Urban Life
အရောင်မဲ့ ပွင့်ချပ်များ
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၂။
အသက် ၈ နှစ် အရွယ် ကလေးငယ် ပန်းကလေး (အမည်လွှဲဟာ) လူမှန်းသိတတ်စ အရွယ် ကတည်းက သူ့မိဘချက်ကျွေးတဲ့ ထမင်းဟင်းကို ဒီနေ့ဒီချိန်အထိ မစားခဲ့ဖူးပါဘူး။
"ချက်စရာ ထမင်းအိုးဟင်းအိုးလည်း အမေ့မှာမရှိဘူး။ အမေက ချက်တတ်တယ်။ စားစရာပန်းကန် သမီးတို့မှာ မရှိဘူး။ အိမ်လဲမရှိဘူး။ ဟိုဘောတံတားပေါ် အိပ်ရတာ"
ပန်းကလေးကပြောရင်း ချေးတက်နေတဲ့ သွားအဝါရောင်တွေကို မြင်မှာစိုးလို့ သူ့ရဲ့လက်နဲ့ ပိတ်ထားလိုက်ပါတယ်။
ပန်းကလေးနဲ့ သူ့မောင်နှမတွေဟာ ဗိုက်ဖြည့်ဖို့အတွက် ဗိုလ်တထောင်ဘုရားဝန်းအတွင်း ကုသိုလ်ပြု ဝေငှတဲ့ ထမင်း၊ ခေါက်ဆွဲ စတဲ့စားစရာတွေကို မှီခိုနေရတာပါ။
အလှူရှင်မရှိတဲ့ရက်တွေဆို အနီးနားက ဘုန်းကြီးကျောင်းက ဆွမ်းကျန်ဟင်းကျန်တွေယူပြီး ဝမ်းရေးကို ဖြေရှင်းကြရပါတယ်။
"အမေတို့အဖေတို့လဲ သမီးတို့ယူလာတဲ့စားစရာတွေပဲစားတာ၊ တောင်းလို့ရတဲ့ပိုက်ဆံတွေက အမေတို့အကြွေးဆပ်ဖို့ပေးရတာ၊ အမေတို့မှာ အကြွေး ၅ သိန်းတောင်ဆပ်ဖို့ရှိနေတာ"
မဲညစ်ညစ်ဖြစ်နေတဲ့လက်ကို ထောင်ပြရင်း ပြောပြနေတာပါ။
ပန်းကလေးက သူ့ကိုယ်သူ အသက် ၈ နှစ်လို့ သတ်မှတ်ထားပေမဲ့ တိတိကျကျ သိတာမျိုးတော့ မဟုတ်ပါဘူး။ မောင်နှမ ၅ ယောက်မှာ သူက ဒုတိယဖြစ်ပြီး အောက်မှာအငယ် သုံးယောက် ရှိနေပါတယ်။
ချက်စရာ ထမင်းအိုးဟင်းအိုးလည်း အမေ့မှာမရှိဘူး။ အမေက ချက်တတ်တယ်။ စားစရာပန်းကန် သမီး တို့မှာ မရှိဘူး။ အိမ်လဲမရှိဘူး။ ဟိုဘောတံတားပေါ် အိပ်ရတာ
အလှူရှင်ထံက ရထားတဲ့ အဝတ်တွေဟာလည်း ချေးအထပ်ထပ်နဲ့ ညစ်နွမ်းနေပြီး သူ့ထက်လည်း အနည်းငယ် ကြီးတာကြောင့် ပွယောင်းယောင်းဖြစ်လို့နေပါတယ်။
အသားညိုညိုနဲ့ သူ့ရဲ့မျက်နှာ ခပ်ဝိုင်းဝိုင်းက ချေးအထပ်ထပ်ကပ်နေပြီး ခြေထောက်မှာ ဖိနပ်လည်း စီးမထားပါဘူး။
လက်သည်းကြားထဲမှာ ကပ်နေတဲ့ချေးတွေကို အခြားလက်တစ်ဖက်နဲ့ ထွင်ရင်းက သူ့လက်ထဲ ကိုင်ထားတဲ့ ဝေဖာမုန့်ကို စာရေးသူကို ကျွေးနေပါသေးတယ်။
ဗိုလ်တထောင်ကမ်းနားမှာ နေထိုင်တဲ့ သူ့မိသားစုအပါဝင် အခြားမိသားစုက သူတို့လို ကလေး ငယ်တွေဟာလည်း ဘုရားဝင်းအတွင်း မွေးနေ့အထိမ်းအမှတ်၊ ယတြာချေဖို့ စတဲ့ခေါင်းစဥ် အမျိုးမျိုးနဲ့ အလှူရှင်တွေ ဝေငှတဲ့ စားစရာတွေနဲ့ ဝမ်းရေးကို ဖြေရှင်းနေကြရပါတယ်။
ပန်းကလေးက ကျောင်းလဲမတက်ဖူးသလို သူ့ထက် အသက် ၂ နှစ်ကြီးတဲ့ သူ့အကိုရယ်၊ သူ့ထက် ၂ နှစ်ငယ်တဲ့ ညီမရယ်ပါ ကျောင်းမတက်ပါဘူး။
လမ်းမလျှောက်တတ်သေးတဲ့အရွယ် မောင်တစ်ယောက်လည်း ရှိပါသေးတယ်။
ဖခင်က ဆိုက်ကားနင်းပြီး မိခင်က ကမ်းနားမှာ ကုသိုလ်ပြု လွှတ်ကြတဲ့ စာကလေးငှက်တွေ ရောင်းပါတယ်။
သူတို့မိသားစုတွေ ညအိပ်တဲ့နေရာဟာ ဆိပ်ကမ်းကုန်ပစ္စည်းတင်ချတဲ့ လူသွားဘောတံတားတစ်ခုပါ၊ မနက်ကျရင် အိပ်ယာတွေကို ထုပ်သိမ်းပြီး ကမ်းနားတစ်နေရာက ခုံအောက်တွေမှာ ထိုးထည့် ထားရပါတယ်။
ဒီဘောတံတားပေါ်မှာ အိပ်ခွင့်ရဖို့ သူတို့ဟာ ကမ်းနားက ရဲတွေကို အသနားခံ ခွင့်တောင်းကြရပြီး ခြင်ထောင် ထောင်ခွင့်မရှိပါဘူး။ မိုးသည်းထန် ရွာတဲ့နေ့တွေဆို မိုးပက်လို့ အိပ်မရဘဲ ငုတ်တုတ် ထိုင်နေကြရပါတယ်။
"လေတွေလဲတိုက်၊ မိုးတွေလဲရွာ၊ ခြင်ထောင်လဲမရှိဘူး၊ ထထိုင်နေကြတာ သူတို့လဲ အတူတူပဲ"
ပန်းလေးကအခြားကလေးတစ်ဦးကို လက်ညိုးထိုးပြရင်း ဘုရားဖူးလာသူတွေဖက်ကို ပြေးသွားလိုက်ပါတယ်။
ဒီနေရာမှာ နေထိုင်တဲ့ ပန်းကလေးတို့လို ကလေးအုပ်စု ၂၀ ကျော်ရှိနေပြီး အများစုဟာ ပိုးမွှားနဲ့ ခြင်တွေ ကိုက်ခံထားရတာကို တွေ့ရပါတယ်။ ချေးအထပ်ထပ်ဖြစ်နေတဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ အနာ အဖုအပိန့်တွေ ဖြစ်နေပြီး အနံ့တွေပါ ထွက်နေပါတယ်။
သူတို့က တစ်ခါဝတ်တွေလေ၊ သိမ်းဖို့နေရာမရှိတော့ ဒီအဝတ်တွေပဲ ထပ်ခါထပ်ခါဝတ်တယ်၊ နောက်ထပ် အဝတ် လာပေးသူရှိမှ ဝတ်ထားတဲ့ဟာကို ချွတ် လွှင့်ပစ်ပြီး အသစ်ဝတ်ကြရတာ
ရေချိုးရင် မြစ်ကမ်းစပ်မှာ ဆင်းချိုး တိုက်စရာဆပ်ပြာ၊ ခေါင်းလျှော်ရည်မပါ၊ ဝတ်ထားတဲ့အဝတ် အတိုင်း ရေထဲဆင်းပြီးပြန်တက်၊ နေပူမှာပြေးလွှားရင်းနဲ့ အဝတ်က ခြောက်သွားတာလို့ ကလေး တွေက ပြောပြပါတယ်။
"သူတို့က တစ်ခါဝတ်တွေလေ၊ သိမ်းဖို့နေရာမရှိတော့ ဒီအဝတ်တွေပဲ ထပ်ခါထပ်ခါဝတ်တယ်၊ နောက်ထပ် အဝတ် လာပေးသူရှိမှ ဝတ်ထားတဲ့ဟာကို ချွတ် လွှင့်ပစ်ပီး အသစ်ဝတ်ကြရတာ "
အနီးအနားမှာ စျေးရောင်းချနေသူတစ်ဦးက အခြေအနေကို ရှင်းပြပါတယ်။
ပန်းကလေးတို့လို အခြားကလေးငယ်တွေဟာလည်း ကျောင်းမတက်ကြရသူတွေ အများကြီး ရှိနေပြီး အချို့က ကမ်းနားလမ်းက ဘောတံတားတွေမှာအိပ်ကာ အချို့က ဒလဖက်ခြမ်းက ကျူးကျော်တဲတွေမှာ နေကြရပါတယ်။
အသက် ၉ နှစ် အရွယ် ဖူးဖူးကတော့ အတန်းပညာ ၂ နှစ်ခန့် နေဖူးပါတယ်၊ ဖခင်ကလည်း အခြားတနေရာမှာ နေထိုင်တယ်လို့ ဆိုပြီး သူကတော့ မိခင်နဲ့အတူ ဘုရားဝင်းအတွင်း ဆိပ်ကမ်းက တံတားအနီးမှာနေထိုင်သူပါ။
လွန်ခဲ့တဲ့တစ်လက ဖူးဖူးရဲ့အမေဟာ ကမ်းနားကတစ်နေရာမှာ လူစုပြီးဖဲရိုက်တာကြောင့် အဖမ်းခံ ထားရပါတယ်။
" အမေ့ကိုမတွေ့ရသေးဘူး၊ အမေက ကိုယ်ဝန်ကြီးနဲ့ အဖမ်းခံထားရတာ၊ နေလဲမကောင်းဘူး၊ သမီးက အမေ့ကို ပေးဖို့ ပိုက်ဆံစုနေတာ "
ညိုးငယ်တဲ့အမူအရာနဲ့ သူ့အကြောင်းကိုပြောပြပါတယ်။
ဖူးဖူးက အမျိုးတော်စပ်သူအချို့ထံမှာ သူ့ထက် အသက် ၂ နှစ်၊ ၄ နှစ် ကြီးတဲ့ အကို နှစ်ယောက်နဲ့ အတူ နေထိုင်နေပါတယ်။
ဒီလိုလမ်းဘေးမှာ နေထိုင်ကြရတဲ့ ကလေးငယ်တွေဟာ ပလုံကောက်တာ၊ ဘုရားကို လာတဲ့ သူတွေ ဆီက တောင်းရမ်းစားသောက်တာ၊ စာကလေးငှက်ရောင်းတာ၊ ခိုစာရောင်းတဲ့အလုပ်တွေကို အများဆုံး လုပ်ကြရပါတယ်။
"ကျမက လေဖြတ်ထားတယ်၊ ယောင်္ကျားက ထွက်ပြေးသွားတယ်၊ သားအကြီးတွေက သူ့အိမ်ထောင်နဲ့သူမို့ ဒီကလေးလုပ်စာနဲ့စားနေရတာ" လို့ ဘုရားဝင်းအတွင်း စာကလေးငှက် ရောင်းနေတဲ့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။
၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းတွက်ချက်မှုတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်မှာ အသက် ၄ နှစ်အထိ ကလေး ၄ ဒသမ ၉ သန်း၊ အသက် (၅-၉) နှစ်အထိ ၄ ဒသမ ၉ သန်း၊ အသက် (၁၀-၁၄)နှစ် အထိ ၄ ဒသမ ၇ သန်း၊ အသက် (၁၅-၁၉) နှစ် အထိ ၅ သန်း ကျော်ရှိပါတယ်။
"ကျမက လေဖြတ်ထားတယ်၊ ယောင်္ကျားက ထွက် ပြေးသွားတယ်၊ သားအကြီးတွေက သူ့အိမ်ထောင်နဲ့ သူမို့ ဒီကလေးလုပ်စာနဲ့ စားနေရတာ"
အားလုံးပေါင်းဆိုရင် မြန်မာမှာ အသက် ၁၉ နှစ်အောက် အရွယ် သန်း ၂၀ နီးပါး ( ၁၉ ဒသမ ၇၁၄ ) သန်း ရှိနေပါတယ်။
ပန်းကလေးလို အခြားကလေးငယ်တွေဟာ မိဘတွေရဲ့ဆင်းရဲ့ ကျပ်တည်းမှု၊ မိဘတွေရဲ့ နေ့ပြန်တိုး အတွက် ကူရှာပေးရတာ၊ လောင်းကစားကြောင့်အဖမ်းခံရတာ စတဲ့ တူညီတဲ့ အကြောင်းအရင်းတွေ ရှိနေပါသေးတယ်။
ဒီကလေးအများစုဟာ ကျောင်းပညာရော အခြားဗဟုသုတရမယ့် သက်မွေးပညာသင်ကြားရဖို့ အခွင့်အလမ်း မရှိဘဲ ဘုရားဝင်းအတွင်းမှာပဲ အချိန်ကုန်ကြရပါတယ်။
"ကျမတို့ကို အစိုးရက ကူညီစေချင်တယ်၊ အခုဆို တစ်ရက်ဝင်ငွေ သုံးထောင်ရဖို့တောင် မလွယ်တော့ဘူး၊ စျေးလည်း မရောင်းရတော့ ခက်ခဲနေကြတယ်၊ ဘာအလုပ်မှလည်း လုပ်စား မတတ်တော့ဘူး၊ ကျန်းမာရေးကအစ တစ်ခုခုဆိုရင် အသေခံဖို့ပဲ ရှိတော့တယ်"
စျေးရောင်းသူတစ်ဦးကပြောပါတယ်။
အခုလို လမ်းဘေးမှာနေထိုင်စားသောက်နေတဲ့ ကလေးတွေဟာ ဘာသိပညာ၊ ဗဟုသုတမှ လေ့လာ သင်ယူခွင့် မရဘဲ လူ့အသိုင်းအဝိုင်းကို အကျိုးမပြုတဲ့သူတွေအဖြစ် ရောက်သွားပါက အန္တာရယ် ရှိနိုင်တယ်လို့ ကလေးတွေကို ကူညီပေးခဲ့ဖူးသူအချို့က ပြောပါတယ်။
ဒီလို ပညာသင်ကြားခွင့်မခံရတဲ့ ကလေးဟာ မွေးရာပါအခြေခံလူ့အခွင့်အရေး ဆုံးရှုံးရပြီး နောက်ဆက်တွဲအနေနဲ့ ဆိုးကျိုးတွေရှိလာနိုင်တယ်လို့ ကလေးသူငယ်အရေးဆောင်ရွက်ခဲ့ဖူးသူ အမျိုးသမီးတစ်ဦးက သုံးသပ်ပါတယ်။
"လူတစ်ယောက်ကို အဓိက ထိန်းချူပ်ပေးတာ ပညာနဲ့ ဥပဒေ ပါ၊ အဲဒီတော့ ပညာနဲ့ မအပ်စပ်တဲ့အခါ အကြောက် တရားမရှိ၊ အမုန်းတရားပွား၊ အများပြောသမျှယုံလွယ်လာတယ်၊ သူတို့က ဒီသံသရာကို မကြိုက်ပေမဲ့ ရုန်းလည်း မထွက်တတ် ရုန်းလည်း မထွက်နိုင်ဖြစ်ရပါတယ်" လို့ သူ့အမြင်ကို ပြောပြပါတယ်။
စစ်တပ် အာဏာမသိမ်းခင်ကတော့ လမ်းဘေးကလေးငယ်တွေကို ညပိုင်းစာသင်ကြားပေးနေတဲ့ ပရဟိတ လူငယ်အဖွဲ့တွေ၊ ကလေးတွေ ကျောင်းနေနိုင်အောင် ပညာရေးအတွက် ကူညီနေတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ လမ်းဘေးကလေးတွေကို စာသင်ကြားပေးတဲ့အဖွဲ့တွေ မရှိတော့သလို၊ သက်မွေးပညာသင်ဖို့ ကူညီပေးတဲ့အဖွဲ့တွေလဲ မရှိတော့သလောက်ပါပဲ။
လူငယ်တွေစုရုံးနေရင် ဖမ်းဆီးစစ်ဆေးတာမျိုးတွေကြောင့် မကူညီရဲကြဘူးလို့ ပြောပါတယ်။
ဒီလိုနဲ့ပဲ ပန်းကလေးလို လမ်းဘေးကလေးတွေဟာ ကူကယ်ရာမဲ့အခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။
အရပ်လက်သည်နဲ့ မွေးခဲ့သူကြသူတွေဖြစ်တဲ့ သူတို့တွေဟာ နေမကောင်းရင်လည်း ဆေးရုံ၊ ဆေးခန်း မပြနိုင်ကြပါဘူး။
ပန်းကလေးရဲ့ ညီမလေး တစ်ယောက်ဆိုရင် ဆော့ရင်းက လက်ညှပ်မိပြီး လက်တစ်ဆစ်နီးပါး ပြတ်လုပြတ်ခင် ဖြစ်ခဲ့တာကြောင့် အနီးနားက မြို့နယ်ဆေးရုံတစ်ခုမှာ ပြခဲ့ပါတယ်။
ဆေးရုံက အခြားဆေးထည့်၊ ပတ်တီးစည်းပေးပြီး ဆေးရုံကြီးကို သွားပြခိုင်းခဲ့ပေမဲ့ ပန်းကလေး အမေဖြစ်သူက ဝေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့မသွားဘဲ ဒီအတိုင်းနေခဲ့ပါတယ်။
လူတစ်ယောက်ကို အဓိက ထိန်းချူပ်ပေးတာ ပညာနဲ့ ဥပဒေ ပါ၊ အဲဒီတော့ ပညာနဲ့ မအပ်စပ်တဲ့အခါ အကြောက် တရားမရှိ၊ အမုန်းတရားပွား၊ အများ ပြောသမျှ ယုံလွယ်လာတယ်၊ သူတို့က ဒီသံသရာကို မကြိုက်ပေမဲ့ ရုန်းလည်း မထွက်တတ် ရုန်းလည်း မထွက်နိုင် ဖြစ်ရပါတယ်
"သူ့အမေက ကလေးနို့စို့တစ်ဖက်၊ စာကလေး အရောင်းတစ်ဖက်နဲ့ဆိုတော့ မသွားနိုင်ဘူးလေ၊ ပိုက်ဆံလဲမရှိတော့ ဒီတိုင်းနေလိုက်တာ"
ဘုရားအနီး စျေးရောင်းချသူတစ်ဦးက အခြေအနေကိုပြောပြပါတယ်။
လက်ညှပ်ခံထားရတဲ့ အသားညိုညို အသက် ၆ နှစ် အရွယ်ကလေးရဲ့ လက်ခလယ်နေရာမှာ ဆေးရုံက စည်းပေးလိုက်တဲ့ ပတ်တီးဟာ မဲညစ်နေပြီး အစတွေကလည်း ဖွာလန်ကျဲနေပါတယ်။
"ပြတ်သွားတဲ့လက်ဆစ်ကို သူမြစ်ထဲပစ်ချလိုက်တာ၊ သိလား"
လက်ညှပ်ခံရတဲ့ကလေးနဲ့ မတိမ်းမယိမ်းအရွယ်ကလေးတစ်ယောက်က ဘေးနားက မြစ်ရှိတဲ့ နေရာကို လက်ညိုး ထိုးပြရင်း ပြောပါတယ်။
အခုလို ကူကယ်ရာမဲ့နေတဲ့ ကလေးငယ်တွေရဲ့ဘဝကို ကယ်တင်ဖို့ မိဘအပါဝင်၊ အစိုးရမဟုတ်တဲ့ NGO တွေ လိုအပ်ပြီး အစိုးရမှာ တာဝန်အရှိဆုံးလို့ ကလေးသူငယ်အရေး လှုပ်ရှားဖူးသူတစ်ဦးက ပြောပါတယ်။
"ကလေးတိုင်း ပညာသင်ခွင့်ရဖို့ ဘက်ပေါင်းစုံက ကြိုးစားပေးရမှာဖြစ်ပါတယ်၊ ကလေးတိုင်း ပညာသင်ခွင့် မရခြင်းဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်"လို့ သူက သုံးသပ်ပါတယ်။
အသိပညာဗဟုသုတ ပေးမယ့်သူမရှိ၊ ဒီနေရာမှာပဲ အချိန်ကုန်နေရတဲ့သူတို့လေးတွေမှာ ဖြစ်ချင်တဲ့ ဆန္ဒလေးလည်း ရှိကြပါတယ်။
ပန်းကလေးက “သူခုထက် အသက်ပိုကြီးလာရင် ဆိပ်ကမ်းနားက စားသောက်ဆိုင်မှာ အလုပ် ဝင်လုပ်ချင်တယ်“ ဖူးဖူးက “ ရုပ်ရှင်တစ်ခါလောက် ကြည့်ဖူးချင်တယ်” လို့ ဆိုပါတယ်။
အခြားကလေးတွေက “ကျောင်းတက်ချင်တာ၊” “တိရိစ္ဆာန်ဥယျဥ်သွားလည်ချင်တာ” “ကစားကွင်းမှာ ဆော့ကစားချင်တာ၊” “မိဘတွေနဲ့အတူ ပန်းခြံသွားချင်တာ၊” “မြို့ထဲသွားလည်ချင်ပြီး ရေခဲမုန့်အဝ စားချင်တာ “ စတဲ့ ဆန္ဒတွေ ရှိနေပါတယ်။
"ပြတ်သွားတဲ့လက်ဆစ်ကို သူမြစ်ထဲပစ်ချလိုက်တာ၊ သိလား"
ဒီရက်ပိုင်းမှာတော့ ပန်းကလေးတို့ကလေးတွေ ပျော်ကြရပါတယ်၊ သီတင်းကျွတ်ရာသီဖြစ်လို့ ဘုရားဖူးတွေ စည်ကားနေတာမို့ပါ။
ဒီလိုအချိန်မှာဆို သူတို့တွေ မုန့်ဖိုး ရတတ်ကြတာကြောင့်လည်း ဖြစ်ပါတယ်။
ပန်းကလေးတို့တစ်သိုက်ကတော့ ဘုရားပေါ်ကဆင်းလာတဲ့ ဘုရားဖူးအုပ်စုရှိရာကို ကြည့်နေ ကြပါတယ်။
ဒီနေ့ အလှူရှင်တွေဝေမယ့် ခေါက်ဆွဲကြော်၊ ထမင်း စတဲ့စားစရာတွေ လက်ထဲမရသေးတာမို့ နေ့လယ်စာအတွက် ရင်မောနေရပါသေးတယ်။
မွန်းတည့် ၁၂ နာရီ ထိုးခါနီးပြီဆိုရင်ပဲ နေ့လယ်စာအတွက် ပန်းကလေးတို့ ကလေးအုပ်စုဟာ ကြွပ်ကြွပ်အိတ် ကိုယ်စီကိုင်လို့ ထမင်းဟင်းဝေမယ့် ဘုန်းကြီးကျောင်းရှိရာဆီ ပြေးသွားကြ ပါတော့တယ်။
Burma Associated Press
Top News
လွန်ခဲ့သော ၁၈ နာရီ က
လွန်ခဲ့သော ၁၈ နာရီ က
လွန်ခဲ့သော ၁၁ ရက် က