bap-logo
Urban Life

ပိတုန်းရောင်ကေသာလည်း မကြော့နိုင်တော့ပါ

v0spcdWWfuEgFzty0wH0i-image

လွန်ခဲ့သော ၈ လ က

 

ရန်ကုန်၊ စက်တင်ဘာ ၁၄။

 

ပူပြင်းလှတဲ့ ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတစ်ခုက ဆိုင်ခန်းလေးတွေမှာ ခါတိုင်းနေ့တွေ ထက်ပိုပြီး လူစည်ကားနေပါတယ်။

 

တစ်နေရာမှာတော့

 

ဆံပင်းဖားလျားချထားတဲ့ အမျိုးသမီး သုံးဦးထိုင်နေပြီး ဆိုင်အတွင်းကဆံပင်ညှပ်နေတဲ့ အမျိုးသမီး တစ်ဦးဆီကို စိတ်ဝင်တစား ကြည့်နေကြပါတယ်။

 

ဆိုင်အတွင်းမှာ အမျိုးသားတစ်ဦးက အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးရဲ့ ဆံပင်ရှည်တွေကို ခေါင်းဖြီးဘီးတစ်ချောင်းနဲ့ တစ်လွှာချင်း စိတ်ရှည်လက်ရှည် ရှင်းနေပြီး ဆံပင်အတိုတွေကို အပေါ်ဘက် ပင့်တင်နေပါတယ်။

 

ဆံပင်ကို စိတ်ရှည်လက်ရှည်ရှင်းနေရင်းကနေ "ဖြတ်လို့ရပြီ၊ လာတော့" လို့ ဆိုင်အတွင်းက​အမျိုးသမီး တစ်ယောက်ကို အသံမြှင့်ပြီး အော်ပြောလိုက်တဲ့အချိန်မှာ ပေကြိုးနဲ့ကပ်ကြေး ကိုင်ထားတဲ့ အမျိူးသမီးတစ်ဦး ဝင်လာပါတယ်။

 

ထိုင်နေတဲ့ အမျိုးသမီးရဲ့ နားရွက်အောက်လောက်ရှိတဲ့နေရာကနေ ဆံပင်ဖြတ်ဖို့ ဟန်ပြင်လိုက်ပြီး" ဒီလောက် ကနေဖြတ်မှ အရှည်စျေးရမယ် စျေးပိုရမယ် ညှပ်မှာလား"လို့ မေးလိုက်ပါတယ်။

 

တိုသွားမလားနော်၊ မတတ်နိုင်ဘူး စျေးပိုရမှတော့ ညှပ်လိုက်တော့၊ ထမင်းစားဖို့က အရေးကြီးတယ်

 

ထိုင်နေတဲ့အမျိုးသမီးက မှန်ထဲကနေ သူ့မျက်နှာသူပြန်ကြည့်ရင်း "တိုသွားမလားနော်၊ မတတ်နိုင်ဘူး စျေးပိုရမှတော့ ညှပ်လိုက်တော့၊ ထမင်းစားဖို့က အရေးကြီးတယ်” လို့ပြောပြီး မျက်စိမှိတ် လိုက်ပါတယ်။

 

 

ဒီနေရာက ဆံပင်ညှပ်တဲ့ဆိုင် တစ်ခုမဟုတ်ပါဘူး

 

ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ သာကေတမြို့နယ်က စျေးရုံတစ်ခုအနီးက ဆံပင်ဝယ်တဲ့ ဆိုင်တစ်ခုပါ။

 

အခြေခံလူတန်းစားအလွှာတွေထဲကအမျိုးသမီးတွေဟာ တစ်ချိန်က သူတို့ဦးခေါင်းထက်မှာ အမြတ်တနိုး နေရာယူထားတဲ့ ဆံပင်တွေရောင်းပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းဖို့ကြိုးစား နေကြတာကို ဒီရက်ပိုင်းတွေ မှာ ပိုတွေ့လာရပါတယ်။

 

မြင့်မားလာတဲ့ ကုန်စျေးနူန်းကို ရင်ဆိုင်ဖို့ ဝင်ငွေမလောက်မှုတွေ၊ အလုပ်အကိုင်ပုံမှန်မရှိ၊ များပြားလှတဲ့ ကုန်ကျစားရိတ်တွေကို ဖြေရှင်းဖို့ကြိုးစားရင်း “ရောင်းစရာဆံပင်ပဲရှိတော့တာမို့ ဖြတ်ရောင်းရတာပါ”လို့ အချင်းချင်း​ ရယ်ပြီးပြောနေကြပါတယ်။

 

အရင်ကဆံပင်ဖြတ်ဖူးတယ်၊ ဘုရားလှူဖို့လေ၊ ခုတော့ဆီတိုးဖို့ ဖြတ်ရမှာ၊ ကိုယ့်ဆံပင်ကို ရောင်းစားပြီး ဆန်ဝယ်၊ ဆီဝယ်ရမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး

 

"အရင်ကဆံပင်ဖြတ်ဖူးတယ်၊ ဘုရားလှူဖို့လေ၊ ခုတော့ဆီတိုးဖို့ဖြတ်ရမှာ၊ ကိုယ့်ဆံပင်ကို ရောင်းစားပြီး ဆန်ဝယ်၊ ဆီဝယ်ရမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး"လို့ သူနဲ့အတူ အဖော်ပါလာသူအမျိုးသမီးကို ပြောရင်း မလှမ်းမကမ်းမှာရှိတဲ့ လူတန်းရှည်ကြီးရှိရာနေရာကို သွားလိုက်ပါတယ်။

 

အာဏာသိမ်းပြီးတဲ့နောက် အခြေခံလူတန်းစားတွေ စားဝတ်နေရေးကျပ်တည်းလာကြပြီး၊ ထမင်းပုံမှန် မစားရတဲ့နေ့တွေအထိ ရှိလာကြပါတယ်။

 

ပေါက်စျေးထက်လျှော့ရောင်းနေတဲ့ စားသုံးဆီတို့၊ ဆန်တို့ကို တန်းစီဝယ်ရဖို့ ပိုက်ဆံမရှိတာမျိုး တွေကြောင့် ဆံပင်ဖြတ်ပြီး ဆီတိုး၊ ဆန်တိုးပြီး ရင်ဆိုင်ဖြေရှင်းနေရသူတွေလည်း ရှိလာတာပါ။

 

Caption ရန်ကုန်မြို့ တစ်နေရာတွင် ဆန်ဝယ်ရန် တန်းစီနေကြသူများကိုတွေ့ရစဉ်

 

 

ဆံပင်အရှည် တစ်ပေနီးပါးနဲ့အထက်ဆိုရင် တစ်ဆယ်သားကို သုံးသိန်းကျပ်ကနေ လေးသိန်းကျပ် အထိ ဆံပင် အထူအပါးပေါ် မူတည်ပြီး ​ပေါက်စျေးရှိနေပါတယ်။

 

ဆံပင်လာဖြတ်ရောင်းတဲ့ အခြေခံလူတန်းစားတွေရောင်းလို့ရတဲ့ငွေဟာ တစ်သောင်းကနေ တစ်သိန်းထိသာ ရတတ်ကြပါတယ်။

 

အခြေခံလူတန်းစားတွေအတွက် လက်ရှိမှာ တစ်အိတ်ကို တစ်သိန်းဝန်းကျင်ထိ ပေါက်စျေးရှိတဲ့ ဆန်ကြမ်းကို အိတ်လိုက် မဝယ်နိုင်ကြသူတွေရှိပါတယ်။ ဆန်နှစ်ပြည်နဲ့ ဆီတစ်ပိသာဖိုးရရင်ပင် ကျေနပ်နေသူတွေ အများအပြားရှိနေပါတယ်။

 

စစ်အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်အကြာမှာ စားအုန်းဆီတစ်ပိဿာ တစ်သောင်းဝန်းကျင်၊ ဆန်ကြမ်းတစ်ပြည် သုံးထောင်၊ ကြက်သားတစ်ပိဿာ တစ်သောင်း၊ ငါးတစ်ပိဿာ ကိုးထောင်ဝန်းကျင် ရှိနေပါတယ်။

 

ဒါကြောင့်မို့ ပြင်ပပေါက်စျေးထက် လျှော့ရောင်းတဲ့ ဆန်ဆိုင်တွေ၊ ဆီဆိုင်တွေမှာ လူဦးရေ ၃၀၀ လောက်ရှိတဲ့ လူတွေ တန်းစီနေကြတဲ့ မြင်ကွင်းတွေကို မကြာခဏတွေ့မြင်နေရပါတယ်။

 

အခုချိန်မှာ ဖြတ်ရောင်းတဲ့ဆံပင်ရှည်တွေက အရင်ထက်စျေးပိုရနေလို့ ဆံပင်ဖြတ်ရောင်းသူတွေ ပို များလာနေတယ်လို့ ဆံပင်အဝယ်ဒိုင်အချို့က ပြောပါတယ်။

 

 

အိမ်ကနေဆံပင်ဖြတ်ပြီးလာရောင်းတာထက် ဆံပင်ဝယ်တဲ့နေရာမှာ ဝယ်သူက ကိုယ်တိုင်ညှပ်ယူရင် စျေးပို ရတာကြောင့် သာကေတ-( ၁ ) စျေး လို ဆံပင်ဝယ်တဲ့ဒီနေရာမှာ လူတွေ ခါတိုင်းထက် ပိုစည်ကားနေတာပါ။

 

လက်အတိုင်းအတာ တစ်ထွာကျော် ခုနစ်လက်မအောက် ဆံပင်အရှည်ဆိုရင် ဆိုင်တွေက မဝယ်ကြတာကြောင့် နေအိမ်တွေကနေ ကိုယ်တိုင်ဖြတ်လာသူအချို့က သူတို့ကိုယ်တိုင် ဖြတ်လာတဲ့ ဆံပင်ဟာရောင်းလို့ မရတာမျိုးတွေနဲ့လည်း ကြုံရတတ်ပါ သေးတယ်။

 

နေအိမ်ကနေ ကိုယ်တိုင်ဆံပင်ဖြတ်လာလို့ ရောင်းလို့မရတဲ့အဖြစ်မျိုးနဲ့ ကြုံသူအချို့ကတော့ လမ်းစားရိတ်တောင် ရူံးတယ်လို့ ဆိုပါတယ်။

 

သာကေတမြို့နယ်မှာ အရင်က ဆံပင်အဝယ်ဒိုင်ဆယ်ခုတောင် မရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဆံပင်အဝယ်ဆိုင် ၂၀ ကျော် ရှိနေပါပြီ။

 

ဆိုင်ခန်းနဲ့မဟုတ်ပဲ ထီးတစ်လက်၊ စားပွဲတစ်လုံး၊ ထိုင်ခုံ နှစ်ခုံ၊ မှန်တစ်ချပ်၊ ကပ်ကြေးတစ်လက်သာ ဆောင်ထားတဲ့ လမ်းဘေးဆိုင်လေးတွေ အခုဆိုရင်အများအပြားပေါ်ထွက်လာတာဟာ ဆံပင်​ဖြတ်ရောင်းသူတွေ များလာတာကြောင့်နဲ့လည်းဆိုင်တယ်လို့ ရောင်းသူအချို့က ပြောပါတယ်။

 

 "ဒီရက်ပိုင်း တစ်နေ့ကို ဆယ်ဦးမက လာရောင်းကြတယ်၊ အဓိကလာရောင်းကြတာတော့ အခြေခံ လူတန်းစား ထဲက အမျိုးသမီး​​တွေ လာရောင်းကြတာများတယ်"လို့ ဆံပင်အရောင်းဒိုင်တစ်ဦးက ပြောပါတယ်။

 

ဆံပင်အုံအထူအပါး၊ အတိုအရှည်ပေါ်မူတည်ပြီး စျေးရတတ်လို့ ​ဆံပင်ဖြတ်ရောင်းတဲ့စျေးကွက် အရင်ကထက် များပြားလာပြီး ဝယ်တဲ့ဒိုင်တွေလဲ များပြားလာကြပါတယ်။

 

အချို့ဆံပင်အဝယ်ဒိုင်တွေဆို နေအိမ်အထိ ဆံပင်လာဖြတ်ပြီး၊ အရှည် ၁၈ လက်မအထက် ဆံပင်တွေကို အဝယ်များနေကြပါတယ်။

 

ဒီရက်ပိုင်း အမျိုးသမီးအများစုဟာ စားဝတ်နေရေး​ဖြေရှင်းဖို့ ဆံပင်ဖြတ်ရောင်းကြရပြီး အချို့ဆံပင်ပါးသူတွေဆို သောင်းဂဏန်းမပြည့်ဘဲ ထောင်ဂဏန်းဈေးနဲ့ ရောင်းချပြီး ဆန်ဝယ်၊ ဆီဝယ် ပြန်သူတွေ သာကေတမြို့က ဆံပင်ရောင်းတဲ့နေရာတွေမှာ တွေ့နေရပါတယ်။

 

"ဆံပင်စျေးကောင်းပေးတယ်နော်၊ ရောင်းမလားအစ်မ၊ ဆိုင်ထဲကိုဝင်ပါ" ဆိုပြီး အမျိုးသားတစ်ဦးက သူတို့ ဆံပင်ဝယ်တဲ့ဆိုင်ရှေ့က ဖြတ်သန်းသွားနေတဲ့ဆံပင်ရှည်တဲ့ အမျိုးသမီးတစ်ဦးကို အသံမြှင့်ပြီး ပြောနေပါတယ်။

 

သာကေတ-( ၁ ) စျေးလို နေရာအနီးကဆံပင်ဝယ်တဲ့ ဆိုင်တွေထဲမှာ ဆံပင်ဖြတ်ရောင်းဖို့ ထိုင်စောင့်သူတွေ၊  ဆံပင်ဖြတ်ရောင်းနေသူကို အဖော်လုပ်ပေးသူတွေ၊ ဆံပင်ရောင်းစျေးလာမေးသူ တွေနဲ့ နေ့စဥ် စည်ကားနေတာကိုတွေ့ရမှာပါ။

 

ဆံပင်ရောင်းဝယ်ရေးဆိုင်အတွင်းက ထွက်လာတဲ့ အမျိုးသမီးနှစ်ဦးအနက် ဆံပင်ညှပ်ရောင်းထားတဲ့ အမျိုးသမီးက ဘေးက အဖော်အမျိုးသမီး လက်ကိုကိုင်ရင်း ပါးစပ်ကနေ "ဆံပင်လဲ ဖြတ်ရောင်းပြီးပြီ၊ ပိုက်ဆံလည်းရလာပြီ၊ လမ်းထဲကဟာတွေမေးရင် ကျန်းမာရေးမကောင်းလို့ ညှပ်လိုက်ရတယ်လို့ပဲဖြေမယ်နော်” လို့ပြောရင်း စျေးအနီးက ကုန်စုံဆိုင်ရှိရာနေရာကို တစ်လှမ်းချင်း ထွက်သွားကြပါတော့တယ်။

 

Burma Associated Press

ဆံပင်
စားဝတ်နေရေး
မြန်မာ
အမျိုးသမီးများ

Share With
bap-logo