bap-logo
Urban Life

ခြောက်ခြား မြို့ပြ

mKwMOJTlTYcKCpWZ_5Fly-image

လွန်ခဲ့သော ၁၀ လ က

BAP၊ ဇန်နဝါရီ ၂၀။

 

နှစ်လနီးပါးဇာတိမြေနဲ့ ဝေးကွာခဲ့ရတဲ့ ကိုမိုင်းတစ်ယောက် သူနဲ့ဘဝတူတွေစုပြီး အန္တရာယ်ကြားကနေ သူတို့ နေထိုင်ခဲ့တဲ့ မြို့ကိုသွားဖို့ အရဲစွန့်ကြိုးပမ်းခဲ့ကြပါတယ်။ 

 

"ပစ္စည်းတွေ ပြန်ယူဖို့ထက် မြို့လေးကို အလွမ်းပြေ ပြန်ကြည့်တာပါ၊ တိုးတက်တာ ၅ နှစ်တောင် မကြာ သေးတဲ့ မြို့လေးက အောက်ခြေကနေ ရိုက်ဖြုတ်ခံလိုက်ရသလို​ပဲ၊ လုံးဝရုပ်ဆိုးသွားပြီ၊ မြို့နဲ့ မတူတော့ ဘူး၊ ဝထ္ထုတွေထဲကလို ခြောက်ခြားစရာမြို့လေး ဖြစ်သွားပြီ"လို့ သူက ပြောရင်း ငြိမ်သက် သွားပါတယ်။ 

 

လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တစ်နေရာမှာ စစ်ရှောင်နေရတဲ့သူဟာ ​မွေးဖွားနေထိုင်ခဲ့တဲ့မြို့ဖြစ်တဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့လေးကို သွားခဲ့ တာပါ။ 

 

ခြောက်ခြားစရာ မြို့ပျက်ကြီး၊ အရင်က မြို့ထဲဝင်ရင် လေကောင်း လေသန့်ရခဲ့တဲ့မြို့က ခုဆိုအပုပ်နံ့တွေလည်း ဟောင်နေပြီး အချို့ကအိမ်လည်း မရှိ မိသားစုလည်း မရှိတော့ဘူးလေ

 

လွိုင်ကော်မြို့ကို​ရောက်သွားတဲ့ ကိုမိုင်းတို့လူစုဟာ မီးလောင်ပြီး ပျက်စီးနေတဲ့ အိမ်တွေ၊ ဖောက်ထွင်း ခံရလို့ ပျက်စီးနေတဲ့အိမ်တွေ၊ လူမနေတော့လို့ ခြုံတွေထူပြီး အိမ်မမြင်ရတော့တဲ့ မြင်ကွင်းတွေ၊ သဂြိုလ်ခွင့်မရဘဲ ရှိနေတဲ့ လူသေအလောင်းတွေကို မြင်ရလိုက်တဲ့မြင်ကွင်းကြောင့် ရင်ကွဲပက်လက် ဖြစ်ခဲ့ရတယ်လို့ သူကပြောပြပါတယ်။ 

 

"ရင်နာစရာကြီး၊ တခါမှမဖြစ်ဖူးတဲ့ ခြောက်ခြားစရာ မြို့ပျက်ကြီး၊ အရင်က မြို့ထဲဝင်ရင် လေကောင်း လေသန့်ရခဲ့တဲ့မြို့က ခုဆိုအပုပ်နံ့တွေလည်း ဟောင်နေပြီး အချို့ကအိမ်လည်း မရှိ မိသားစုလည်း မရှိတော့ဘူးလေ"လို့ သူသွားရောက်ခဲ့တဲ့ ဇာတိမြေက မြို့လေးအကြောင်း ပြန်ပြောပြနေပါတယ်။ 

 

ကိုမိုင်းဟာ အသက် ၄၅ နှစ်ကျော်အရွယ်ရှိပြီး အရင်ကလွိုင်ကော်မြို့က စျေးကြီးတခုမှာ ကချင် ရိုးရာပစ္စည်းနဲ့ ပူတာအိုဒေသထွက် ဆေးမျိုးစုံအရောင်းဆိုင် ဖွင့်ထားသူပါ။ 

 

၁၁.၁၁ စစ်ဆင်ရေးစပြီးမကြာခင် မြို့ဆိုင်တွေ ပိတ်ထားခဲ့ပြီး သူ့မိသားစုအပါဝင် အယောက် ၃၀ ကျော်ဟာ အရေးကြီးစာရွက်စာတမ်းတွေသာယူပြီး ရှောင်ပြေးခဲ့ကြရတာပါ။ 

 

သူအပါဝင် လူဆယ်ယောက်လောက်ပါတဲ့ ကားဟာ တောလမ်းကနေ လွိုင်ကော်မြို့ထဲက သူတို့နေတဲ့ နေရာကို ခဲရာခဲဆစ် သွားကြည့်ခဲ့ကြတာပါ။ အဲဒီနေရာကို ရောက်တဲ့အခါမှာ သူတို့နေအိမ်တွေဟာ သူခိုးတွေဖောက်ထားလို့ အခွံပဲ ကျန်တော့တာ၊ မီးလောင်သွားလို့ အိမ်ပါပျောက်သွားတာရယ် စတဲ့အဖြစ်ပျက်တွေနဲ့သာ ရင်ဆိုင် ခဲ့ကြရတာပါ။ 

 

"​အသွားတုန်းက မျော်လင့်ချက်နဲ့သွားခဲ့ရတော့ မြို့မြင်ကွင်းကိုကြည့်ပြီး အချို့မိန်းမတွေဆို တစ်လမ်းလုံး ငိုလာခဲ့ကြတာ၊ ကျွန်တော်လည်း ငိုချင်ပေမယ့် သူတို့ကိုအားပေးရင်း မငိုဘဲကြိတ်ခံခဲ့ရတာ"လို့ ကိုမိုင်းက ပြောရင်း မျက်ရည်ကျမှာစိုးလို့ ခေါင်းမော့လိုက်ပါတယ်။ 

 

လွိုင်ကော်မြို့ဟာ စတုရန်းကီလိုမီတာ ၁,၅၀၀ ဝန်းကျင်သာရှိပြီး ရပ်ကွက် ၁၃ ခု၊ ကျေးရွာ အုပ်စု ၁၂ ခုနဲ့ ဖွဲ့စည်းထားကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နယ်အတွင်း လူဦးရေ တစ်သိန်းခန့် နေထိုင် ကြတာပါ။ 

 

မြို့နေလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ နယ်မြေတစ်ဆက်တည်းရှိတဲ့ ရှမ်းပြည်တောင်ပိုင်းကို အများဆုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ခိုလှုံနေကြရတာ​ပါ

 

ကရင်နီပြည်ကနေ စစ်ရှောင်လာသူတွေထဲမှာ အသက် ၅၀ ကျော်အရွယ် တရုတ်လူမျိုး ဦးပီး တစ်ယောက်လည်း ပါခဲ့ပါတယ်။ 

 

ပြောင်းလုပ်ငန်းလုပ်ကိုင်တဲ့ ဦးပီးဟာ မိသားစုဝင်တွေနဲ့အတူ အရေးကြီးစာရွက်စာတမ်းတွေသာ သယ်ယူ ခဲ့ရတာမို့ သူ့အိမ်အခြေနေကို သတိရတဲ့စိတ်နဲ့ ကိုမိုင်းတို့နဲ့အတူ လွိုင်ကော်မြို့ကို ခတ္တခဏ ပြန်ရောက် ခဲ့ပါတယ်။ 

 

"တချို့​လူတွေက အိမ်မရှိကြတော့ဘူး၊ မိသားစုတွေမရှိကြတော့ဘူးမြို့ကပျက်သွားပြီ၊ ရုပ်ဆိုးသွားပြီ၊ ပြန်ထူထောင်ဖို့ မလွယ်တော့ဘူး၊ မြို့ကိုပြန်ကြည့်ချင်လို့ကို သွားခဲ့ရတာ ရင်ကွဲနာကျခဲ့ရတယ်"လို့ ဦးပီးက ခပ်အေးအေး ပြောပြနေပါတယ်။ 

 

စစ်ရှောင်ပြေးခဲ့ရတဲ့သူတို့ဟာ သူတို့ချန်ထားခဲ့တဲ့မြို့လေးကို ပြန်မြင်ခဲ့ရတဲ့မြင်ကွင်းကို ရင်ဖွင့်ခဲ့ ကြပါတယ်။ 

 

တစ်ညလုံး ငုတ်တုတ်ထိုင်ခဲ့ရတယ်၊ မအိပ်ခဲ့ရဘူး၊ မြို့ထဲအပုပ်နံ့တွေရလို့၊ ပစ္စည်းတွေလည်း ဘာမှ သယ်ဖို့ မကျန်ဘူး၊ သူခိုး ခိုးလို့ကုန်ပြီ၊ လက်ဗလာနဲ့ ပြန်ခဲ့ကြရတာ

 

တချို့ရပ်ကွက်တွေမှာ လူရိပ်လူယောင်မမြင်ရဘဲ ပိုင်ရှင်မဲ့ခွေးတွေ သွားလာနေတာတွေ၊ မီးလောင်ပြီး ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ အပျက်အစီးတွေကို မြင်ခဲ့ရကြပါတယ်။ 

 

စျေးတွေရှိတဲ့နေရာကို ​ဝင်ရောက်ခွင့်မပြုတဲ့အပြင် တောလမ်းတလျှောက် စစ်တပ်ကိုရော၊ တော်လှန်ရေး အဖွဲ့တွေကိုရော ရှောင်ပြီးမောင်းခဲ့ရလို့ ၂ နာရီအကြာ မောင်းရမယ့်ခရီးဟာ ၁၀ နာရီကျော်ကြာ မောင်းခဲ့ရ တယ်လို့ ပြောပြပါတယ်။ 

 

"တစ်ညလုံး ငုတ်တုတ်ထိုင်ခဲ့ရတယ်၊ မအိပ်ခဲ့ရဘူး၊ မြို့ထဲအပုပ်နံ့တွေရလို့၊ ပစ္စည်းတွေလည်း ဘာမှ သယ်ဖို့ မကျန်ဘူး၊ သူခိုး ခိုးလို့ကုန်ပြီ၊ လက်ဗလာနဲ့ ပြန်ခဲ့ကြရတာ"လို့ ဦးပီးက လေသံ ခပ်တိုးတိုးနဲ့ ပြောပါတယ်။ 

 

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့ တိုက်ခိုက်မှု နှစ်လ ကျော် ကြာလာချိန်မှာ မြို့ဧရိယာ နယ်မြေအများစုကို ဆက်လက်ထိန်းချုပ်ထားပါတယ်။ 

 

လွိုင်ကော်မြို့တွင်းက အထပ်မြင့်အဆောက်အအုံ နေရာတွေမှာ စစ်တပ်က နေရာယူထားပြီး မြို့ထဲ ဝင်လာသူမှန်သမျှ ပစ်ခတ်နေတာကြောင့် ဘယ်သူမှမသွားရဲကြပါဘူး။ 

 

လွိုင်ကော်မြို့နယ်ထဲမှာ ကျန်ရစ်ခဲ့သူတွေလည်း ရိက္ခာ ပြတ်လုအခြေအနေနဲ့ ရင်ဆိုင်နေကြရပြီး မြို့ကို ထွက်ဖို့ ကားတွေလည်း မရှိကြတော့ဘူးလို့ ပြောပါတယ်။ 

 

"ပရဟိတကြိုတဲ့ကားတွေလည်း ပေးမဝင်တော့ သူတို့ပြန်ချင်ပေမယ့် ပြန်မရကြဘူး၊ ကျွန်တော်တို့ ကားကြုံနဲ့ ခေါ်ခဲ့တော့လည်း ဒီဘက်ရောက်ရင် နေစရာရော၊ အလုပ်ရော မရှိကြတော့ ရပ်တည်ဖို့ ခက်တယ်လေ၊ ဒီတိုင်းပဲ ဆက်နေနေကြရတာ"လို့ ကိုမိုင်းက ပြောပါတယ်။ 

 

လွိုင်ကော်ဒေသခံအများစုဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မှာ အများဆုံး မှီခို နေထိုင် နေကြရပြီး ရရာအလုပ် လုပ်ကိုင်ပြီး နေနေရပါတယ်။ 

 

အများစုဟာ နေစရာ၊ စားစရာအခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရလို့ ဇာတိမြေကို ပြန်လည် နေထိုင် ဖို့ မျှော်လင့်နေကြပါသေးတယ်။ 

 

ဆီဆိုင်မြို့နယ်မှာ စစ်ရှောင်ဦးရေ ၃ သောင်းကျော် ရှိနေပြီး အများစုဟာ နေထိုင်အလုပ်လုပ်ဖို့ ခက်ခဲနေ တာ​ကြောင့် သူတို့နေထိုင်ရာနေရာကိုသာ ပြန်လည်အခြေချနေထိုင်ဖို့ မျော်လင့်နေကြတယ် လို့ ရင်ဖွင့်ကြပါတယ်။ 

 

"စစ်ရှောင်လာရတော့ ဘာမှမပါလာဘူး၊ ကျောင်းနဲ့ဝေးတော့ ကလေးတွေ ကျောင်းမနေရဘူး၊ ရရာအလုပ် လုပ်လည်း အဆင်မပြေလို့ ပြန်ဖို့ကြိုးစားမယ်ဘယ်လိုအခြေနေဖြစ်ဖြစ် ပြန်မှာ"လို့ ဆီဆိုင်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ 

 

စစ်ရှောင်လာသူတွေထဲက အများစုဟာဆွေမျိုးမရှိလို့ စစ်ရှောင်စခန်းတွေမှာ အမိုးအကာ မလုံလောက် တာ၊ အိမ်သာခက်ခဲလာတာ၊ အလုပ်အကိုင်မရှိလို့ စားစရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ 

 

ဆီဆိုင်မြို့က စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်နေရတဲ့ အသက် ၃၀ ၀န်းကျင် ကလေး ၃ ဦး မိခင် မမြင့်မြင့်သန်း တစ်ယောက် ကိုယ်ဝန်အရင့်အမာကြီးနဲ့ စစ်ပြေးလာခဲ့ရပါတယ်။ 

 

အိမ်ကမီးလောင်၊ ဘာမှမကျန်တော့ဘူးတဲ့၊ ကလေးကလည်း မွေးရမယ်၊ လုပ်ကျွေးသူမရှိ၊ အလှူရှင်တွေကို မျှော်နေရတယ်၊ သေလိုက်ရမလားတောင် စဥ်းစားမိတယ်

 

ဆီဆိုင်မြို့ကျေးရွာတစ်ခုက စစ်ရှောင်စခန်းတစ်ခုမှာ နေရာမလုံလောက်တော့လို့ စစ်ရှောင်တွေ အတွက် ထားပေးတဲ့ ယာယီအဆောက်အဦးရဲ့ လူသွားလမ်းနေရာမှာ နေနေရပါတယ်

 

မြို့မှာကျန်ခဲ့တဲ့ သူ့ရဲ့အမျိုးသားဟာ စစ်တပ်ကသူခိုးဆိုပြီး သတ်ဖြတ်တာခံခဲ့ရလို့ လူမမယ်ကလေး တွေနဲ့ အလုပ်မလုပ်နိုင်လို့ ခက်ခဲနေတယ်လို့ သူကပြောပါတယ်။ 

 

"ဟိုမှာလည်း အိမ်ကမီးလောင်၊ ဘာမှမကျန်တော့ဘူးတဲ့၊ ကလေးကလည်း မွေးရမယ်၊ လုပ်ကျွေးသူမရှိ၊ အလှူရှင်တွေကို မျှော်နေရတယ်၊ သေလိုက်ရမလားတောင် စဥ်းစားမိတယ်"လို့ သူကပြောပြပါတယ်။ 

 

ဆီဆိုင်မြို့ခံအများအပြားကလည်း စစ်ရှောင်တွေကို ကူညီစောင့်ရှောက်ကြပေမယ့် စစ်ရှောင်ဦးရေ အဆမတန် များပြားနေတဲ့အတွက် ကူညီဖို့ အလျှင်မမှီကြဘူး ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူအချို့က ပြောပါတယ်။ 

 

"မြို့မှာလည်း နေရာတိုင်းပြည့်နေတော့ အချို့မြို့ရောက်ပြီးမှ နေစရာမရှိတော့လို့ လှည့်ပြန်သူတွေ ရှိနေတယ်၊ လှူတဲ့သူတွေလည်း လက်ပန်းကျလာတော့ ကျမတို့လည်း အလှူခံပေးရတာ မျက်နှာ ပူလှပြီ"လို့ စစ်ရှောင် ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ 

 

လွိုင်ကော်မြို့က စစ်ရှောင်လာတဲ့ အခြေခံလူတန်းစားတွေကတော့ ဆီဆိုင်မြို့မှာ အခြေခံအလုပ်တွေ ဖြစ်တဲ့ ကုန်တင်ကုန်ချအလုပ်၊ ပန်းရန်နေ့စားအလုပ်၊ ဆေးသုတ်အလုပ်၊ အမျိုးသမီးတွေဆိုရင် အဝတ် လျှော်၊ စားသောက်ဆိုင်တွေမှာ ပန်းကန်ဆေး၊ အိမ်ဖော်စတဲ့အလုပ် လုပ်ရင်း နေနေကြရ တာပါ။ 

 

KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက မြို့သိမ်းတိုက်ပွဲတွေဟာ ပျက်စီးနစ်နာမှု များနိုင်တာကို သိပေမယ့် အာဏာရှင် စနစ် အမြစ်မတွယ်ဖို့ စစ်ဆင်ရေးကို ချမှတ်တာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်း နေထိုင်ကြဖို့ စစ်ဆင်ရေးစတင်ချိန် နိုဝင်ဘာလက တိုက်တွန်းထားပါတယ်။ 

  

ကိုမိုင်းတယောက်လည်း သူနေထိုင်ရာ လွိုင်ကော်မြို့ကို သွားရောက်ကြည့်ခွင့်ရတဲ့အချိန် မြင်ရတဲ့ မြင်ကွင်းကြောင့် ပြန်လည်နေထိုင်ဖို့ အဆင်မပြေသေးဘူးလို့ဆိုပြီး မြို့ထဲပြန်မယ့်သူတွေ မပြန်ကြ သေးဖို့ သူက တိုက်တွန်းထားပါတယ်။ 

 

သူကတော့ သူ့မြို့လေးကို နောက်တခေါက်ပြန်ကြည့်ချင်သေးပြီး၊ အချိန်တစ်ခုရောက်ရင် ပြန်လည် အခြေချနေထိုင်ဖို့ ဆန္ဒရှိနေပါသေးတယ်။ 

 

"အသွားတုန်းကတော့ ငါ့ပစ္စည်းလေးတွေရှိဦးမှာပေါ့ဆိုပြီး သွားတာ၊ ဟိုလည်း ရောက်သွားရော မှန်းထားတာနဲ့ ရေနဲ့ဆီလို ကွာနေတာလေ၊ တော်ရုံတန်ရုံ နှလုံးရောဂါရှိတဲ့သူတွေ မပြန်သေးတာ အကောင်းဆုံးပဲ တအားခံစားရမှာ"လို့ သူက ပြောလိုက်ပါတယ်။ 

 

ပုံစာ - မီးလောင်ပြာကျနေသည့် လွိုင်ကော်ဈေး ( ဓာတ်ပုံ - လူမှုကွန်ရက် )

 

Burma Associated Press

အရပ်သား
ဒုက္ခသည်
အာဏာသိမ်းစစ်အုပ်စု
ကယား(ကရင်နီ)
လွိုင်ကော်
ကရင်နီအမျိုးသားကာကွယ်ရေးတပ်

Share With
bap-logo