bap-logo
Politics

တရုတ်၏ လျှို့ဝှက်နျူကလီးယားစမ်းသပ်မှုဟု ယူဆရသည့် အခြေအနေနှင့် ပတ်သက်၍ အမေရိကန်က အသေးစိတ်အချက်အလက်သစ်များ ထုတ်ပြန်

_VGxFdOtSAqamtosPCBw6-image

လွန်ခဲ့သော ၂ ရက် က

 

BAP ဘာသာပြန်။

 

၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံက ပြုလုပ်ခဲ့သည်ဟု ဆိုသော တရားမဝင် နျူကလီးယားစမ်းသပ်မှုနှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းအချက်အလက်သစ်များကို အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ သည်။

 

ထိုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကာဇက်စတန်နိုင်ငံရှိ ဝေးလံခေါင်ဖျားသော မြေငလျင်တိုင်းတာရေးစခန်း တစ်ခုက သေးငယ်သော မြေငလျင်တစ်ခုကို ထောက်လှမ်းမိခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ပြင်းအား ၂.၇၅ မဂ္ဂနီကျုသာရှိသော်လည်း ၎င်းမှာ တရုတ်နိုင်ငံ၏ အဓိကနျူကလီးယားစမ်းသပ်ကွင်းဖြစ်သော Lop Nur တည်ရှိရာ မိုင် ၄၅၀ ခန့်အကွာမှ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်နက် ထိန်းချုပ်ရေးနှင့် ပြန့်ပွားမှုတားဆီးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Christopher Yeaw က ပြောသည်။

 

ဒါဟာ တစ်ခုတည်းသော ပေါက်ကွဲမှုကလွဲလို့ တခြားအရာဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။” ဟု ဝါရှင်တန်ဒီစီရှိ ကွန်ဆာဗေးတစ် အကြံပေးအဖွဲ့တစ်ခုဖြစ်သော Hudson Institute က အင်္ဂါနေ့တွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ Yeaw က ပြောသည်။

 

“ဒါဟာ နျူကလီးယားပေါက်ကွဲ စမ်းသပ်မှုတစ်ခုကနေ ကြုံတွေ့လာနိုင်တဲ့ အခြေအနေနဲ့ အတော်လေးကို ကိုက်ညီနေပါတယ်။” ဟု ၎င်းက ဆိုသည်။

 

လွတ်လပ်သော ကျွမ်းကျင်သူများကမူ ထိုအကဲဖြတ်ချက်ကို ချက်ချင်း သဘောမတူညီခဲ့ကြပေ။ မြေငလျင်လှိုင်း အမျိုးအစားအမျိုးမျိုး၏ အချိုးအစားများမှာ ပေါက်ကွဲမှုတစ်ခုနှင့် ကိုက်ညီမှုရှိနေကြောင်း ဖြစ်နိုင်ခြေရှိသော နျူကလီးယားစမ်းသပ်မှုများကို စောင့်ကြည့်သည့် နော်ဝေအဖွဲ့အစည်းတစ်ခုဖြစ်သော NORSAR မှ မြေငလျင်ဗေဒနှင့် စိစစ်ရေးဆိုင်ရာ အကြီးအကဲ Ben Dando က ပြောသည်။ သို့သော် အချက်ပြလှိုင်းမှာ အားနည်းနေပြီး စခန်းတစ်ခုတည်းတွင်သာ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထိုကန့်သတ်ချက်များနှင့် အခြားအချက်များအပေါ် အခြေခံ၍ ၎င်းက ဤအခြေအနေသည် သဘာဝဖြစ်ရပ်တစ်ခုလည်း ဖြစ်နိုင်သေးသည်ဟု ယုံကြည်နေသည်။

 

တကယ့်ကို ခိုင်မာပြတ်သားတဲ့ သက်သေအထောက်အထား ရှိတယ်လို့တော့ ကျွန်တော် မပြောလို ပါဘူး။” ဟု Dando က NPR သို့ ပြောကြားခဲ့သည်။ “ဒီအချိန်မှာ နျူကလီးယားစမ်းသပ်မှု တကယ်ဖြစ်ခဲ့ သလား၊ မဖြစ်ခဲ့ဘူးလားဆိုတာကို ကျွန်တော်တို့ တကယ်တမ်း အတည်မပြုနိုင်သလို ငြင်းလည်း မငြင်းနိုင်သေးပါဘူး။” ဟု ၎င်းက ဆိုသည်။

 

အချက်ပြလှိုင်းကို ဖမ်းယူရရှိခဲ့သည့် ဘက်စုံနျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်အဖွဲ့ (CTBTO) က ထုတ်ပြန်ချက်တစ်ခုတွင် “၁၂ စက္ကန့်ခြားစီ ဖြစ်ပေါ်ခဲ့တဲ့ အလွန်သေးငယ်တဲ့ မြေငလျင်ဖြစ်ရပ် နှစ်ခု” ကို ထောက်လှမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း “ဒီအချက်အလက်တွေနဲ့တင် ဒီဖြစ်ရပ် တွေရဲ့ အကြောင်းရင်းကို ယုံကြည်စိတ်ချစွာ အကဲဖြတ်ဖို့ မဖြစ်နိုင်ပါဘူး။” ဟု ဖြည့်စွက်ပြောကြား ခဲ့သည်။

 

တရုတ်သံရုံးကမူ NPR ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်းမရှိသော်လည်း တရုတ်အစိုးရက ထိုစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။ “တရုတ်ရဲ့ နျူကလီးယား ဖောက်ခွဲ စမ်းသပ်မှုဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ လုံးဝအခြေအမြစ်မရှိပါဘူး။” ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြီးခဲ့သည့်အပတ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ “အမေရိကန်က သူ့ရဲ့ကိုယ်ပိုင် နျူကလီးယားစမ်းသပ်မှုတွေ ပြန်စဖို့အတွက် အကြောင်းပြချက်တွေ လုပ်ကြံဖန်တီးနေတာကို တရုတ်က ကန့်ကွက်ပါတယ်။” ဟု ၎င်းက ဆိုသည်။

 

⏹︎ စမ်းသပ်မှုဆိုင်ရာ ပြဿနာများ

 

ကမ္ဘာ့အဓိက နျူကလီးယားအင်အားကြီးနိုင်ငံများသည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ၎င်းတို့၏ လက်နက်များကို စမ်းသပ်ခြင်းမပြုခဲ့ကြပေ။ အမေရိကန်သည် ၁၉၉၂ ခုနှစ်တွင် နောက်ဆုံးစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံက ၁၉၉၆ ခုနှစ်တွင် နောက်ဆုံးတရားဝင်စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ နိုင်ငံနှစ်ခုစလုံးသည် နျူကလီးယားစမ်းသပ်မှုများကို တားမြစ်ထားသည့် ဘက်စုံနျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားကြသည်။ သို့သော်လည်း မည်သည့်နိုင်ငံကမျှ အဆိုပါ စမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်ကို တရားဝင် အတည်မပြုရသေးဘဲ စာချုပ်မှာလည်း အသက်မဝင်သေးပေ။

 

နိုင်ငံများသည် စမ်းသပ်မှုမပြုလုပ်ရန် ၎င်းတို့၏ ကတိကဝတ်များကို မိမိသဘောအလျောက် လိုက်နာ နေကြသော်လည်း ၎င်းမှာ နျူကလီးယားလက်နက်ဆိုင်ရာ လုပ်ငန်းများအားလုံး ရပ်တန့်သွားသည်ဟု မဆိုလိုပေ။ အမေရိကန်တွင် လက်နက်များမှာ ပုံစံထုတ်ထားသည့်အတိုင်း အလုပ်လုပ်ဆဲဖြစ်ကြောင်း သေချာစေရန် စူပါကွန်ပျူတာဖြင့် ပုံတူကူးယူစမ်းသပ်မှုများကို လက်တွေ့ကမ္ဘာမှ စမ်းသပ်ချက် အမြောက်အမြားနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။ ထိုစမ်းသပ်ချက်အချို့ကို ယခင်က နျူကလီး ယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးသည့် မြေအောက်လှိုဏ်ဂူများတွင် ပြုလုပ်ခြင်းဖြစ်သည်။

 

NPR သည် ၂၀၂၄ ခုနှစ်တွင် ထိုလှိုဏ်ဂူများအတွင်းသို့ ရှားရှားပါးပါး ဝင်ရောက်ခွင့်ရရှိခဲ့ပြီး sub-critical ဟုခေါ်သော စမ်းသပ်မှုများ ပြုလုပ်ရာ စမ်းသပ်ခန်းကို ကြည့်ရှုခွင့်ရခဲ့သည်။ အဆိုပါစမ်းသပ်မှုများသည် လက်နက်အဆင့်ရှိ ပလူတိုနီယမ် ပမာဏအနည်းငယ်ကို ပေါက်ကွဲစေသော်လည်း ၎င်းပစ္စည်းအတွင်း၌ နျူကလီးယားကွင်းဆက်ဓာတ်ပြုမှုကို ဖြစ်ပေါ်စေခြင်းမရှိကြောင်း NPR နှင့် ထိုစဉ်က တွေ့ဆုံမေးမြန်း ခဲ့သည့် လက်နက်ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံသည်လည်း Lop Nur ရှိ ၎င်း၏ နျူကလီးယားစမ်းသပ်ကွင်းတွင် အလားတူပင် လှုပ်ရှားနေခဲ့ ကြောင်း တရုတ်၏ နျူကလီးယားလက်နက်အစီအစဉ်ကို လေ့လာနေသည့် Carnegie Endowment for International Peace မှ ဝါရင့်သုတေသနအဖွဲ့ဝင် Tong Zhao က ပြောသည်။ ဂြိုဟ်တုဓာတ်ပုံများအရ မကြာသေးမီနှစ်များအတွင်း ပစ္စည်းကိရိယာဧရိယာများနှင့် ဝန်ထမ်းများအတွက် နေအိမ်များ တိုးချဲ့လာခြင်းကို တွေ့ရပြီး အနည်းဆုံး လှိုဏ်ဂူအသစ်တစ်ခုကိုလည်း တူးဖော်ထားကြောင်း ၎င်းက ဆိုသည်။

တရုတ်ဟာ စမ်းသပ်ကွင်းမှာရှိတဲ့ တာဝန်တွေကို တိုးချဲ့တာမဟုတ်ရင်တောင် ထိန်းသိမ်းထားဖို့အတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပုံရပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

 

⏹︎ အကြီးအကျယ် တိုးချဲ့မှု

 

အမေရိကန်၏ စမ်းသပ်မှုအစီအစဉ်မှာ လက်ရှိတွင် တပ်ဖြန့်ထားသော လက်နက်အရေအတွက် ၁,၅၀၀ ခန့်ကို ထိန်းသိမ်းထားရန် အဓိကကြိုးပမ်းနေခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံမှာမူ တိုးချဲ့ရန် ကြိုးပမ်းနေ ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံတွင် ထိပ်ဖူးအရေအတွက် ၂၀၀ ခန့်သာ ရှိသည်ဟု ယူဆခဲ့ကြသည်။ ယနေ့တွင်မူ ပင်တဂွန်စစ်ဌာနချုပ်၏ အဆိုအရ တရုတ်၏ လက်နက်တိုက်မှာ ထိပ်ဖူး ၆၀၀ ခန့်အထိ ရှိနေပြီဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ထိပ်ဖူးအရေအတွက် ၁,၀၀၀ အထိ ရရှိရန် ရည်မှန်းချက် ထားရှိသည် ၎င်းမှာ အမေရိကန်နှင့် ရုရှားတို့၏ အဆင့်အတန်းနှင့် နီးစပ်သွားမည့် အရေအတွက် ဖြစ်သည်။

 

သို့သော် တရုတ်နိုင်ငံသည် ၎င်း၏ လက်နက်တိုက်ထဲသို့ ထိပ်ဖူးရာပေါင်းများစွာ ဖြည့်တင်းနေသော်လည်း အသုံးပြုနိုင်မည့် နျူကလီးယားစမ်းသပ်မှုဆိုင်ရာ အချက်အလက်များမှာ နှိုင်းယှဉ်ချက်အရ နည်းပါးနေ သည်။ စမ်းသပ်မှုရပ်ဆိုင်းခြင်း ကာလမတိုင်မီက တရုတ်နိုင်ငံသည် နျူကလီးယားစမ်းသပ်မှု ၄၅ ကြိမ်သာ ပြုလုပ်ခဲ့ဖူးသည်။ Arms Control Association မှ အချက်အလက်များအရ ထိုစမ်းသပ်မှုများ၏ ထက်ဝက် ခန့်မှာ လေထုအတွင်း၌ဖြစ်ပြီး ကျန်ထက်ဝက်မှာ မြေအောက်၌ဖြစ်သည်။

 

၎င်းမှာ တရုတ်နိုင်ငံအနေဖြင့် ပိုမိုကြီးမားသော နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ရန် စိတ်ဝင်စား နေနိုင်သည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။ ယခုလအစောပိုင်းတွင် လက်နက်ထိန်းချုပ်ရေးနှင့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Thomas DiNanno က တရုတ်နိုင်ငံသည် နျူကလီးယားစမ်းသပ်မှု ရပ်ဆိုင်းထားခြင်းဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ရန် ကြိုးပမ်းနေသည်ဟု အမေရိကန်က ယူဆခဲ့ပြီး အနာဂတ်တွင် ပိုမိုလုပ်ဆောင်ရန် စီစဉ်နေသည်ဟု အမေရိကန်က ယုံကြည်ကြောင်း ကြေညာခဲ့သည်။

 

တရုတ်ဟာ တန်ချိန်ရာနဲ့ချီတဲ့ ပေါက်ကွဲအား သတ်မှတ်ထားတဲ့ စမ်းသပ်မှုတွေအတွက် ပြင်ဆင်တာ အပါအဝင် နျူကလီးယားပေါက်ကွဲစေတဲ့ စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တယ်ဆိုတာ အမေရိကန် အစိုးရက သိရှိထားကြောင်း ကျွန်တော် ထုတ်ဖော်ပြောကြားနိုင်ပါတယ်။” ဟု ၎င်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြောကြားသည့် မိန့်ခွန်းတစ်ခု၌ ဆိုခဲ့သည်။

 

အင်္ဂါနေ့က Hudson Institute တွင် ပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ် စမ်းသပ်မှုမှာ "ပေါက်ကွဲအား ထုတ်လုပ်သည့်" (yield-producing) နျူကလီးယားစမ်းသပ်မှုတစ်ခုဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ၎င်းသည် နျူကလီးယားဒြပ်ပစ္စည်းများအတွင်း ထိန်းချုပ်မရသော ကွင်းဆက်ဓာတ်ပြုမှုကို ဖြစ်ပေါ်စေခဲ့ ခြင်းဖြစ်ကြောင်း Yeaw က ပြောသည်။ Yeaw က စမ်းသပ်မှုမှာ မည်မျှကြီးမားနိုင်သည်ကို ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း တရုတ်တို့သည် ၎င်း၏ တကယ့်ပမာဏကို ဖုံးကွယ်ရန်အတွက် "ခွဲထုတ်ခြင်း" (decoupling) ဆိုင်ရာ လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

ဖြစ်နိုင်ခြေရှိသော စမ်းသပ်မှုမှ တရုတ်က ဘာတွေရရှိနေသလဲဆိုသည်ကို Yeaw က အသေးစိတ် မပြောကြားခဲ့သော်လည်း “နိုင်ငံတွေအနေနဲ့ သိသိသာသာ အကျိုးအမြတ်ရဖို့ မျှော်လင့်ချက်မရှိဘဲ ဒီလိုစွန့်စားမှုတွေကို မလုပ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။” ဟု ပြောသည်။

 

စွပ်စွဲထားသည့်အတိုင်း နျူကလီးယားစမ်းသပ်မှုတစ်ခု တကယ်ဖြစ်ခဲ့လျှင် ကာဇက်စတန်တွင် ထောက် လှမ်းမိသော ပြင်းအား ၂.၇၅ ဖြစ်ရပ်မှာ တီအန်တီ (TNT) တန်ချိန် ဆယ်ဂဏန်းခန့်နှင့် ညီမျှသော ပေါက်ကွဲမှု ဖြစ်လိမ့်မည်ဟု Dando က ပြောကြားခဲ့သည်။ သို့သော် ကြီးမားသော မြေအောက် အခန်းတစ်ခု တူးဖော်ပြီး အလယ်တွင် နျူကလီးယားကိရိယာတစ်ခု ထားရှိခြင်းအားဖြင့် ပိုမိုကြီးမားသော ပေါက်ကွဲမှု (တန်ချိန်ရာနှင့်ချီ သို့မဟုတ် ကီလိုတန်အဆင့်ပင်) ကို ဖုံးကွယ်ထားရန် ဖြစ်နိုင်ခြေရှိသည်။

 

တရုတ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ စမ်းသပ်မှုပြုလုပ်ရန် အကြောင်းပြချက်များစွာ ရှိလိမ့်မည်ဟု Zhao က ဆိုသည်။ အမေရိကန်နှင့် ဖြစ်ပွားနိုင်သော အကန့်အသတ်ရှိသည့် စစ်ပွဲတွင် အသုံးပြုနိုင်မည့် ပေါက်ကွဲ အားနည်းသော နျူကလီးယားလက်နက်များ တီထွင်ရန် သို့မဟုတ် အသံထက်မြန်သည့် (hypersonic) လက်နက်များအတွက် ပုံစံသစ်များကို စမ်းသပ်ရန် စိတ်ဝင်စားနေခြင်း ဖြစ်နိုင်သည်။

 

Zhao က အမေရိကန်၏ စွပ်စွဲချက်များကို အလေးအနက်ထားသည်ဟု ဆိုသည်။ “ဒါဟာ အမေရိကန်ရဲ့ အချို့သော လျှို့ဝှက်ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာချက်တွေပေါ်မှာ အခြေခံထားတာ ဖြစ်နိုင်ပြီး နှစ်ပေါင်းများစွာအတွင်း တရုတ်ရဲ့ Lop Nur နျူကလီးယားစမ်းသပ်ကွင်းက အလွန်လှုပ်ရှားနေတဲ့ အခြေအနေနဲ့လည်း ကိုက်ညီနေပုံရပါတယ်။” ဟု ၎င်းက ဆိုသည်။ (အမေရိကန်တွင် လူသိရှင်ကြား မြေငလျင်တိုင်းတာချက်များအပြင် အခြားသော ထောက်လှမ်းရေးသတင်းများ ရှိသလားဆိုသည့် NPR ၏ မေးခွန်းကို ဖြေကြားရန် Yeaw က ငြင်းဆိုခဲ့သည်။)

 

တရုတ်၏ စမ်းသပ်မှုဆိုင်ရာ လှုပ်ရှားမှုများနှင့် ပတ်သက်၍ စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းမှာ အခြား နိုင်ငံများနှင့် "တန်းတူညီမျှသောအခြေခံ" ဖြင့် အမေရိကန်အနေဖြင့်လည်း နျူကလီးယားစမ်းသပ်မှုများ ပြန်လည်ပြုလုပ်ရန် စဉ်းစားနေကြောင်း သမ္မတ ထရမ့်က ကြေညာခဲ့ပြီး လအနည်းငယ်အကြာတွင် ဖြစ်သည်။

 

အချို့သော ကျွမ်းကျင်သူများကမူ အမေရိကန်အနေဖြင့် နျူကလီးယားစမ်းသပ်မှုများဆီသို့ အလျင်စလို ပြန်သွားသင့်သလားဆိုသည်ကို မေးခွန်းထုတ်ကြသည်။ တရုတ်တွင် စမ်းသပ်မှု ၄၅ ကြိမ်သာ ရှိသော် လည်း အမေရိကန်မှာ အကြိမ်ပေါင်း တစ်ထောင်ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စမ်းသပ်မှု အသစ် တစ်ခုချင်းဆီမှတစ်ဆင့် တရုတ်နျူကလီးယားသိပ္ပံပညာရှင်များက အမေရိကန်ထက် ဗဟုသုတ များစွာ ပိုမိုရရှိနိုင်ဖွယ် ရှိနေသည်။

 

အမေရိကန်အနေဖြင့် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်အသစ်တစ်ခုအတွက် တရုတ်ရော ရုရှားနှင့်ပါ ဆွေးနွေးပွဲများ စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း Yeaw က ပြောကြားခဲ့သည်။ သို့သော် လည်း အမေရိကန်၏ ဒုံးကျည်များ၊ ဗုံးကြဲလေယာဉ်များနှင့် ရေငုပ်သင်္ဘောများတွင် နျူကလီးယား လက်နက်များ ထပ်မံဖြည့်တင်းမှု ပြုမည် သို့မဟုတ် မပြုမည်ကို ပင်တဂွန်က လက်ရှိတွင် စဉ်းစားနေ ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 

စားပွဲပေါ်မှာ ရွေးချယ်စရာတွေ အများကြီးရှိနေတာကတော့ ထင်ရှားပါတယ်။” ဟု ၎င်းက ဆိုသည်။

ကိုးကား - NPR

ပုံစာ - ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် စစ်ရေးပြအခမ်းအနား၌ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော DF-31BJ တာဝေးပစ် ဒုံးကျည်များကို သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် တွေ့ရစဉ်။ တရုတ်နိုင်ငံသည် ၎င်း၏ နျူကလီးယားလက်နက်တိုက်ကို အကြီးအကျယ် တိုးချဲ့လျက်ရှိသည်။ Kevin Frayer/Getty Images AsiaPac

Burma Associated Press

 

 

နျူကလီးယား
တရုတ်
အမေရိကန်

Share With
bap-logo