Politics
အမေရိကန်နှင့် အစ္စရေးတို့ စနေနေ့တွင် အီရန်နိုင်ငံကို တိုက်ခိုက်မှု စတင်
လွန်ခဲ့သော ၃ ရက် က
BAP ဘာသာပြန်။
အမေရိကန်နှင့် အစ္စရေးတို့သည် စနေနေ့တွင် အီရန်နိုင်ငံကို တိုက်ခိုက်မှုတစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သမ္မတထရမ့်က တီဟီရန်၏ ဒုံးကျည်များ၊ နျူကလီးယားအစီအစဉ်များနှင့် ရေတပ်တို့ကို ပစ်မှတ်ထားသည့် ‘အဓိကကျသော ကြီးကျယ်သည့်’ စစ်ဆင်ရေးကို ကြေညာခဲ့ပြီး၊ အီရန်ပြည်သူများအနေဖြင့် အာဏာကို သိမ်းပိုက်ကြရန် တိုက်တွန်းခဲ့သည်။
သမ္မတထရမ့်က အီရန်အစိုးရအပေါ် အဓိက တိုက်ခိုက်ရေးစစ်ဆင်ရေးများ ဆင်နွှဲနေကြောင်း အတည်ပြုခဲ့ပြီး၊ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန်ပြည်သူများအနေဖြင့် “ခင်ဗျားတို့ရဲ့ အစိုးရကို လွှဲပြောင်းရယူကြပါ။” ဟု တိုက်တွန်းခဲ့သည်။
“ခင်ဗျားတို့ရဲ့ လွတ်လပ်မှု အချိန်အခါဟာ ရောက်ရှိနေပြီလို့ ဒီညမှာ ကျွန်တော် ပြောပါရစေ။” ဟု ထရမ့်က Truth Social တွင် တင်ခဲ့သည့် ဗီဒီယိုတစ်ခု၌ ပြောကြားခဲ့သည်။ စစ်ဆင်ရေးသည် အီရန်၏ ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်များအပြင် ရေတပ်ကိုပါ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမေရိကန်ပြည်သူများအနေဖြင့် “နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ဘယ်တော့မှ ခံရမှာမဟုတ်ဘူး။” ဆိုသည်ကို သေချာစေရန်မှာ ယခုတိုက်ခိုက်မှုများ၏ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကမူ ၎င်းတို့သည် အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အပြင်းအထန် တိုက်ခိုက်မှုများကို ရက်ပေါင်းများစွာ ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားကြောင်း ဤကိစ္စနှင့် နီးစပ်သူများက ပြောကြားခဲ့သည်။ ယခုပူးတွဲစစ်ဆင်ရေးသည် ကမ္ဘာ့စီးပွားရေးအရ အထိခိုက်မခံဆုံး ဒေသတစ်ခုတွင် ပိုမိုကျယ်ပြန့်သော ဒေသတွင်းပဋိပက္ခတစ်ခု ဖြစ်လာစေရန် စိုးရိမ်ရသည်။
ဇန်နဝါရီလအစောပိုင်းတွင် အီရန်အစိုးရကို တုန်လှုပ်စေခဲ့သည့် ဆန္ဒပြသူများကို ကူညီမည်ဟု ထရမ့်၏ ကတိကဝတ်ပြုပြီးနောက်၊ တစ်လကြာ အမေရိကန်စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရန် ပျက်ကွက်ပါက စစ်ရေးအရ အရေးယူမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း သမ္မတက ထပ်ခါတလဲလဲ သတိပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စုက အကြီးအကျယ် ထိုးစစ်ဆင်မှု စတင်ပြီဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားစဉ်အတွင်း တီဟီရန်မြို့တွင် ပေါက်ကွဲသံများ ဟိန်းထွက်နေခဲ့သည်။ အီရန်ကို တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည့် အစ္စရေးနိုင်ငံတွင်လည်း လေကြောင်းရန်သတိပေး ဥသြသံများ မြည်ဟီးနေခဲ့သည်။
သမ္မတထရမ့်က အမေရိကန်သည် အီရန်နိုင်ငံအပေါ် အဓိက တိုက်ခိုက်မှုတစ်ခု စတင်လိုက်ပြီဖြစ်ကြောင်း စနေနေ့တွင် ကြေညာခဲ့ပြီး၊ အီရန်၏ စစ်အင်အားကို ဖျက်ဆီးရန်၊ နျူကလီးယားအစီအစဉ်ကို အမြစ်ဖြတ်ရန်နှင့် အစိုးရအပြောင်းအလဲဖြစ်အောင် လုပ်ဆောင်ရန် ကတိပြုခဲ့သည်။
အီရန်မြို့တော် တီဟီရန်တွင် အကြီးအကျယ် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး၊ သမ္မတနန်းတော်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့ တည်ရှိရာ ရပ်ကွက်မှ မီးခိုးများ တက်လာသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်သည့် ယခုတိုက်ခိုက်မှုအပေါ် ပြန်လည်တုံ့ပြန်မှုများ မည်မျှအထိ ပြင်းထန်လာနိုင်သည်ကို တစ်ဒေသလုံးက စိုးရိမ်ထိတ်လန့်နေကြသည်။ အီရန်က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားစဉ် ကောင်းကင်ယံ၌ ပေါက်ကွဲသံကြီးများ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်စစ်စခန်းများရှိရာ ဘာရိန်းနိုင်ငံတွင် လေကြောင်းရန်သတိပေး ဥသြသံများ မြည်ဟီးခဲ့ပြီး၊ ဂျော်ဒန်၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ အမေရိကန်သံရုံးများက ဝန်ထမ်းအားလုံးကို ဘေးကင်းရာ၌ ခိုလှုံကြရန် ညွှန်ကြားခဲ့သလို အဆိုပါနိုင်ငံများရှိ အမေရိကန်နိုင်ငံသားအားလုံးကိုလည်း ထိုသို့လုပ်ဆောင်ရန် အကြံပြုခဲ့သည်။
အမေရိကန်ဦးဆောင်သော ယခုစစ်ဆင်ရေး၏ နယ်ပယ်မှာ ယမန်နှစ်က ထရမ့် ကြီးကြပ်ခဲ့သည့် အီရန်နျူကလီးယားအစီအစဉ်အပေါ် တိုက်ခိုက်မှုထက် ပိုမိုကျယ်ပြန့်သည်။ ယခုအကြိမ်တွင် မစ္စတာထရမ့်က “သူတို့ရဲ့ ဒုံးကျည်လုပ်ငန်းကို မြေလှန်ပစ်မယ်” နှင့် “သူတို့ရဲ့ ရေတပ်ကို အကုန်ဖျက်ဆီးပစ်မယ်” ဟု ကတိပြုခဲ့ပြီး၊ အီရန်သည် စစ်ပွဲကို ရှောင်လွှဲနိုင်မည့် အမေရိကန်နှင့် သဘောတူညီချက်ရယူရန် ငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။
ထို့နောက် ၎င်းက အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုများ ပြီးဆုံးချိန်တွင် အစိုးရကို ဖြုတ်ချရန် အီရန်ပြည်သူများကို တိုက်တွန်းခဲ့သည်။ “ဒါဟာ ခင်ဗျားတို့ ရယူရမယ့် အခွင့်အရေးပါ။” ဟု ၎င်းက ဆိုသည်။ “ဒါဟာ ခင်ဗျားတို့ မျိုးဆက်ပေါင်းများစွာအတွင်းမှာ ရရှိမယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်ပါတယ်။” ဟု ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းတလွှားရှိ စစ်စခန်းများနှင့် လေယာဉ်တင်သင်္ဘောများမှ တိုက်ခိုက်ရေးလေယာဉ်များဖြင့် အမေရိကန်၏ တိုက်ခိုက်မှုပေါင်းများစွာကို ပြုလုပ်နေကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိတွင် အမေရိကန်၏ တိုက်ခိုက်မှုများသည် အီရန်ရှိ စစ်ရေးပစ်မှတ်များကိုသာ အဓိကထားကြောင်း အမျိုးသားလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးရန် အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တိုက်ခိုက်မှုများသည် အီရန်၏ အလုပ်ရက် ပထမဆုံးနေ့ဖြစ်သော စနေနေ့ နံနက်ပိုင်းတွင် စတင်ခဲ့ပြီး၊ ထိုအချိန်၌ လူသန်းပေါင်းများစွာမှာ အလုပ်ခွင်နှင့် ကျောင်းများတွင် ရှိနေကြသည်။ အီရန်၏ အခြားမြို့ကြီးများဖြစ်သော အစ္စဖာဟန် (Isfahan) နှင့် ကာရက်ဂျ် (Karaj) တို့တွင်လည်း ပေါက်ကွဲသံများ ကြားရကြောင်း အစိုးရ တစိတ်တပိုင်း ပိုင်ဆိုင်သည့် သတင်းဌာန Fars က ဖော်ပြခဲ့သည်။
အီရန်ခေါင်းဆောင်ပိုင်းက အမေရိကန်၏ တောင်းဆိုချက်များကို သဘောမတူပါက တိုက်ခိုက်မည်ဟု ထရမ့်က အပတ်စဉ် ခြိမ်းခြောက်နေခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာရာမှ ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမေရိကန်နှင့် အီရန်အရာရှိများသည် တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ကြားဝင်စေ့စပ်ပေးသည့် ဆွေးနွေးပွဲများကို ကြာသပတေးနေ့တွင် နောက်ဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သော်လည်း မည်သည့်သဘောတူညီချက်မျှ မရရှိဘဲ ပြီးဆုံးခဲ့ရာမှ ယခုတိုက်ခိုက်မှုအတွက် လမ်းပွင့်သွားခဲ့ပုံရသည်။
• တီဟီရန်ရှိ ပရမ်းပတာအခြေအနေ - တီဟီရန်ဒေသခံ Ali Zeinalipoor က အနီးနားရှိ Pasteur လမ်းမှ မီးခိုးလုံးကြီးများ အူတက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော့်သမီးကို ကျောင်းကနေ သွားခေါ်ဖို့ အပြေးအလွှားသွားခဲ့ရတယ်၊ ကျောင်းသူလေးတွေဟာ လှေကားအောက်မှာ ပုန်းပြီး ငိုနေကြတယ်။” ဟု ၎င်းက ဆိုသည်။
• အကျပ်အတည်း - အီရန်နှင့် နောက်ဆုံးဖြစ်ပွားသည့် တင်းမာမှုများသည် ဇန်နဝါရီလအစောပိုင်းတွင် ထိုနေရာရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ကူညီမည်ဟု မစ္စတာထရမ့်က ကတိပြုခဲ့ရာမှ စတင်ခဲ့သည်။ အီရန်အစိုးရသည် အဆိုပါဆန္ဒပြမှုများကို သွေးထွက်သံယို နှိမ်နင်းခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ မစ္စတာထရမ့်သည် ထိုအချိန်မှစ၍ အီရန်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် နိုင်ငံအတွင်း မတည်ငြိမ်မှုများကို အသုံးချ၍ သံတမန်နည်းလမ်းအရ ဖြေရှင်းချက်ရယူရန် ကြိုးပမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
• ထရမ့်၏ ဗီဒီယို - မစ္စတာထရမ့်သည် အဖြူရောင် USA ဦးထုပ်ကို ဆောင်းကာ စင်မြင့်နောက်ကွယ်တွင် ရပ်လျက် ရှစ်မိနစ်ကြာ ဗီဒီယို၌ ပြောကြားရာတွင် အမေရိကန်၏ ရည်ရွယ်ချက်မှာ “အီရန်အစိုးရဆီက လာမယ့် ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပြီး အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်တယ်။” ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ “အီရန်ရဲ့ ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေဟာ အမေရိကန်ပြည်ထောင်စု၊ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ပြည်ပစစ်စခန်းတွေနဲ့ ကမ္ဘာတလွှားက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို တိုက်ရိုက်အန္တရာယ်ပေးနေတယ်။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
• ယမန်နှစ်က တိုက်ခိုက်မှုများ - အမေရိကန်သည် အစ္စရေးနှင့် အီရန်အကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ပြီးခဲ့သည့် ဇွန်လက အီရန်၏ နျူကလီးယားအဆောက်အအုံများကို ဗုံးကြဲခဲ့သည်။ ထိုစဉ်က မစ္စတာထရမ့်က အီရန်နျူကလီးယားအစီအစဉ်ကို “အမြစ်ပြတ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ။” ဟု ကနဦးတွင် ပြောကြားခဲ့သော်လည်း၊ နောက်ပိုင်းတွင် အဆိုပါကြိုးပမ်းမှုမှာ အားနည်းသွားအောင်သာ လုပ်ဆောင်နိုင်ခဲ့ပြီး လုံးဝဥဿုံ ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။
• အစ္စရေးက လက်တုံ့ပြန်ရန် ပြင်ဆင်နေခြင်း - အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ၎င်း၏နိုင်ငံ၏ တိုက်ခိုက်မှုများကို ထုတ်ပြန်ချက်တစ်ခုတွင် ကြေညာခဲ့ပြီး နိုင်ငံအား အရေးပေါ်အခြေအနေအောက်တွင် ထားရှိမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ အီရန်၏ လက်တုံ့ပြန်မှုကို ကြိုတင်မျှော်လင့်ထားသဖြင့် အစ္စရေးအစိုးရက ကျောင်းများ၊ လုပ်ငန်းခွင်များနှင့် နိုင်ငံတကာ လေကြောင်းပိုင်နက်တို့ကို ချက်ချင်းပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။
ကိုးကား - CNN၊ WSJ
ပုံစာ - စနေနေ့က တီဟီရန်မြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် မီးခိုးများ အူတက်လာစဉ်။ ဓာတ်ပုံ - Majid Asgaripour/Wana News Agency/Reuters။