Urban Life
အိပ်မက်များစွာဖြင့်
လွန်ခဲ့သော တစ်နှစ် က
ဇာတ်ကောင် -၁
ကိုတေဇ နှင့် မဇင်မာ (အမည်လွှဲ) တို့သည် မန္တလေးတိုင်းမှ ရန်ကုန်၊ ရန်ကုန်မှ မြဝတီမြို့သို့ သွားကာ တစ်ဖက်နိုင်ငံ ထိုင်းသို့ကူးပြီး အလုပ်လုပ်မည့်ဇနီးမောင်နှံဖြစ်သည်။
၎င်းတို့တွင် ပတ်စ်ပို့သာရှိပြီး ဗီဇာအပါအဝင် ကျန်သည့် အထောက်အထားများမရှိပေ။
သူ့အတွက်တော့ ဒီခရီးသည် မြဝတီသို့ သုံးကြိမ်မြောက်သွားခြင်းဖြစ်သည်။
ဘန်ကောက်ရောက်၍ အေးဂျင့်ချိတ်ဆက်ပေးသည့်စက်ရုံတွင်အလုပ်လုပ်ရင်း သူဌေးအသိအမှတ် ပြုမှသာ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရသည့် အလုပ်ဗီဇာ အပါအဝင် အခြားအထောက်အထားများ ရမည်ဖြစ်သည်။
ယင်းမတိုင်မီတွင် အလုပ်လုပ်ကိုင်သည့်စက်ရုံပြင်ပ၌ လှည့်လည်သွားလာခြင်းမလုပ်နိုင်ဟု ကိုတေဇကဆိုသည်။
၎င်းတို့တွင် ဆယ်နှစ်အရွယ်သားတစ်ဦးရှိပြီး ကလေးအားအဖိုးအဖွားများနှင့်ထားခဲ့ကာ နှစ်ဦးစလုံး အလုပ်လုပ်ရန် ထွက်ခွာလာခြင်းပင်။ ၎င်းတို့၏သူဌေးမှာမည်သူဖြစ်၍ အနာဂါတ်မှာ မည်သို့ဖြစ်မည်ကို မပြောနိုင်သော်လည်း ဘန်ကောက်တွင် အလုပ်လုပ်ကိုင်မည့် အစီအစဥ်မှာ ရှေ့ဆက်ဆဲပင်။
ဇာတ်ကောင် - ၂
အသက် ၃၀ ဝန်းကျင်အရွယ် မဟေမာ သည် ရန်ကုန်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ သူနာပြုအကူအဖြစ် အလုပ်လုပ်နေရာမှ ပွဲစားမှတဆင့် စင်္ကာပူနိုင်ငံရှိ သက်ကြီးရွယ်အိုများကို စောင့်ရှောက်သည့် ဂေဟာတွင် အလုပ်လျှောက်ရန် စီစဥ်နေလျက်ရှိသည်။
သူက သက်ကြီးစောင့်ရှောက်သည့် အခြေခံသင်တန်း ပြီးမြောက်သူတစ်ဦးလည်းဖြစ်သည်။ အလုပ်ရပါက စင်္ကာပူတွင် သင်တန်းထပ်မံတက်ရပြီး လက်မှတ်ရမှသာ သက်ကြီးဂေဟာများတွင် အလုပ်လုပ်နိုင်ကြောင်း မဟေမာကဆိုသည်။
စင်္ကာပူနိုင်ငံတွင် အခြေခံလုပ်သားအမျိုးသမီးများအတွက် ကလေးထိန်း၊ အိမ်အကူ၊ အိမ်အကူ နှင့် ကလေးထိန်း၊ သက်ကြီးစောင့်ရှောက်စသည့် အလုပ်အကိုင်များခေါ်ယူပြီး သက်ကြီး စောင့်ရှောက်သည့် ဂေဟာများတွင် လုပ်ကိုင်ရခြင်းက ပိုမိုကောင်းမွန်သည်ဟု မဟေမာယူဆသည်။
“အိမ်အကူနဲ့ကလေးထိန်းက မတူဘူး။ တချို့ဆို နှစ်ခုလုံးလုပ်ပေးရတယ်၊ လစာက တစ်ခုစာပဲရတယ်” ဟု သူကဆိုသည်။
ထို့ကြောင့် ၎င်းသက်ကြီးစောင့်ရှောက်ဂေဟာမှ အလုပ်အကိုင်အခွင့်အလမ်းကို ပိုကြိုက်သည် မဟေမာက ဆိုသည်။
သက်ကြီးစောင့်ရှောက်ဂေဟာ၏လုပ်ခသည် အခြားအလုပ်များထက်နည်းသော်လည်း အလုပ်ချိန် တစ်ရက် ၈ နာရီခန့်သာ လုပ်ကိုင်ရသဖြင့် အချိန်ပိုင်းအလုပ်လုပ်နိုင်သည့်အခွင့်အရေး ရှိသည်ဟု သူကဆိုသည်။
ထို့အပြင် ၎င်းကလိုအပ်သည့် သင်တန်းဆက်တက်ကာ စင်္ကာပူဆေးရုံ ဆေးခန်းများတွင် သူနာပြုအကူ သူနာပြု စသည့်အလုပ်များလုပ်ကိုင်လိုသည်။ မဟေမာသည် ထိုင်းနှင့်မလေးရှား နိုင်ငံတို့ထက် စင်္ကာပူသည် ဥပဒေစိုးမိုးမှုအရ အမျိုးသမီးများအတွက် ပိုမိုစိတ်ချရသည်ဟု ထင်သည်။ ထို့ကြောင့် စင်္ကာပူသို့ သွားရောက်ရန် ကြိုးပမ်းမှုတွင် ၎င်း၏အနာဂါတ်အတွက် စိုးရိမ်နေပုံမရဘဲ တက်ကြွနေသည်။
ဇာတ်ကောင် - ၃
စင်္ကာပူသို့ အလုပ်လုပ်ရန် သွားမည့် နောက်တစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် မနှင်းဖြစ်သည်။
ဝါသနာပါသည့်အလျှောက် သူသည် စက်ချုပ်သင်တန်းမှ ထူးချွန်ကျောင်းသူတစ်ဦးဖြစ်သည်။
ထိုသင်တန်းတွင် စက်ချုပ်သည့်အလုပ် ပြန်လည်လုပ်ကိုင်နေရာမှ မိခင်အား ဆေးကုပေးရန် ရည်ရွယ်၍ နိုင်ငံခြားထွက်ရန် အိမ်အကူသင်တန်းတက်ရသည်ဟုဆိုသည်။
မန္တလေးမှ မနှင်းသည် ပြည်ပအလုပ်ရှာ အေဂျင်စီက စီစဉ်သည့် အိမ်အကူသင်တန်းကို ဧရာဝတီတိုင်းရှိ မော်လမြိုင်ကျွန်းတွင် တက်ခဲ့ရသည်။
မနှင်း၏ သင်တန်းစရိတ်အပါအဝင် ပတ်စ်ပို့လုပ် ခြင်းအလယ် နိုင်ငံခြားထွက်ရန် ကုန်ကျစရိတ် များကို အေဂျင်စီမှ စိုက်ရှင်းပေးထားသည်။ ထို့ကြောင့် မနှင်းအပါအဝင် သင်တန်းသူများ အလုပ်ရပါက ၎င်းတို့အလုပ်၏ ပထမခြောက်လ စာကို ပြန်လည်ပေးရမည့် သဘောတူစာချုပ်ဖြင့် ဖြစ်သည်
မနှင်း၏ သင်တန်းစရိတ်အပါအဝင် ပတ်စ်ပို့လုပ်ခြင်းအလယ် နိုင်ငံခြားထွက်ရန် ကုန်ကျစရိတ် များကို အေဂျင်စီမှ စိုက်ရှင်းပေးထားသည်။ ထို့ကြောင့် မနှင်းအပါအဝင် သင်တန်းသူများ အလုပ်ရပါက ၎င်းတို့အလုပ်၏ ပထမခြောက်လစာကို ပြန်လည်ပေးရမည့် သဘောတူ စာချုပ်ဖြင့်ဖြစ်သည်။
သင်တန်းတက်နေရင်း စင်္ကာပူမှ မြန်မာအိမ်အကူရှာနေသည့် သူဌေးမိသားစုနှင့် တိုက်ရိုက် အင်တာဗျူး ရခဲ့ပြီးနောက် ပတ်စ်ပို့ လုပ်ရန်ထွက်လာခဲ့သည်။
စင်္ကာပူမှ တရုတ်လင်မယားဖြစ်ပြီး လသားအရွယ်ကလေးတစ်ဦးရှိကာ အိမ်အကူအလုပ်သာမက ထိုကလေးကိုပါကြည့်ရန် ဖြစ်သည်။
“ညီမကိုအင်တာဗျူးတော့ နို့စို့ကလေးကိုဘာကျွေးရလဲတို့ဘာတို့မေးတယ်၊ ကလေးချီနိုင်လား အဲ့လိုမေးခွန်းတွေ” ဟု၎င်းနှင့် စင်္ကာပူမှ တရုတ်လင်မယားတို့ အိမ်အကူနှင့် ကလေးထိန်း အလုပ်အတွက် အင်တာဗျူးကြသည့် အတွေ့အကြုံကိုဆိုသည်။
မနှင်းက ပထမဆုံးအလုပ်တွင် တစ်နှစ်ခန့် အနည်းဆုံးလုပ်ကိုင်နိုင်ရန် ရည်ရွယ်သည်။ ပထမအလုပ်တွင်ပင် လပိုင်းအနည်းငယ်ဖြင့်ထွက်ရပါက နောက်အလုပ်များရှာရခက်ရုံမက အလုပ်ရရှာခက်စေနိုင်သည့် မှတ်တမ်းဝင်သွားစေနိုင်သောကြောင့်လည်း ဖြစ်သည်။
၅ နှစ်ခန့်အလုပ်လုပ်ပြီးနောက် မြန်မာသို့ပြန်လာကာ ၎င်း၏အတွေ့အကြုံများကိုအသုံးချ၍ ဆွေမျိုး တစ်ဦးနှင့် အတူ အေဂျင်စီပြန်ထောင်ရန်မှာ မနှင်းအိမ်မက်ဖြစ်သည်။
နိုင်ငံရပ်ခြားတွင် ၅ နှစ်ထက်ပို သည်းခံမနေနိုင်လောက်ဟုလည်း မနှင်းကယူဆသည်။
ဇာတ်ကောင် - ၄
အာဏာသိမ်းပြီးနောက် လူငယ်များ၏ အနာဂါတ်လမ်းကြောင်းသည် ပြည်တွင်း၌ တိုးတက်ကြီးပွားရန် မမြင်ဟု ယူဆကြသူများတွင် အသက် ၂၅ ဝန်းကျင်အရွယ် မအေးမာ၏ဖခင်လည်းပါသည်။
ဂျပန်၊ မလေးရှား၊ ထိုင်း စသည့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသည့်ဆွေမျိုးများ ရှိသော်လည်း မအေးမာ၏ဖခင်သည် ၎င်း၏သမီးဖြစ်သူအား ထိုသူများမှ တစ်ယောက် မဖြစ်စေချင်ခဲ့ဟုမအေးမာက ဆိုသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလ၌မူ
“ အခုကအဖေကိုယ်တိုင်ကပြောတာ၊ နင်သွားတော့တဲ့။ သွားသင့်ပြီတဲ့လေ။ ဒီမှာဘာမှဖြစ်မှာ မဟုတ်ဘူးတဲ့” ဟု မအေးမာကဆိုသည်။
၎င်းကိုယ်တိုင်လည်း ယခင်က နိုင်ငံခြားတွင်အလုပ်လုပ်ခြင်းအား စိတ်မဝင်စားခဲ့သော်လည်း ယခုခေတ် အခြေအနေတွင်မူ နိုင်ငံခြားထွက်ရန်ဆန္ဒသည် ခေါင်းတထောင်ထောင်ပင်။ ထို့ကြောင့် အေဂျင်စီနှင့် ချိတ်ဆက်ကာ စင်္ကာပူတွင်အလုပ်သွားလုပ်တော့မည်ပင်။
နိုင်ငံရပ်ခြားထွက်လိုသည့် ယင်းတို့အားလုံး၏ ဆုံမှတ် သည် အောင်မင်္ဂလာအဝေးပြေး ကားဝင်း ဖြစ်နေသည်ဆိုပါက အံ့ဩစရာ ဖြစ်လိမ့်မည် မဟုတ်ပါ
ဆုံမှတ်
နိုင်ငံရပ်ခြားထွက်လိုသည့် ယင်းတို့အားလုံး၏ ဆုံမှတ်သည် အောင်မင်္ဂလာအဝေးပြေး ကားဝင်း ဖြစ်နေသည်ဆိုပါက အံ့ဩစရာ ဖြစ်လိမ့်မည်မဟုတ်ပါ။
ပတ်စပို့စ် ခေါ် နိုင်ငံကူးလက်မှတ် အတွက်ဖြစ်သည်။
မြဝတီမြို့သို့ သွားမည့်ယာဥ်လိုင်းသည် ခရီးသည်များကို ကားဝင်း၌ စောင့်ဆိုင်း နေသည်။
ကားတံခါးဖွင့်ပေးပြီးသော်လည်း ခရီးသည်အများစုမှာကားပေါ်မတက်ကြသေးဘဲ အောက်တွင် ဖုန်းပြောရင်း စကားပြောရင်း စောင့်နေကြသည်။ မနက် ၈ နာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့သည်။
လုပ်ရိုးလုပ်စဉ်အတိုင်း ယာဉ်လိုင်းဝန်ထမ်းတစ်ဦးက ခရီးသည်၏ ကားလက်မှတ်နှင့်ထိုင်ခုံ၊ ဖုန်းနံပါတ်၊ အမည်၊ မှတ်ပုံတင်အမှတ်တို့ကို တူမတူ ကိုက်စစ်နေသည်။ လမ်းတွင် စစ်ဆေးရေးများစွာရှိပြီး ၎င်းတို့ကို စာရွက် ပြရမည်ဖြစ်သည်။
ကောင်တာမှဝန်ထမ်းသည် ဆယ်ဦးစာ ငါးဦးစာ စသည်ဖြင့် ကြိုတင်ဘိုကင် ယူထားသည့် ထိုင်ခုံနေရာ စာရွက်ကိုကြည့်ရင်း ၎င်းရှေ့မှအမျိုးသားတစ်ဦးအား မှတ်ပုံတင်များပေးရန်ဆိုသည်။
ထိုအမျိုးသားသည် ၎င်းဘေးတွင်ရပ်နေသည့် အသက်နှစ်ဆယ်နှင့် သုံးဆယ်ဝန်းကျင် လူငယ်များထံမှ မှတ်ပုံတင် တောင်းကာ စုစည်း၍ ကောင်တာသို့ပေးသည်။
၎င်းသည် ခရီးသွားဧည့်လမ်းညွှန် သို့မဟုတ် Tour Leader တစ်ဦးမဟုတ်ပေ၊ နိုင်ငံကူးလက်မှတ် အကျိုးဆောင် အေးဂျင့် ခေါ် ပတ်စ်ပို့ပွဲစား တစ်ဦးသာ ဖြစ်ပါသည်။
“ကိုမင်းမင်းရဲ့ လူလား”
မြဝတီသွားမည့် အိတ်စပရက်ကားဘေးတွင် လူငယ်တစ်ဦးကဂိတ်သို့ဝင်လာသူများကို ဆီးကြို မေးသည်။
“ကိုမင်းမင်းရဲ့ လူဆို ဟိုဘက်မှာနော်”
စသည်ဖြင့် လူစုရမည့်နေရာကိုပြကာ ၎င်းတို့ထံမှတဆင့်ခံကာ ပတ်စ်ပို့ရရေး ဝန်ဆောင်မှု ယူထားသည့် ဖောက်သည် များကို ပွဲစားက ဝန်ဆောင်မှု ပေးနေသည်။
ထို မြဝတီ-ရန်ကုန် ကားနှင့်လိုက်ပါကာ ပတ်စ်ပို့လုပ်ပေးမည့် အေးဂျင့်သည် ကိုမင်းမင်းဆိုသူ တစ်ယောက်သာ မဟုတ်ပေ၊ အခြားသောအေးဂျင့်များလည်းရှိသေးသည်။
ကိုမင်းမင်းဆိုသည်မှာလည်း အမည်ရင်း သို့အမည်မှန်ဟုတ်မဟုတ် မသေချာပေ၊ ပတ်စ်ပို့ပွဲစားများ သည် အမည်ခွဲများသုံးတတ်ကြသေးသည်။ ကားပေါ်တွင် ပတ်စ်ပို့ပွဲစားများအပြင် ထိုင်းတွင် အလုပ်ရှာပေးသည့် အလုပ်ပွဲစား သို့မဟုတ် အေးဂျင့်များလည်းပါသည်။
ပတ်စ်ပို့ပွဲစား၊ ပြည်ပအလုပ်အကိုင်ရှာဖွေပေးသည့်အေဂျင်စီ တို့သည် လုပ်ငန်းမိတ်ဖက်များပင်။ အေဂျင်စီ များသည် ၎င်းအလုပ်သမားများအတွက် ပတ်စ်ပို့ပွဲစားများထံတွင် ပတ်စ်ပို့အပ်ကြသည်။ ယခုကာလတွင် ပတ်စ်ပို့ပွဲစားများအတွက် အေဂျင်စီများ၏ ပြည်ပထွက်မည့်လုပ်သားထုသည် ပတ်စ်ပို့အမြန်လမ်းကြောင်း ဝန်ဆောင်မှုပေးရသည့် အဓိကဖောက်သည်များပင်။
ခရီးသည်အများစုက ၎င်းတို့အားခေါ်ဆောင်သွားမည့် ပတ်စ်ပို့ ပွဲစားအေးဂျင့်များ သို့မဟုတ် အလုပ်သမား အေဂျင်စီ တာဝန်ရှိသူများ စသည် ချိတ်ဆက်လုပ်ကိုင်နေသည့် သူ၏ အနီးဝန်းကျင် တွင်ပင် ရပ်လျက် ရှိကြသေးသည်။
ချိတ်ဆက်ထားသည့် အေးဂျင့်ကတစ်ဦး မြဝတီသို့ ခေါ်ဆောင်သွားမည့်အေးဂျင့်ကတစ်ဦးဖြစ်သည့် အဖွဲ့လည်း ရှိသည်။
အချို့အဖွဲ့များသည် နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်ရန် ချိတ်ထားသည့်အေဂျင်စီတူသည့် သူများဖြစ်သည်။ လူငယ်အများစုမှာ နိုင်ငံရပ်ခြားတွင် အလုပ်အကိုင်အသစ်ရှာရန်အတွက် နိုင်ငံကူးလက်မှတ်လုပ်ကြရန် မြဝတီမြို့သို့ခရီးနှင်ခြင်းဖြစ်သည်။ အချို့မှာ မြဝတီမှတဆင့် တစ်ဖက် ထိုင်းနိုင်ငံသို့ ကူးကာအလုပ်ရှာရန် ဖြစ်သည်။
ရန်ကုန်ရှိ ပတ်စပို့စ်ရုံးများတွင် နှစ်ကုန်သည်အထိ အွန်လိုင်းဘွတ်ကင်များပြည့်နေခြင်းက ပွဲစားများက ဦးဆောင်ကာ နယ်မြို့ရှိ ရုံးများတွင် ရရှိနိုင်ရန် ချိတ်ဆက် ဆောင်ရွက် စေခြင်းဖြစ်လာခဲ့သည်။ ပတ်စပို့စ်ဈေးသည် ပွဲစားများ၏ ပါးစပ်ဖျားတွင်ရှိနေကာ ပတ်စပို့တစ်ခုလျှင် ကျပ် ၁၀ သိန်းဝန်းကျင်ရှိနေသည်။
ပွဲစားများမှတဆင့် နိုင်ငံကူးလက်မှတ်အမြန်ပြုလုပ်ပါက ရန်ကုန်နှင့် မန္တလေးတွင် ကျပ် ၁၀ သိန်းဝန်းကျင်၊ မြၒတီတွင် ကျပ် ၇ သိန်း ခန့်၊ တောင်ကြီးနှင့် မုံရွာမြို့များတွင် ပြုလုပ်ပါက ကျပ် ၄ သိန်း ဝန်းကျင်ရှိနေသည်။
ဤသို့ဖြင့် မြဝတီမြို့သည် နိုင်ငံခြားသို့ ထွက်ခွာ အလုပ်လုပ်မည့်လူငယ်များ၏ ဆုံမှတ်တစ်ခု ဖြစ်လာ သည်
ဤသို့ဖြင့် မြဝတီမြို့သည် နိုင်ငံခြားသို့ထွက်ခွာအလုပ်လုပ်မည့်လူငယ်များ၏ ဆုံမှတ်တစ်ခု ဖြစ်လာသည်။
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ရန်ကုန်မြဝတီယာဥ်လိုင်းများသည် မနက်နှစ်ကြိမ် ညတစ်ကြိမ်ခန့် ပြေးဆွဲသည်။ ထို့အပြင် လူလေးဦးမှခြောက်ဦးဆံ့သည့် ကားအသေးလေးများနှင့် နေ့စဥ်ပြေးဆွဲကြသည်လည်း ရှိသည်။
မနက် ၈ နာရီအချိန်တွင်ထွက်ခွာရမည့်ကားသည် မိနစ်အနည်းငယ် နောက်ကျနေပြီဖြစ်သည်။ ကားဂိတ်တွင် ပွဲစားအေးဂျင့်များ မိမိတို့နှင့်လိုက်ပါမည့်သူများကို ဖုန်းဆက်ရင်းအလုပ်ရှုပ်ပြီးနောက် မိမိအုပ်စုအလိုက် ကားပေါ်တက်နေရာယူကြသည်။
ဤသို့ တရားမဝင်နည်း တရားဝင်နည်း နှစ်မျိုးလုံးမျိုးဖြင့် နယ်စပ်ဒေသများသို့ အလုပ်ရှာဖွေ လုပ်ကိုင်ကြသည့် လူငယ်ဦးရေ မှာ ဆက်တိုက်မြင့်တက်လျက်ရှိသည်။
စစ်ကောင်စီက ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ဝင်ငွေ ၁၀ ရာခိုင်နှုန်းအား ဝင်ငွေခွန် စည်းကြပ်မည်ဟု အသစ်ပြင်ဆင်ထားသည့် အခွန်အကောက်ဥပဒေကို စက်တင်ဘာအတွင်း ပြဌာန်းခဲ့သည်။
ကြေညာချက်အရ ထိုအသစ်ပြင်ဆင်ထားသည့်ဥပဒေသည် ၂၀၂၃ အောက်တိုဘာ ၁ မှ မတ် ၃၁ အတွင်း အကျိုးသက်ရောက်မည်ဖြစ်သည်။
ယင်းတို့ ပြည်ပကို ထွက်အလုပ်လုပ်ခြင်းဖြင့် စစ်ကောင်စီကို ဆယ်ရာခိုင်နှုန်းပေးဆောင်ရမည်ကို မဟေမာတို့ သိကြပြီးဖြစ်သည်။ ထိုအချက်သည် သူတို့အတွက် များစွာအနှောက်အယှက် မဖြစ်စေပေ။ ပိုမိုကောင်းမွန်သော အနာဂါတ်အိမ်မက် ကိုဖန်တီးနိုင်မည့် မျှော်လင့်ချက် မရေရာတော့သည့် မြန်မာတွင် လူတန်းစားအလွှာအသီးသီးမှ လူငယ်လုပ်သားထု၏အင်အားသည် ဤအာဏာသိမ်းမှုတွင်လည်း ပြင်ပသို့ ယိုစီးဦးမည်ပင်။
Burma Associated Press