများက ခေတ်သစ်စစ်ပွဲများတွင် အာကာသ၏ ကြီးမားကျယ်ပြန့်သော အခန်းကဏ္ဍမှ တာဝန်ယူနေကြသည်။

 

ရုရှားနိုင်ငံသည် အာကာသတွင်း နျူးကလီးယားလက်နက် တပ်ဆပ်နေရာချမှုကို ဆန့်ကျင်ကြောင်း ပူတင်က ယခုနှစ်အစောပိုင်းတွင် ပြောသည်။ "ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းလင်းပြတ်သားပါတယ်။ ကျွန်တော်တို့ အရင်ကရော အခုပါ အာကာသတွင်း နျူကလီးယားလက်နက် တပ်ဆင်နေရာချခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ဟု ၎င်းက ပြောသည်။

 

ကိုးကား - The Guardian

 

ပုံစာ - အာကာသတွင်း လက်နက်ပြိုင်ဆိုင်မှု တားဆီးရန် ကုလ၏ နိုင်ငံများသို့ တောင်းဆိုရန် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Vassil Nebenzia က လက်မြှောက်၍ ဗီတိုအသုံးပြုကာ ကန့်ကွက်နေပုံ။ (Eduardo Muñoz/AP)

 

Burma Associated Press

နျူကလီးယား
ကုလသမဂ္ဂ
ရုရှား
အမေရိကန်
ဂျပန်

Share With
bap-logo