Urban Life
ဘာသာတရားအထက်မှာ လူတွေရှိနေတဲ့အရပ်
လွန်ခဲ့သော ၉ လ က
BAP၊ ဖေဖော်ဝါရီ ၂၁။
ဇာတိမြေမှာ အိမ်တစ်လုံးဆောက်မယ်ဆိုတဲ့ မနန်းရဲ့ အိပ်မက် ချိုးဖျက်ခံလိုက်ပါပြီ။
ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီမြို့နယ်ရဲ့ မှတ်ပုံတင်ကိုင်ထားတဲ့ ပအိုဝ်းတိုင်းရင်းသူ မနန်းဟာ စိတ်ကူးထဲက အိမ်အတွက် ပစ္စည်းတွေဝယ်စုရင်း ပျော်ရွှင်နေခဲ့သူပါ။
အိမ်ထောင်ကျစဥ် နေခဲ့တဲ့မြို့က အိမ်နဲ့ခြံကိုရောင်းပြီး ဇာတိမြေက မိဘတွေပိုင်တဲ့ မြေနေရာလေးမှာ အိမ်ပြန်ဆောက်ပြီးနေမယ်လို့ သူက စိတ်ကူးခဲ့တာပါ။
တကယ့်လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။
အဲဒီမှာ ဘာသာခြားတွေကို အိမ်ခြံမြေ ဝယ်ယူခွင့်မပြုသလို ဘာသာတူပြီး တိုင်းရင်းသားမဟုတ်သူတွေ ကိုလည်း ခွင့်မပြုထားပါဘူး။ ဒါ့အပြင် အိမ်ငှားနေထိုင်ခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားပါတယ်
လူမျိုးမတူသူနဲ့ ယူထားတယ်ဆိုတဲ့ ရပ်ရွာရဲ့စည်းကမ်းချက်ကြောင့်ပါ။
"ပြစ်မှုကျူးလွန်ထားတဲ့သူလည်း မဟုတ်ဘူး။ အိမ်ဆောက်ဖို့ ပစ္စည်းအကုန်ချပြီး တိုင်ထောင်ဖို့ပဲလိုတာ။ ရုံးကိုတိုင်ထားတယ်။ နင်တို့မနေရဘူး။ ခွင့်ပြုတဲ့အချိန်မှ နေလို့ရမယ်တဲ့ အုပ်ချုပ်ရေးမှူးက လာပြောတယ်"လို့ အိမ်ဆောက်ခွင့်မပေးဘဲ တားမြစ်ခံခဲ့ရတာကို မနန်းက ပြန်ပြောပြပါတယ်။
ဘာသာရေး၊ လူမျိုးရေးတွေ ခွဲခြားဆက်ဆံခံနေရတဲ့ဒေသဆိုပြီး နာမည်ထွက်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဆိုက်ခေါင်မြို့(စံပြရွာ) ဟာ သူ့ရဲ့ဇာတိပါ။
အဲဒီမှာ ဘာသာခြားတွေကို အိမ်ခြံမြေ ဝယ်ယူခွင့်မပြုသလို ဘာသာတူပြီး တိုင်းရင်းသားမဟုတ်သူတွေ ကိုလည်း ခွင့်မပြုထားပါဘူး။ ဒါ့အပြင် အိမ်ငှားနေထိုင်ခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားပါတယ်။
မနန်းရဲ့အမျိုးသားဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဂေါ်ရခါးနွယ်ဖွားဖြစ်တယ်ဆိုတဲ့ အကြောင်း ပြချက် အောက်မှာ အိမ်ဆောက်ခွင့် ပယ်ချခံရတာကြောင့် အနီးအနားက ဆီဆိုင်မြို့ပေါ်မှာ ပြောင်းရွှေ့နေထိုင် ရပါတယ်။
ဆိုက်ခေါင်ဟာ စံပြကျေးရွာဆိုတဲ့ အဆင့်သတ်မှတ်ချက်အောက်မှာရှိနေသေးတဲ့ ရွာကြီးတစ်ရွာပါ။ ရွာလို့ဆိုပေမယ့် ဆိုက်ခေါင်မှာ ဆေးရုံ၊ စာတိုက်၊ လျှပ်စစ်ရုံး၊ ပုဂ္ဂလိကဘဏ် စတဲ့ မြို့ပြအင်္ဂါရပ်တွေ အကုန်ရှိနေ ပါတယ်။
သူနဲ့ ၁၀ မိုင်မျှသာဝေးတဲ့ ဆီဆိုင်မြို့ထက်တောင် စည်ကားပါသေးတယ်။ တိုးတက်လာတဲ့ မြို့ပြ ငယ်လေးအဖြစ် လူတွေက လက်ခံထားကြပါတယ်။
"အချို့ရပ်ကွက်တွေဆို ဗမာတောင်အဝင်မခံဘူး၊ ပအိုဝ်းလူမျိုးပဲနေလို့ရတဲ့ ရပ်ကွက်လည်းရှိသေးတယ်။ ရပ်ရွာလူကြီးက ပြောတယ်။ နင်နဲ့ နင့်သားသမီးတွေ ညအိပ်လာနေလို့ရတယ်။ အမျိုးသားကတော့ မရဘူး"လို့ ဆိုက်ခေါင်ရဲ့ လူမျိုး၊ ဘာသာ ခွဲခြားတဲ့အခြေအနေကို မနန်းက ပြောပါတယ်။
ဆိုက်ခေါင်ရဲ့ မြို့နယ်ဖြစ်ပြီး တောင်ဘက်ဘေးနားလေးတင်ရှိတဲ့ ဆီဆိုင်မြို့မှာတော့ ဘာသာပေါင်းစုံရဲ့ ဘာသာရေးအဆောက်အဦးတွေရှိပါတယ်။
ဒါ့အပြင် အနီးနားမှာရှိပြီး သူ့ထက်လူဦးရေ နည်းပါးတဲ့ ဘန်းယဥ်၊ နောင်မွန် စတဲ့ရွာ တွေမှာလည်း အလားတူ ဘာသာရေးအဆောက်အဦး မျိုးစုံ ရှိနေပါတယ်။ အဲဒီရွာတွေမှာတော့ နိုင်ငံသားဖြစ်သူ မည်သူကိုမဆို အခြေချ နေထိုင်ခွင့် ပြုထားပါတယ်။
ဆိုက်ခေါင်လို လူမျိုး၊ ဘာသာ ခွဲခြားဆက်ဆံခံရမူတွေ၊ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်ခွင့် ဆုံးရှုံး တာတွေဟာ စစ်အာဏာရှင်ရှိနေသမျှ ဆက်ရှိနေမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သုံးသပ်ပါတယ်။
"စစ်အုပ်စုက ဒါကို လက်နက်သဖွယ် အသုံးချနေတာ"လို့ သူက မှတ်ချက်ပေးပါတယ်။
စစ်အုပ်စုနဲ့ သူတို့ရဲ့အပေါင်းအပါတွေဟာ အခြေခံလူ့အခွင့်အရေးတွေပေါ်မှာ လူမျိုးရေး၊ ဘာသာရေးကို အလွဲသုံးစားလုပ်နေတာဖြစ်တယ်လို့ ဦးထွန်းကြည်က သူ့အမြင်ကို ပြတ်ပြတ်သားသား ပြောပါတယ်။
လူမျိုး၊ ဘာသာခွဲခြားမှုရှိနေတဲ့ ဆိုက်ခေါင်မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂၄,၆၅၄ ဦးနေထိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဒေသမှာ တရုတ်၊ မွတ်စလင်၊ ဂေါရခါးစတဲ့ လူမျိုးတွေ နေထိုင်ခွင့်မရဘဲ ဗုဒ္ဓဘာသာဝင်တွေကိုသာ အခြေချနေထိုင်ခွင့် ပြုထားပါတယ်။
ဆိုက်ခေါင်မှာ ပအိုဝ်းလူမျိုးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PNO (ယခုလက်ရှိ ပြည်သူ့စစ်)နဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ သြဇာသက်ရောက်မှုဟာ ကြီးမားလှပါတယ်
ဒါကြောင့် ဆိုက်ခေါင်မှာ အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုဆုတောင်းရာ ဗလီမရှိ၊ ဟိန္ဓူဘာသာ ဝင်တို့အတွက် ဘုရားကျောင်းမရှိ၊ ပြီးတော့ တရုတ်ဘုံကျောင်းလည်းမရှိသလို ခရစ်ယာန် ဘုရားရှိခိုး ကျောင်းတွေလည်း ရှိမနေပါဘူး။
မူလကတည်းကနေထိုင်တဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သူအချို့ကတော့ မြို့ရဲ့အပြင်ဘက်မှာ အနည်းစု နေထိုင်ကြပါတယ်။ သူတို့တွေလည်း ဆိုက်ခေါင်မြို့(စံပြရွာ)ထဲ မြေနေရာ ဝယ်ယူနေထိုင်ခွင့် မရှိဘဲ တားမြစ်ခံထားရပါတယ်။
ဆိုက်ခေါင်မှာ ပအိုဝ်းလူမျိုးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PNO (ယခုလက်ရှိ ပြည်သူ့စစ်)နဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ သြဇာသက်ရောက်မှုဟာ ကြီးမားလှပါတယ်။ ဒါကြောင့်လည်း အစိုးရ အဆက်ဆက် အာဏာပိုင်တွေရဲ့ သြဇာသက်ရောက်မှု မရှိသလောက်ပါပဲ။
ဒီတော့ မနန်းတို့လို လူမျိုး၊ ဘာသာမတူသူတစ်ဦး မိသားစုဝင်ဖြစ်လာတာနဲ့ ဆိုင်ခေါင်မှာ အခြေချ နေထိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။
နိုင်ငံသားဖြစ်ပါလျက် အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေရသူတွေထဲ မစု(အမည်လွှဲ)ဟာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
သူဟာ ဒီဒေသရဲ့ မှတ်ပုံတင်ကိုင်ပြီး ဒီဒေသမှာပဲ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်လာသူ တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုက်ခေါင်မှာ နေထိုင်ဖို့ခွင့်မရလို့ ဆောက်လက်စတိုက်ကို ရပ်စဲထားလိုက်ရပါတယ်။
မစုဟာ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူဖြစ်နေပေမယ့် သေဆုံးသွားပြီဖြစ်တဲ့ သူ့အဖိုးဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဆောက်လက်စအိမ်ကို ဆက်မလုပ်ဖို့ တားမြစ်ခံရတာပါ။
သူဟာ ဆိုက်ခေါင်မှာ နေထိုင်ပြီး စီးပွားရေးလုပ်ကိုင်ဖို့ အိမ်နဲ့ ဆိုင်ခန်းဆောက်ပြီးချိန်မှာ ဘုန်းကြီးတွေက ကန့်ကွက်လို့ မစုအနေနဲ့ နေ့သွားညပြန် ပုံစံနဲ့ နေထိုင်လုပ်ကိုင်နေရတယ်လို့ မစုရဲ့သူငယ်ချင်းဖြစ်သူက ရှင်းပြပါတယ်။
"ဗုဒ္ဓဘာသာ ဗမာလူမျိုးတောင် ဒီဒေသမှာမြေဝယ်ရင် လူတိုင်း မရောင်းရဲကြဘူး။ ပအိုဝ်းဒေသ အကြီးအကဲ လက်မှတ်ပါမှ ရောင်းရဲတဲ့အနေထားထိ ဖြစ်နေတယ်။ ဘာသာရေးအရဖိနှိပ်ထားသလို လူမျိုးလည်း ခွဲခြားဆက်ဆံနေတဲ့ နေရာဖြစ်နေတာကြာပြီ"လို့ မစုရဲ့သူငယ်ချင်းက ရင်ဖွင့်ပါတယ်။
ဒီဒေသမှာ ပြည်တွင်းနဲ့ ဒေသဆိုင်ရာ စီးပွားရေးသမားတွေမှ မဟုတ်ပါဘူး။ အော်ရီဒူးလို နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေကိုပါ လူမျိုး၊ ဘာသာ မတူဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် တားမြစ်ခံထားရတာဖြစ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ အော်ရီဒူးဖုန်းလိုင်း မရှိပါဘူး။
အော်ရီဒူးက ဆက်သွယ်ရေးတာဝါတိုင်ဆောက်လုပ်ဖို့ သက်ဆိုင်ရာ မြေရှင်နဲ့ ဘုန်းတော်ကြီးတွေထံ လျော်ကြေးငွေ ပေးအပ်ပြီးဖြစ်ပေမယ့် တာဝါတိုင် ဆောက်လုပ်ခွင့်မခဲ့တာပါ။
"သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့။ အစိုးရအုပ်ချုပ်ရေးအဖွဲ့ အာဏာသက်ရောက်မှုမရှိဘူး။ တခုခုဖြစ်လို့ မြို့ထိ၊ ခရိုင်အထိ တရားစွဲရင်ဥပဒေအရသာ နိုင်ချင်နိုင်မယ်။ ဒေသတွင်းအဖွဲ့တွေကို ဘယ်သူမှ မကျော်နိုင်ဘူး။ ရပ်ရွာကလက်မခံဘူးဆိုတဲ့ အကြောင်းပြချက်အောက်မှာ လျော်ကြေးယူပြီး အမုန်းမခံတော့တာက ဒီဒေသက ဖြစ်ရိုးဖြစ်စဥ်လို ဖြစ်နေပြီ"လို့ ဆီဆိုင်မြို့အစိုးရရုံးတစ်ခုမှာ အလုပ်လုပ်နေသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဆိုက်ခေါင်ဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO(ယခုပြည်သူ့စစ်) ချုပ်ကိုင်ထားတဲ့ဒေသဖြစ်ပါတယ်။ ဒီဒေသရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဟာ ဘိန်းစိုက်တာ၊ သနပ်ဖက်လုပ်တာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒေသတွင်းက ကုန်စည်တွေကို တောင်ကြီး၊ အောင်ပန်း စတဲ့မြို့တွေဆီ ကူးသန်းရောင်းဝယ်ရေးလုပ်သလို တရုတ်နဲ့ ထိုင်းကို အများဆုံးတင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
ဒေသတစ်ခုလုံးကို ခြုံကြည့်ရင် ပအိုဝ်းလူမျိုးအများဆုံးနေထိုင်ကြတာကို တွေ့ရပါတယ်။ အလားတူ ရှမ်း၊ ဗမာအပါဝင် အခြားတိုင်းရင်းသားလူမျိုးအနည်းငယ် နေထိုင်ကြပြီး ကိုးကွယ်ယုံကြည်မှုအရ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ကြပါတယ်။
ဘာသာခြားတွေကို အခြေချနေထိုင်ခွင့်မပြုပေမယ့် ဆိုက်ခေါင်စျေးအတွင်းမှာတော့ မည်သည့် ဘာသာဝင်ကိုမဆို စျေးရောင်းချခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဘယ်အခြေအနေမျိုးမှာမဆို ပအိုဝ်း လူမျိုးတွေသာ ဦးစားပေးခံရတာမျိုးပါ။
"တစ်ခုခု ပြစ်မှုကျူးလွန်တာချင်းအတူတူ ပအိုဝ်းဆိုရင်တစ်မျိုး၊ အခြားသူတွေဆိုတစ်မျိုး ပအိုဝ်း အဖွဲ့အစည်းတွေရဲ့ ခွဲခြားဆက်ဆံတာခံရတယ်။ ဆိုင်ကယ်တိုက်မှုဖြစ်လို့ တိုက်ခံရတဲ့တဖက်လူက ပအိုဝ်းဆိုရင် ဘယ်လိုပြီးသွားမှန်းမသိဘူး ပျောက်သွားတယ်"လို့ ယာဥ်တိုက်မှုနဲ့ဥပမာပေးပြီး ခွဲခြားဆက်ဆံရတဲ့အကြောင်းကို ဆိုက်ခေါင်ဒေသခံ ဗမာလူမျိုးတစ်ဦးက ပြောပါတယ်။
ဒေသခံ သက်ကြီးရွယ်အိုတစ်ဦးဖြစ်တဲ့ အဖိုးလှ(အမည်လွှဲ)ကတော့ လူမျိုး၊ ဘာသာအရ ခွဲခြားထားပေမယ့် ဒီမြို့ဟာ စီးပွားရေးလုပ်ဖို့ ကောင်းမွန်တာကြောင့် လုပ်ငန်းရှင်တွေ စိတ်ဝင်စားမှု များတယ်လို့ သူ့အမြင်ကိုပြောပါတယ်။
"ရှေးကတည်းက ဘာသာရေးယုံကြည်မှုပြင်းထန်တဲ့နေရာဖြစ်လို့ ဘုန်းကြီးတွေ ပြောစကားက အတည်ပဲ၊ ဘာသာခြားလက်မခံတာကို ဒေသခံတွေကိုယ်တိုင် လက်ခံလို့သာ ခုလို ဖြစ်နေတာ”လို့ အဖိုးလှက ဆိုပါတယ်။ အမှန်ဆို "ပအိုဝ်းပြည်သူတွေက ရိုးအကြပါတယ်"လို့ သူ က ဆက်ပြောပါတယ်။
ဒေသခံတွေဟာ ရပ်ရွာအစည်းအဝးပွဲတွေ၊ မြို့နယ်အလိုက်ဗုဒ္ဓ ဘာသာပွဲတော်တွေ၊ ထောက်ခံပွဲတွေမှာ တစ်အိမ်တစ်ယောက် မဖြစ်မနေတက်ရတဲ့ ဓလေ့လည်း ရှိနေပါတယ်။
စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ကစီစဥ်တဲ့ စစ်တပ်ထောက်ခံပွဲတို့၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ထောက်ခံကြိုဆိုပွဲတွေမှာ ပအိုဝ်းတိုင်းရင်းသားတွေဟာ ဝတ်စုံပြည့်နဲ့ တက်ကြရပါတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စေခိုင်းချက်အမိန့်အတိုင်း လိုက်နာကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
"တစ်အိမ်တစ်ယောက် မဖြစ်မနေတက်ရတယ်။ ဘောလုံးပွဲကအစ အားပေးရတယ်။ မလိုက်နိုင်ဘူး ဆိုရင် လူစားနဲ့ ထည့်ပေးရတယ်။ ပအိုဝ်းပြည်သူ့စစ်ကို ကြောက်ရ တာလေ"လို့ ဆိုက်ခေါင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်
အဆိုးဆုံးကတော့ ဘာသာရေးအရ ခွဲခြားထားမှုပါပဲ။
ဒီကာလမှာ စစ်ဘေးရှောင်တွေ ဆိုက်ခေါင်ဘက် ရောက်လာတဲ့အခါ ဘာသာခြားဖြစ်ရင် လက်မခံပါဘူး။ သာဓကအနေနဲ့ လွိုင်ကော်ကနေ စစ်ရှောင် လာသူတွေထဲ အစ္စလာမ်ဘာသာဝင်တွေကို လက်မခံခဲ့ဘူးလို့ ဆိုက်ခေါင်စျေးထဲက အစ္စလာမ် ဘာသာဝင် စျေးသည်တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းက မြို့နယ်အချို့မှာ ဆိုက်ခေါင်ဒေသလိုပဲ ဘာသာခြားတွေ ခွဲခြားဆက်ဆံတဲ့မြို့တွေ အများအပြားရှိနေပါတယ်။
"ကုလားမနေရ (ဒေသအသုံးဖြစ်ပါတယ်) မြေနေရာမရောင်းရ" ဆိုတဲ့အမိန့်ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာပါ ရှိနေတာပါ။
အထူးသဖြင့် ပအိုဝ်းတွေနေတဲ့ရပ်ကွက်တွေမှာ ရှိနေတာယခုအချိန်ထိဖြစ်ပြီး ဒီအခြေအနေတွေ လျော့ပါးလာဖို့ မျှော်လင့်တယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီလို လူမျိုး၊ ဘာသာခွဲခြားမှုတွေရဲ့ မြစ်ဖျားခံရာဟာ ဗိုလ်ချုပ်နေဝင်းအစိုးရလက်ထက်မှာ စခဲ့တာလို့ ကိုရဲဟိန်းအောင်(သုတေ သီ-ဗမာ့ပြည်တွင်းစစ်ပြတိုက်)က ဆိုပါတယ်။
ဦးနေဝင်းလက်ထက် ဘာသာရေးလွတ်လပ်ခွင့်ကို တရားဝင်ပြဌာန်းခဲ့ပေမယ့် နိုင်ငံတော်ဘာသာနဲ့ လူမျိုးရေးခွဲခြားမှုတွေကတဆင့် နိုင်ငံတော်ကို ဗမာ-ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် ပုံဖော်ခဲ့တာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
ဒါ့အပြင် ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ်အထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလအတွင်းမှာလည်း ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပြီး ယခင်ထက်ပိုဆိုးလာတာကို တွေ့ရတယ်လို့ ကိုရဲဟိန်းအောင်က ဆိုပါတယ်။
"ရှိပြီးသားလူတွေကို မနေနိုင်အောင် ဖိနှိပ်တာ၊ မောင်းထုတ်တာတွေ အရှက်ခွဲတာတွေ ဒါမျိုးနည်းလမ်း အပြင်းအထန်ရှိခဲ့တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အစိုးရနှစ်ဆက်ကြားက အဆိုးဆုံးပဲ"လို့ သူက မှတ်ချက်ပေးပါတယ်။
ခုဆို ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်လာပြီလို့ ဇန်နဝါရီကထုတ်တဲ့ Country of Particular Concern (CPC)စာရင်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် ၁၂ နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါးချိုးဖောက်နေတဲ့ စိုးရိမ်စရာ အခြေအနေရှိတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားထားပါတယ်။
အဲဒီ ၁၂ နိုင်ငံဟာ မြန်မာ၊ တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ နီကရာဂွာ၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဘီးယား၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန် စတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။
ဖော်ပြပါနိုင်ငံ့အစိုးရတွေဟာ ဘာသာရေး လူနည်းစုတွေနဲ့ သူတို့ရဲ့ ဝတ်ပြုကိုးကွယ်ရာ နေရာတွေကို တိုက်ခိုက်တာ၊ လူနည်းစု အသိုက်အဝန်းကို အကြမ်းဖက်တိုက်ခိုက်တာနဲ့ ဘာသာဝင်တွေကို ထောင်ဒဏ်တွေ ချမှတ်တာတွေ ရပ်တန်းကရပ်ဖို့ အန်တိုနီဘလင်ကန်က တိုက်တွန်းထားပါတယ်။
"PNO/PNA ဟာ ဘာသာရေး အသုံးချပြီး ပအိုဝ်းပြည်သူတွေကို အနိုင်ကျင့်နေတာကြာပြီ။ စစ်ကောင်စီနဲ့ မထူးခြားဘူး"လို့ ဆိုက်ခေါင်မှာနေထိုင်တဲ့ ပအိုဝ်းတိုင်းရင်းသား လူငယ်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
ဒါကြောင့် ဒေသခံ လူငယ်အဖွဲ့အစည်းတွေက PNO/PNA ကို လက်မခံကြပါဘူး။ အဲဒီရဲ့ ပြရုပ်တစ်ခုအဖြစ် ပအိုဝ်းလူငယ် ၁၁ ဖွဲ့က ၂၀၂၃ ခုနှစ် မေလမှာထုတ်ပြန်တဲ့ သဘောထား ကြေညာချက်မှာ PNA ဟာ ပအိုဝ်းအမျိုးသားတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း အတိအလင်း ဖော်ပြခဲ့ပါတယ်။
ပညာရှင်တွေနဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးမြှင့်တင်သူတွေက ဘယ်သို့ပင် တိုက်တွန်း နေသော်လည်း ဒေသအာဏာပိုင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ သြဇာလွှမ်းမိုးနေသမျှ မနန်းတို့ ဆိုက်ခေါင်ဒေသလေးမှာ ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေဦးမှာပါ။ ဒါကြောင့် သူ့သားသမီးတွေ လက်ထက်ရောက်တဲ့အခါ ခွဲခြားဆက်ဆံခံရမှုတွေ ရှိမနေစေချင်တော့ဘူးလို့ မနန်းက ရင်ဖွင့်ပါတယ်။
"ခေတ်မကောင်းလို့ ငြိမ်နေရတာ။ အထက်ကိုတိုင်ရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးတွေ လက်ထဲပဲ ပြန်ရောက်လာတာ။ အခွင့်သာရင် ဒီနေရာ(ဆိုက်ခေါင်)မှာ ပြန်နေမှာ" လို့ သူက ပြတ်သားစွာ ဆိုလိုက်ပါတယ်။
Burma Associated Press