bap-logo
Politics

Melania Trump က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဦးဆောင်မည်ဟု အိမ်ဖြူတော်ပြော

c-qNADEwxcd4NyEXqz-V9-image

လွန်ခဲ့သော ၅ ရက် က

 

BAP ဘာသာပြန်။

 

သမ္မတကတော်သည် လာမည့်လတွင် နယူးယောက်မြို့၌ ကျင်းပမည့် ‘ပဋိပက္ခများအတွင်း ကလေး သူငယ်များ၊ နည်းပညာနှင့် ပညာရေး’ ဆိုင်ရာ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လစဉ်အလှည့်ကျ သဘာပတိတာဝန်ကို စတင်ယူမည့် တနင်္လာနေ့တွင် Melania Trump သည် လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုကို ဦးဆောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။

 

CNN သတင်းဌာနက ဦးစွာကိုးကားဖော်ပြခဲ့သည့် ထုတ်ပြန်ချက်အရ သမ္မတကတော်သည် နယူးယောက် မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပမည့် အစည်းအဝေး၌ သည်းခံနိုင်စွမ်းရှိလာစေရန် ပျိုးထောင် ပေးခြင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ပေးခြင်းတို့အတွက် ပညာရေးကို ကိရိယာတစ်ခုအဖြစ် အသုံးချရန် အဓိကထား တင်ပြသွားမည်ဖြစ်သည်။

 

ပဋိပက္ခများအတွင်းမှ ကလေးသူငယ်များ၊ နည်းပညာနှင့် ပညာရေး’ ဟု အမည်ပေးထားသည့် အဆိုပါအစည်းအဝေးသည် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီတွင် လက်ရှိတာဝန် ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦး၏ ဇနီးက ပထမဆုံးအကြိမ် သဘာပတိအဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု၏ နောက်ဆုံးသက်တမ်း သဘာပတိတာဝန်ယူမှုကို စတင်ဖွင့်လှစ်သည့် ပထမဆုံးအစည်းအဝေးလည်း ဖြစ်သည်။

 

အိမ်ဖြူတော်ကအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပညာရေး၊ နည်းပညာ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတို့ကို ထည့်သွင်းစဉ်းစားနေကြချိန်မှာ မစ္စစ်ထရမ့်ရဲ့ ဦးဆောင်မှုဟာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အမေရိကန် သမ္မတကတော်တစ်ဦးက လုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ် သဘာပတိအဖြစ် ဆောင်ရွက်ခြင်း ဖြစ်လာပါလိမ့်မယ်” ဟု ပြောသည်။

 

မတ်လ ၂ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mike Waltz၊ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်များနှင့် အခြားနိုင်ငံတကာမှ တက်ရောက်လာသူများ ပါဝင်မည်ဟု မျှော်လင့်ရသည်။

 

Waltz က လူမှုကွန်ရက်ပေါ်တွင်လုံခြုံရေးကောင်စီရဲ့ အမေရိကန် သဘာပတိသက်တမ်းကို Flotus (အမေရိကန်သမ္မတ၏ ဇနီး) က စတင်ဖွင့်လှစ်ပေးမှာဖြစ်လို့ ကျွန်တော်တို့ အလွန်ပဲ စိတ်လှုပ်ရှား မိပါတယ်” ဟု ပြောခဲ့သည်။

 

Melania Trumpသည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ရုရှားဘက်က ခေါ်ဆောင်သွားသည်ဟု ဆိုသော ကလေးသူငယ်များကို ပြန်လည်ခေါ်ယူနိုင်ရေး ကြိုးပမ်းမှုများ အပေါ်တွင်လည်း အလေးထား ဆောင်ရွက်ခဲ့သည်။ ရုရှားတို့ ဖမ်းဆီးသွားသည့် ယူကရိန်းကလေးငယ် အချို့မှာ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ဆုံတွေ့ခွင့်ရပြီဖြစ်ကြောင်း သူမက အောက်တိုဘာလတွင် ကြေညာခဲ့ပြီး ၎င်းမှာ သူမ၏ခင်ပွန်း ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်စဉ်အတွင်း သူမ ထောက်ခံ အားပေးခဲ့သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။

 

ပုံမှန်အားဖြင့် လုံခြုံရေးကောင်စီ အစည်းအဝေးများကို နိုင်ငံတစ်နိုင်ငံ၏ ကုလသမဂ္ဂသံအမတ်ကြီး သို့မဟုတ် အစိုးရအဖွဲ့ အရာရှိကြီးက သဘာပတိအဖြစ် ဆောင်ရွက်လေ့ရှိသည်။ Eleanor Roosevelt ကဲ့သို့သော ယခင် သမ္မတကတော်ဟောင်းများသည် ကုလသမဂ္ဂအတွင်း သြဇာညောင်းသည့် ရာထူးနေရာ များကို ရယူခဲ့ကြသော်လည်း (ရုစဗဲ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို မူကြမ်းရေးဆွဲရာတွင် ကူညီခဲ့သည်။) မည်သူမျှ သမ္မတကတော်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လုံခြုံရေးကောင်စီ အစည်းအဝေး၌ သဘာပတိအဖြစ် မဆောင်ရွက်ခဲ့ဖူးပေ။

 

ယခုခြေလှမ်းသည် ဒေါ်နယ်ထရမ့်၏ ကုလသမဂ္ဂအပေါ် ရန်လိုသော ချဉ်းကပ်မှုများအကြားတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

၎င်းက ထိုအဖွဲ့အစည်းကိုထိရောက်မှုမရှိ” ဟု မကြာခဏ တံဆိပ်ကပ်လေ့ရှိပြီး အလုံးစုံပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သလို၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ရာသီဥတုအကျပ်အတည်းကို ဖြေရှင်းရန် အခြေခံကျသော နိုင်ငံတကာသဘောတူညီချက်ဖြစ်သည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) အပါအဝင် ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီအချို့မှလည်း အမေရိကန်ကို နှုတ်ထွက်စေခဲ့သည်။

 

ထို့အပြင် ထရမ့်အစိုးရသည် ပါလက်စတိုင်းဒုက္ခသည်များနှင့် အလုပ်လုပ်နေသော ကုလသမဂ္ဂအဖွဲ့ အစည်းများအတွက် ရန်ပုံငွေများကိုလည်း “လုံးဝ ချို့ယွင်းချက်ရှိနေသည့် လုပ်ငန်းစဉ်” ဟု ခေါ်ဆိုကာ ဖြတ်တောက်ခဲ့သည်။

 

ပြီးခဲ့သည့်အပတ်က ထရမ့်သည် ၎င်း၏ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (board of peace) ၏ အဖွင့်အစည်း အဝေးကို ပြုလုပ်ခဲ့ပြီး ၎င်းကို ကုလသမဂ္ဂအတွက် သမ္မတက အစားထိုးရန် ကြိုးပမ်းချက်အဖြစ် အများက ရှုမြင်နေကြသည်။ နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန် ရည်ရွယ်သည်ဟု ၎င်းက ဆိုထားသည့် အဆိုပါအစီအစဉ်သည် ကုလသမဂ္ဂကို အစားထိုးသွားမည်ကို စိုးရိမ်နေကြသော ကမ္ဘာ့ခေါင်းဆောင်များ စွာကို တွန့်ဆုတ်သွားစေခဲ့သည်။

 

ကိုးကား - The Guardian

ပုံစာ - ယခုလအစောပိုင်းက မြောက်ကာရိုလိုင်းနားပြည်နယ်၊ Fort Bragg ရှိ စစ်ရေးအခမ်းအနားတစ်ခုတွင် တွေ့ရသည့် သမ္မတကတော် Melania TrumpPhoto - Mandel Ngan/AFP/Getty Images

Burma Associated Press

 

 

ဒေါ်နယ်ထရန့်
Melania Trump
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ယူကရိန်း

Share With
bap-logo