Politics
ပထမ ၁၂ နာရီအတွင်း ရဲရင့်နွေဦးကွန်ဒို အခန်းအားလုံး၏ ၉၆ ရာခိုင်နှုန်း ရောင်းချနိုင်ခဲ့
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၂၂
နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် စစ်ကောင်စီပိုင်မြေများရောင်းချမှုပရောဂျက်၏ ရဲရင့်နွေဦး (ကမ္ဘာအေး) ကွန်ဒိုခန်းများ ရောင်းချမှုတွင် စတင်ရောင်းချခဲ့သည့် ၁၂ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၀.၀၉ မီလီယံဖိုး ရောင်းချနိုင်ခဲ့ကြောင်း ရောင်းချရေးပရောဂျက်ကိုဦးဆောင်လုပ်ကိုင်နေသည့် End of Dictatorship က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ Spring Valour Condominium Apartments (ရဲရင့်နွေဦး) ကွန်ဒိုတိုက်ခန်းများကို ဇန်နဝါရီ လ၂၁ ရက် ည ၁၀ နာရီတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ကာ အခန်းအားလုံး၏ ၉၆ ရာခိုင်နှုန်း ရောင်းချနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
NUG အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က "ရဲရင့်နွေဦးကွန်ဒို၊ 1-Bedroom အခန်း ၁၀၀ လည်း ရောင်းကုန် သွားပါပြီ၊ စုစုပေါင်းအခန်း ၇၇၀ ရှိတာမှာ တနာရီအတွင်း အခန်း ၇၀၀ နီးပါး ဝယ်ယူအားပေးကြတဲ့ တော်လှန်ပြည်သူ တယောက်ချင်း၊ တဦးချင်းကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်" ဟု ကွန်ဒိုရောင်းချနိုင်မှုနှင့် ပတ်သက်ပြီး ၎င်း၏ ဆိုရှယ် မီဒီယာထက်တွင် ရေးသားဂုဏ်ပြုထားသည်ကို တွေ့ရသည်။
အဆိုပါ ရဲရင့်နွေဦး (ကမ္ဘာအေး) မြေနေရာသည်အချက်အခြာကျသည့်မြေနေရာတစ်ခုဖြစ်သည်။
ကွန်ဒိုအခန်းများတွင် Studio၊ အိပ်ခန်း ၁ခန်း၊ ၂ ခန်း၊ ၃ ခန်း စသည်ဖြင့် အခန်းအမျိုးအစား ၄မျိုး ပါဝင်ကြောင်း၊ တော်လှန်ရေးကာလအလွန်တွင် စီးပွါးရေးအဆင့်မြင့်အဆောက်အဦးများ၊ Hotels၊ Business Centres စသည်များကို ဆက်စပ်ဖေါ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း EOD က ထုတ်ပြန်အသိပေးထားသည်။
အဆိုပါအခန်းများကိုဝယ်ယူသူများ၏ ငွေပေးချေမှုစနစ်မှာ တော်လှန်ရေးကာလ ပထမအကြိမ် ငွေပေးချေမှု၏ ၄၀ ရာခိုင်နှုန်း ကို ၃လအတွင်း ၃ကြိမ် အရစ်ကျခွဲသွင်းနိုင်မည်ဖြစ်ကာ၊ နောက်ဆုံး ပေးသွင်းရမည့် ရက်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက် ဖြစ်သည်။
ထို့အပြင် ပေးသွင်းရန်ကျန်ရှိမည့် ၆၀ ရာခိုင်နှုန်း ကို တော်လှန်ရေးလွန်ကာလတွင် ပြည်တွင်းပြည်ပဘဏ်များနှင့် ချိတ်ဆက်ကာ ၅ နှစ်၊ ၁၀ နှစ်၊ ၂၀ နှစ် စသည်ဖြင့် အတိုးနှုန်းသက်သာစွာ အရစ်ကျပေးသွင်းနိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အထပ်နှင့် အခန်းနံပါတ်များကို သတ်မှတ်ထားခြင်း မရှိသေးကြောင်း EOD က ထုတ်ပြန်အသိပေးထားသည်။
အခန်းရွေးချယ်မှုတွင် တော်လှန်ရေးလွန်ကာလစီမံကိန်း ပြင်ဆင်ချိန် အထပ်နှင့်အခန်းကို အတည်ပြု ချထားပေးမည်ဖြစ်ပြီး၊ Early Bird တွင်ပါဝင်သူများသည် အထပ်နှင့်အခန်း ရွေးချယ်ခွင့်ရရှိမည်ဖြစ်ကာ၊ ကျန်သည့်ဝယ်ယူသူများအနေဖြင့် အထပ်နှင့်အခန်းကို မဲစနစ်ဖြင့် ရွေးချယ်ကာ ပေးအပ်သွားမည် ဖြစ်ကြောင်း EOD က အသိပေးထုတ်ပြန်ထားသည်။
Photo- EOD