bap-logo
Politics

မြန်မာ့အရေးကို ကြိုးစားဖြေရှင်းနိုင်တဲ့အထိ အာဆီယံကရဲရင့်ဖို့ မလေးရှားဝန်ကြီးချုပ်ပြော

jL9hQQCYA9x_GT34RWVO_-image

လွန်ခဲ့သော ၂ နှစ် က

ဘန်ကောက်၊ ဖေဖေါ် ဝါရီ ၁၀။

 

မြန်မာ့အရေးက အာဆီယံကို ဟန့်တားအနှောက်အယှက်ပေးနေတာထက် အာဆီယံက မြန်မာ့အရေးကို ပြီးမြောက်အောင်မြင်အောင် ကြိုးစားလုပ်ဆောင်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး အန်ဝါ အီဘရာဟင် (Anwar Ibrahim) က သောကြာနေ့ မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိနေစဉ်က ပြောဆိုခဲ့ပါတယ်။

 

ကျွန်တော်တို့အနေနဲ့ မြန်မာ့အရေးကို ပြီးမြောက်အောင်မြင်အောင် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ မြန်မာ့ ပြသနာက ကျွန်တော်တို့အာဆီယံရဲ့ ရှေ့တိုးဆောင်ရွက်မှု့တွေကို အနှောက်အယှက်ပေးတာမျိုးတော့ မဖြစ်စေ သင့်ပါဘူး။ မြန်မာကစစ်အုပ်ချုပ်သူတွေဆီကို ပြင်းထန်ထိရောက်တဲ့သဝဏ်လွှာပါးရာမှာ အာဆီယံ အနေနဲ့ အားကောင်းတဲ့ဘုံသဘောဆန္ဒတစ်ခု ရှိခဲ့မယ်ဆိုရင် ဒါဟာ စံနမူနာတစ်ခုဖြစ်လာမှာပါ” လို့ ဝန်ကြီးချုပ် ဖြစ်ပြီးနောက် ၎င်းရဲ့ ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဥ်အတွင်း မစ္စတာ အန်ဝါက ဆိုခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီမှာ စစ်တပ်ကတိုင်းပြည်အာဏာကို သိမ်းပိုက်ပြီးနောက် မြန်မာ့နိုင်ငံရေး နဲ့ စီးပွားရေးဟာ ပြိုလဲကျဆင်းခဲ့ရပါတယ်။ ၎င်းအပြင် အာဆီယံရဲ့ ဝန်ကြီးအဆင့်နဲ့ ထိပ်သီးစည်းဝေးပွဲများသို့လည်း “နိုင်ငံရေးနယ်ပယ်က မဟုတ်သူတစ်ဦး”ကိုသာ ဖိတ်ကြားခြင်းခံခဲ့ရပြီး စစ်ကောင်စီကလည်း အာဆီယံက မြန်မာ့အရေးကိုဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်ကြောင်းပြောကာ ၎င်းတို့ရဲ့ကိုယ်စားလှယ်ကို မလွှတ်ရာကနေ အာဆီယံအစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုထိုင်ခုံလွတ်နေခဲ့တာ တစ်နှစ်ကျော်ကြာလာပြီဖြစ်ပါတယ်။

 

ကျန်ရှိနေတဲ့အာဆီယံ ၉ နိုင်ငံမှာ ထိုင်းနိုင်ငံတစ်နိုင်ငံတည်းကသာ အာဏာသိမ်းစစ်အုပ်စုရဲ့ထိပ်တန်းအရာရှိများနဲ့ နီးစပ်တဲ့ဆက်ဆံရေးတစ်ခုရှိတာပါ။ မလေးရှားကတော့ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကြောင်း ပြင်းပြင်း ထန်ထန် ဆိုခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဆိုင်ဖူဒင် အက်ဒူလာ ကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များနဲ့ လူသိရှင်ကြား တွေ့ဆုံမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

 

ကျွန်တော့်အနေနဲ့ အာဆီယံရဲ့အနာဂတ်ကို အကောင်းမြင်စိတ်ရှိပေမယ့်လည်း မြန်မာက အာဏာသိမ်း စစ်အုပ်စုအနေနဲ့ ၎င်းရဲ့ပြည်သူတွေအပေါ် ပြန်ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေကို ရပ်တန့်ပစ်ဖို့ လိုပါတယ်” လို့ မလေးရှား နှင့် ထိုင်း ကူးသန်းရောင်းဝယ်ရေးအသင်းချုပ်က ကျင်းပတဲ့ပွဲတစ်ခုမှာ မစ္စတာ အန်ဝါက မိန့်ခွန်းပြောရင်းထည့်သွင်းပြောကြားခဲ့ပါတယ်။

 

သင့်ရဲ့ပြည်ထဲရေးမှုဝါဒတွေနဲ့ ဦးစားပေးမှုတွေအတွက် သင့်မှာ ကိုယ်ပိုင်အခွင့်အရေးရှိပေမယ့် ခုလို ခေတ်ကြီးမှာ သတ်မှတ်ထားတဲ့မှုဘောင်ကို ကျော်လွန်ပြီး ပြည်သူတွေအပေါ် စိတ်တိုင်းကျ ချမှတ်ထားတဲ့ မှုဝါဒ တွေ၊ ၎င်းရဲ့ပြည်သူတွေအပေါ် ခြိမ်းခြောက်မှု (သို့) ယင်းထက်ပိုဆိုးရွားတဲ့အကြမ်းဖက်မှုတွေကို ပြုလုပ် ကျူးလွန်တာမျိုးမှာ ဘယ်နိုင်ငံကိုမှ ဆက်လက်ကျူးလွန်ခွင့်မပြုသင့်ပါဘူး” လို့ ၎င်းကဆက်လက်ဆို ခဲ့ပါတယ်။

 

မြန်မာ့အရေးကို အာဆီယံက မည်သို့အောင်မြင်အောင်ကြိုးပမ်းသင့်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တော့မရှိ ပါဘူး။ မြန်မာရဲ့အရပ်သားအစိုးရလက်ထဲကို တိုင်းပြည်အား ပြန်လည်အပ်နှင်းမပေးရင်နဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားများအားလုံးကို မလွှတ်ပေးရင် မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းပေးဖို့ထုတ်ပြန်ချက်တစ်ခုကို အခြား အာဆီယံ ၅ နိုင်ငံက ခေါင်းဆောင်များနဲ့အတူ ၂၀၂၁ ခုနှစ်၊မတ် က လက်မှတ်ရေးထိုးတောင်းဆိုမှုမှာ မစ္စတာ အန်ဝါလည်း ပါဝင်ခဲ့ပါတယ်။

 

အာဆီယံရဲ့အလှည့်ကျ ဥက္ကဌအသစ်ဖြစ်တဲ့ အင်ဒိုနီးရှားက ဘယ်သူ့ကို မြန်မာဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ်အဖြစ်စေလွှတ်မယ်ဆိုတာကိုလည်းကြေညာထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ၂၀၂၁ နဲ့ ၂၀၂၂ မှာတော့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်းများက မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့ကြပါတယ်။

 

ယင်းတို့နှစ်ဦးစလုံးဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တွေ့ဆုံခွင့်မရခဲ့ကြပါဘူး။

 

မြန်မာ့အရေးကြောင့် အာဆီယံရဲ့တိုးတက်မှုကို ထိခိုက်တာမျိုးမဖြစ်စေသင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ရန့်နို မာဆူရှီ က ဆိုခဲ့ပါတယ်။

 

မြန်မာ့အရေးကိုဖြေရှင်းရာမှာ ထိုင်းနိုင်ငံအနေနဲ့ ပိုပြီးအရေးပါတဲ့အခန်းကဏ္ဏကနေပါဝင်ပေးဖို့ကို ထိုင်းဝန်ကြီး ချုပ် ပရာရွတ်ကို ကြာသပတေးနေ့က တွေ့ဆုံစဥ်မှာ မစ္စတာအန်ဝါက ပြောခဲ့ပါတယ်။ ပြီးတော့ မလေးရှား အနေနဲ့ မြန်မာက ရိုဟင်ဂျာဒုက္ခသည် ၂၀၀,၀၀၀ ခန့်ကို လက်ခံထားရတဲ့အကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။

 

မြန်မာ့ပြည်တွင်းရေးကို မြန်မာကိုယ်တိုင်ဖြေရှင်းရမယ်ဆိုပေမယ့် ဒီကိစ္စက ဒေသတွင်းကို ရိုက်ခက်မှုတွေ ရှိလာနိုင်တဲ့အပေါ် အာဆီယံအနေနဲ့ စိုးရိမ်မိကြောင်းကို ဖေါ်ပြပေးဖို့အတွက် ထိုင်းနိုင်ငံက အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်” လို့ မလေးရှား ဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်ကို ပြောခဲ့ပါတယ်။

 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဘရူနိုင်းက နိုင်ငံ့ခေါင်းဆောင်များနဲ့ စကားပြောဆို ပြီးခဲ့ပြီးဖြစ်ကြောင်း နဲ့ မကြာမီမှာ ဖိလစ်ပိုင်နဲ့လည်း ဆက်လက်ဆွေးနွေးပြောဆိုသွားရန်ရှိကြောင်း မလေးရှား ဝန်ကြီးချုပ် မစ္စတာ အန်ဝါ က သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၀) က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ကြိုးပမ်းမှုတွေက ယခုထက်ပိုပြီး ခရီးရောက်သင့်ပါတယ်” လို့ မစ္စတာ အန်ဝါ က အလေးထားဆိုခဲ့ပါတယ်။

 

အပြင်လူတွေဝင်ရောက်စွက်ဖက်တာမျိုးကို ကျွန်တော်တို့မလိုချင်ပါဘူး။ အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေက ကျွန်တော်တို့ကို ဘာလုပ်ပါ ဆိုပြီး ပြောတာမျိုးကိုလည်း ကျွန်တော်တို့မလိုလားပါဘူ။ သို့ပေမယ့် ကျွန်တော်တို့တစ်ခုခုတော့ လုပ်မှဖြစ်မှာပါ။ ကျွန်တော်တို့က မြန်မာ့အရေးကို ကြိုးစားဖြေရှင်းနိုင်တဲ့အထိ ရဲရင့်ရပါမယ်” လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က အလေးဂရုထားဆိုခဲ့ပါတယ်။

 

 

ပုံစာ -မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်

ပုံ - AFP

Burma Associated Press

 

မလေးရှား
အာဆီယံ
ဝန်ကြီးချုပ်
အာဆီယံ အထူးသံတမန်
မြန်မာ

Share With
bap-logo