bap-logo
Urban Life

တပူပေါ်နှစ်ပူဆင့် ဘာသာရေးအရခွဲခြားခံနေရတဲ့ ရှမ်းတောင်ကစစ်ရှောင်များ

FHFlJxMVtUfoDlFOi4Nbj-image

လွန်ခဲ့သော ၆ လ က

BAP၊ မတ် ၁၉။

 

ကယန်းတိုင်းရင်းသူဖြစ်တဲ့ ရွယ်ရွယ်ဟာ လွိုင်ကော်မြို့ကနေ ဆီဆိုင်မြို့မှာ စစ်ရှောင်ရင်း ကယားရိုးရာ အစားအသောက်တွေ ချက်ပြုတ်ရောင်းချနေသူတဦးပါ။

 

ဆီဆိုင်မြို့ကိုပါ စစ်မီးကူးစက်လာပြီးနောက် စစ်ရှောင်ရတာသူ့အတွက် ခက်ခဲမူတွေ ပိုဖြစ်နေရပါတယ်။

 

ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ ရွယ်ရွယ်ဟာ သူ စစ်ရှောင်ရတဲ့နေရာတွေမှာ ဘာသာရေး ကန့်သတ်ထားတဲ့ အခြေနေတွေကြောင့် စိုးရိမ်သောကရောက်ခဲ့ရတာပါ။

 

"ဆိုက်ခေါင်ဖက်လဲနေမရ၊ ခုရောက်နေတဲ့နေရာဘက်မှာလဲ RC ကိုးကွယ်သူဆိုတော့ သိပ်လက်မခံချင်ဘူး၊ ဘုရား လည်း ရှိမခိုးရဘူး၊ ဒီလိုပဲကိုယ့်ဟာကို အိမ်မှာစု ရှိခိုးလိုက်ကြတာပါပဲ၊ ဒီဖက်က ပအိုဝ်းဗုဒ္ဓတွေ များတယ်လေ"လို့ ရွယ်ရွယ်က စိတ်ညစ်ညူးတဲ့လေသံနဲ့ ပြောပါတယ်။

 

ကရင်နီပြည်နယ်နဲ့ ဆီဆိုင်မြို့က ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ရွယ်ရွယ်တို့လို စစ်ဘေးရှောင်တွေဟာ ဘာသာရေးခွဲခြားခံရတဲ့ အခက်အခဲဒုက္ခတွေနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းပြည်သူ့စစ်တွေ ကြီးစိုးတဲ့နေရာတွေက ရွာတွေမှာ ဘာသာရေးကန့်သတ်ချက်တွေရှိနေတာကြောင့် ပါပဲ။

 

ပအိုဝ်းပြည်သူ့စစ်ကြီးစိုးတဲ့နေရာကို စစ်ဘေးရှောင်လာရသူတွေထဲမှာ ခရစ်ယာန် ဘာသာကိုးကွယ်သူတွေအပြင် ဆီဆိုင်မြို့အတွင်းက ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေဟာ အခက်အခဲများစွာရှိနေကြပါတယ်။

 

ကရင်နီပြည်နယ်ကနေ ဆီဆိုင်မြို့​ထံ စစ်ရှောင်လာသူ အချို့ဟာ တနှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့အပြင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက် စတင်ခဲ့တဲ့ တစ်လေးလုံး ( ၁ ၁ ၁ ၁ ) စစ်ဆင်ရေးနဲ့အတူ စစ်ဘေးရှောင်တွေ ထပ်ပြီးတိုးလာခဲ့ပါတယ်။

 

ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့  PNO ကတဖက်၊ PNLA မဟာ မိတ်တပ်တွေက ယခုနှစ် ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကရင်နီကစစ်ရှောင်တွေအပါဝင် ဆီဆိုင်မြို့ တမြို့လုံးနီးပါးရှောင်ပြေး နေရတာဖြစ်ပါတယ်။

 

တိုက်ပွဲဖြစ်စက အချို့ရွာတွေဆိုဘာသာခြားလက်မခံဘူး၊ ဝါးလုံးတွေနဲ့တားထားကြတာ ပအိုဝ်းအချင်းချင်းပဲ လက်ခံကြတာ

 

ကရင်နီပြည်နယ်ကနေ ဆီဆိုင်မြို့ထံ စစ်လာရှောင်ကြချိန်တုန်းကတော့ ဘာသာရေးခွဲခြားဆက်ဆံမူ မခံခဲ့ရဘူးလို့ စစ်ရှောင်လာသူတွေကဆိုပါတယ်။

 

ဆီဆိုင်မှာ တိုက်ပွဲတွေဖြစ်လာကြတော့ ကရင်နီစစ်ရှောင်တွေဟာ အခြားနေရာထပ်ပြောင်းရချိန် ခွဲခြားခံနေရလို့ စိတ်မကောင်းဖြစ်မိတယ်လို့ အရင်ကဆီဆိုင်မြို့မှာ စစ်ရှောင်တွေကို ကူညီပေးသူတွေက ပြောပါတယ်။

 

"တိုက်ပွဲဖြစ်စက အချို့ရွာတွေဆိုဘာသာခြားလက်မခံဘူး၊ ဝါးလုံးတွေနဲ့တားထားကြတာ ပအိုဝ်းအချင်းချင်းပဲ လက်ခံကြတာ" လို့ စစ်ဘေးရှောင် ကူညီပေးသူတဦးက ပြောပါတယ်။

 

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေဖြစ်လို့ ပြေးနေရချိန် မြို့နဲ့တဆက်တစပ်ထဲရှိနေတဲ့ ဆိုက်ခေါင်၊ ဘန်းယာဥ်၊ နောင်မွန်၊ နန်းခုတ်၊ ဟိုပုံးစတဲ့မြို့တွေမှာ ရှောင်ဖို့စိတ်ကူးကြပါတယ်။ အများစုကတော့ တောင်ကြီးမြို့ အနီးတဝိုက်က ကျေးရွာတွေနဲ့ ​ဘုန်းကြီးကျောင်းတွေဆီ ရှောင်ပြေးကြတာပါ။

 

စစ်ရှောင်တွေရှောင်ပြေးတဲ့ရွာတွေထဲမှာမှ ပအိုဝ်းပြည်သူ့စစ်တွေကြီးစိုးနေတဲ့ ဆိုက်ခေါင်ဆိုရင် သာသာခြား စစ်ရှောင်တွေကို နေထိုင်ဖို့လက်မခံသလို အနီးနားကလာရောက် အလုပ်လုပ်ကိုင်သူတွေကိုပါ မနေထိုင်ဖို့ ကန့်သတ်ထားပါတယ်။

 

အရင်က ဆီဆိုင်မြို့မှာ အစားအသောက် အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းရောင်းချသူတွေက ဘာသာပေါင်းစုံ နေလို့ရတဲ့ နောင်မွန်မြို့မှာနေထိုင်ပြီး ဆိုက်ခေါင်ကို မနက်သွား ညနေပြန်ရင်း နောင်မွန်၊ ဘန်းယာဥ် စတဲ့နေရာတွေကနေ ရောင်းချလုပ်ကိုင်ခဲ့ရပါတယ်။

 

သူတို့တွေဟာ ဆိုက်ခေါင်စျေးထဲမှာစျေးရောင်းတာ၊ ကုန်တင်ကုန်ချအလုပ်လုက်တာ၊ ကားဆွဲတာ၊ လက်သမား၊ ပန်းရံ စတဲ့အလုပ်တွေလုပ်ကိုင်နေကြရပါတယ်။

 

အဲဒီလိုနေထိုင်လုပ်ကိုင်ရင်း စားဝတ်နေရေးအတွက် အလုပ်အကိုင်အဆင်ပြေစရှိချိန် ဆိုက်ခေါင်မှာ​နေတဲ့ဒေသခံကလွှဲပြီး ပြင်ပကနေလာရောက်သူတွေကို ဈေးရောင်းချခွင့် ပိတ်ပင်လိုက်တာကြောင့် စစ်ရှောင်တွေ တပူပေါ်တပူဆင့်ခဲ့ရပါတယ်။

 

 

 

နောင်မွန်မြို့မှာစစ်ရှောင်နေရတဲ့ အစ္စလာမ်ဘာသာဝင်ကိုဇော်ဇော်က ဆိုက်ခေါင်စျေးမှာ စျေးရောင်းရာကနေ ပြင်ပလူ စျေးမရောင်းရတဲ့ကန့်သတ်ချက်ကြောင့် အခြားနေရာ ထပ်ရွှေ့ဖို့အဆင်မပြေမှာ တွေးပူနေရတယ်လို့ ပြောပါတယ်။

 

"ဘာသာခြားနေမရလို့ စျေးလေးသွားရောင်းတာလည်း မောင်းထုတ်ခံရတယ်၊ နောက်တနေရာမှာ သွားရောင်းဖို့ကလည်း ဘာသာခြားဖြစ်နေတော့ တနေရာကနေတနေရာမရွှေ့ရဲသေးဘူး၊ ရွာထဲ အဝင်မခံမှာစိုးလို့"လို့ ကိုဇော်ဇော်က ပြောပါတယ်။

 

စစ်ရှောင်တွေကို အခုလိုခွဲခြားဆက်ဆံနေကြတာကလည်း စစ်တပ်နဲ့ပူးပေါင်းနေတဲ့ပအိုဝ်းပြည်သူ့စစ်ကို ကြောက်ရလို့လက်မခံတာလို့ ကျေးရွာကော်မတီဝင်တဦးက ပြောပါတယ်။

 

"ဒေသနေထိုင်သူမဟုတ်တဲ့သူစျေးရောင်းချခွင့်မပေးတာကလည်း သူတို့ညွှန်ကြားလို့လုပ်ရတာပါ၊ ကျွန်တော် တို့က ဘာမှမတတ်နိုင်ပါဘူး"လို့​ပြောပါတယ်။

 

ကရင်နီပြည်နယ်ကနေ  ဆီဆိုင်မြို့ကိုစစ်ရှောင်လာသူတွေနဲ့ ဒေသခံတွေပေါင်းရင် ​စစ်ရှောင်ပြည်သူ ၉ သောင်း ဝန်းကျင်ရှိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့စားရင်းအရသိရပါတယ်။

 

နွေဦးတော်လှန်ရေးဘာသာပေါင်းစုံ ကွန်ရက်ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ စစ်အာဏာရှင် ရှိနေသမျှကာလပတ်လုံး လူမျိုးရေး၊ဘာသာရေးခွဲခြားဆက်ဆံမူတွေ ဆက်ရှိနေဦးမှာလို့ သုံးသပ်ပါတယ်။

 

"ဒါဟာလူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပဲ"လို့ သူကဝေဖန်ပါတယ်။

 

စစ်ရှောင်တွေဟာ ဘာသာရေးအရခွဲခြားဆက်ဆံခံရမူ၊ ဗုဒ္ဓဘာသာမဟုတ်သူတွေ နေလို့မရတဲ့နေရာတွေရှိလာတဲ့ အခြေနေတွေအပြင် တောင်ကြီးမြို့ကိုရှောင်ပြန်တော့လည်း စစ်ရှောင်စခန်းအားလုံးပြည့်နေတာတွေနဲ့ ကြုံရပြန်ပါတယ်။

 

တောင်ကြီးမြို့ရဲ့အိမ်ငှားခစျေးတွေကြောင့် ကရင်နီပြည် လွိုင်ကော်ကို အရဲစွန့်ပြန်နေဖို့ထိ စဥ်းစားနေကြသူတွေ ရှိနေပြီလို့ နောင်မွန်မြို့က ကယန်းတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်စစ်ရှောင်တွေက ပြောပါတယ်။

 

"လုပ်စားစရာကမရှိ၊ အိမ်ငှားဖို့ကလည်း မတတ်နိုင်၊ ဘာသာပေါင်းစုံလက်ခံတဲ့ရွာတွေက လယ်ကွင်းတွေထဲ တဲထိုးနေနေရတာ၊ မိုးတွင်းဆိုမလွယ်ဘူး၊ ဒါကြောင့် ကိုယ့်နေရာကို သေသေကြေကြေ ပြန်ဖို့ဆုံးဖြတ်ထားသူတွေရှိတယ် "လို့ စစ်ရှောင်တွေကို ကူညီပေးသူတဦးက ပြောပါတယ်။

 

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်လာပြီလို့ ဇန်နဝါရီကထုတ်တဲ့ Country of Particular Concern (CPC)စာရင်းမှာ ဖော်ပြထားပါတယ်။

 

အဲဒီ ၁၂ နိုင်ငံဟာ မြန်မာ၊ တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ နီကရာဂွာ၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဘီးယား၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန် စတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

 

တောင်ကြီးမြို့နယ်ထဲက ရွာတွေမှာတော့ ဘာသာမရွေးလက်ခံတာရှိလို့ တားမြစ်ပိတ်ပင်ခံခဲ့ရတဲ့ စစ်ရှောင်အချို့ အသက်ရူရှောင်လာကြတာလို့ စစ်ရှောင်ကူညီပေးသူအချို့ကပြောပါတယ်။

 

"ပအိုဝ်းရွာတချို့က ရွာသူကြီးတွေက လာတဲ့သူအားလုံးကိုနေစရာပေးတဲ့အပြင် ထင်းရှာတဲ့နေရာတွေကအစ လိုက်ပြပေးတာမျိုး အလှူခံပေးတာမျိုးလည်းရှိနေတာပဲ"လို့ စစ်ရှောင်ကူညီပေးသူတဦးက ပြောပါတယ်။

 

ဘာသာ​ရေး လူမျိုးရေးခွဲခြား ဆက်ဆံနေတာမျိုး မြန်မာနိုင်ငံမှာဘာသာခြားတွေနေထိုင်လို့မရတဲ့နေရာတွေနဲ့ အငြင်းပွားဖွယ်ရာဖြစ်စဥ်တွေပေါ်ပေါက်ခဲ့ဖူးတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က မှတ်ချက်ပြုကြ ပါတယ်။

 

လက်ရှိစစ်အုပ်စုဟာအခြေခံလူ့အခွင့်အရေး စံနူန်းအားလုံးကို ချိုးဖောက်နေတာလို့ဆိုပြီး ၂၁ ရာစုကမ္ဘာကြီးမှာ ဒါမျိုးတွေမရှိသင့်တော့ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

 

"ဒါတွေဟာချိုးဖောက်လို့မရတဲ့စံနူန်းတွေပဲဖြစ်တယ်၊ ဘာသာလူမျိုး၊ ယဥ်ကျေးမူအသားအရောင် ဘသာ စကား တွေဟာ မွေးရာပါရရှိလာတာဖြစ်တယ်၊ ခွဲခြားဆက်ဆံတာဟာဘယ်နည်းနဲ့မှလက်ခံလို့မရဘူး၊ ဒါဟာ ရာဇဝတ်မူ မကင်းတဲ့ ဆောင်ရွက်ချက်"လို့နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

 

ရွယ်ရွယ်တို့လို ကိုယ့်ဒေသကိုစွန့်ပြီးဆီဆိုင်မြို့မှာ စစ်ရှောင်လာတဲ့ ကရင်နီပြည်က ခရစ်ယာန်ဘာသာ ကိုးကွယ်သူအချို့ဟာ ပါလာသမျှပစ္စည်းရောင်းချပြီး  အခြေချနေထိုင်ဖို့ ဆိုင်ဖွင့်တာ၊ အချို့ကမြေနေရာ အပိုင်ဝယ်ပြီးနေထိုင်ဖို့ စီစဥ်နေတုန်းမှာပဲ နောက်တကြိမ်ထပ်ပြေးရတာပါ။

 

ဒီလိုထပ်ပြေးရတာကြောင့် နောက်ထပ်လုပ်ကိုင်စားစရာ အရင်းအနှီးလည်းမရှိ၊ အိမ်ထပ်ငှားပြီးနေလို့ကလည်း အဆင်မပြေတာကြောင့် ဘာသာရေးအရ မခွဲခြားပဲနေထိုင်ခွင့်ပေးဖို့တောင်းဆိုကြပါတယ်။

 

"တကယ်​ပြေးစရာမြေမရှိတောလို့ပါ၊ ကျမတို့​ကို နေခွင့်လေးပဲပေးပါ၊ အသက်လုပြီး ကလေး လက်ဆွဲပြေးလာရတော့ ဘာဆိုဘာမှမပါလာတော့ဘူး၊ လွိုင်ကော်ပြန်ဖို့ကြတော့လည်း ဘယ်လိုမှမရတော့လို့ပါ" လို့ ကယန်းတိုင်းရင်းသူရွယ်ရွယ်က ပြောပါတယ်။

 

ပုံစာ- ပြင်ပလူဈေးရောင်းချခွင့်ပိတ်ထားသည့် ပအိုဝ်းပြည်သူ့စစ်များကြီးစိုးရာ ဆိုက်ခေါင်ဒေသဈေး

Burma Associated Press

PNO
ဒုက္ခသည်
ဆိုက်ခေါင်
ဆီဆိုင်မြို့
ရှမ်းပြည်တောင်ပိုင်း

Share With
bap-logo