Politics
ဒါရိုက်တာကိုပေါက်၏ “ရောင်နီလာရာလမ်း" မှတ်တမ်းရုပ်ရှင်ကို ဖေဖော်ဝါရီလဆန်းတွင် ပြသမည်
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၇
၂ နာရီနီးပါးကြာမြင့်မည့် ဒါရိုက်တာကိုပေါက်၏ “ရောင်နီလာရာလမ်း" Documentary Film ကို လာမည့် ဖေဖော်ဝါရီလ ၄ ရက်တွင် စတင်ပြသသွားမည်ဖြစ်ကြောင်း ယင်းရုပ်ရှင်ကော်မတီထံမှ သိရသည်။
အဆိုပါ Documentary Film ကို ယခင် " မသောက်မိသောမိုးခါးရေ " ရုပ်ရှင်ဇာတ်လမ်းတိုပြသခဲ့သည့် နိုင်ငံကြီးများတွင် ပြသသွားရန်စီစဉ်နေခြင်းဖြစ်သည်။
" ကျနော်ရဲ့ အနုပညာသမားဘဝ၊ တော်လှန်ရေးသမားဘဝအစရှိတဲ့ ဘဝနှစ်ခုအတွင်း ပြောင်းလဲသွားခဲ့သော အခြေအနေများကို တင်ပြလို့ရသောအကန့်အသတ်အတွင်းကနေ တင်ပြသွားမယ့်မှတ်တမ်း ရုပ်ရှင် ဖြစ်ပါတယ်" ဟု ယင်း Documentary Film ကိုဖန်တီးထားသည့် ဒါရိုက်တာကိုပေါက်က၎င်း၏ ဆိုရှယ်မီဒီယာထက်တွင် ရေးသားအသိပေးထားသည်။
ယခင်ကပြသပေးခဲ့သည့် "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ဇာတ်လမ်းတို၏ပြသချိန်မှာ မိနစ်၃၀ သာ ကြာမြင့်ခဲ့သည့်အတွက် ကြည့်ရှုအားပေးရသည်မှာ မြန်ခဲ့ပြီး၊ ယခု “ရောင်နီလာရာလမ်း" Documentary Film ၏ ပြသချိန်မှာတော့ ၁ နာရီ ၄၅ မိနစ် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ Documentary Film ကိုဖေဖော်ဝါရီလ ၄ရက် တွင် ပထမဆုံးအနေဖြင့် နယ်သာလန်နိုင်ငံ၊ အမ်စတာဒန် မြို့၏ LAB111 တွင် နေ့လည် ၁၂ နာရီမှာ ပြသပေးသွားမည်ဖြစ်ပြီး၊ လက်မှတ်တစောင် လျှင် ၁၅ ယူရိုဖြစ်သည်။
"စစ်အာဏာရှင်ကို တော်လှန်ခဲ့တာ ၂နှစ်ပြည့်ခဲ့တဲ့ အထိမ်းအမှတ်အတွက် “လုပ်ရှားမှု” တစ်ခုပြုလုပ်သည့် အနေနဲ့ ဒီရုပ်ရှင်ကားလက်မှတ်လေး ဝယ်ယူကြည့်ရူရင်းထောက်ပို့ပေးကြဖို့ နယ်သာလန်ရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးကိုတိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်" ဟု နယ်သာလန်နိုင်ငံရှိ ရုပ်ရှင်ပြသရေးတွင် တာဝန်ယူထားသည့်သူက ဆိုထားသည်။